ဆရာမကို သေနတ်နဲ့ပစ်သတ်တဲ့ တပ်ဖွဲ့ဝင်ကို TNLA တရားရေးဌာနက စီရင်မယ်လို့ ပြော

အများ ပြည်သူရှေ့မှောက်မှာ စီရင်ဆုံးဖြတ်မယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, U Ba Nyan

ဓာတ်ပုံ ပုံစာ, အများ ပြည်သူရှေ့မှောက်မှာ စီရင်ဆုံးဖြတ်မယ်လို့ဆို
ရေးသားခဲ့သည်။

ကွတ်ခိုင်မြို့နယ်ထဲမှာ တာဝန်ကျနေတဲ့ မူလတန်းပြ ဆရာမတစ်ဦးကို တအာင်း၊ပလောင် ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး TNLA တပ်ဖွဲ့ဝင် တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ အဲဒီတပ်ဖွဲ့ဝင်ကို TNLA က ဖမ်းဆီးထားပြီး မကြာခင်မှာ တရားစီရင် သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

တအာင်း၊ ပလောင်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး TNLA က တပ်ဖွဲ့ဝင် မိုင်းဖိုးစိန်ဟာ ဇန်နဝါရီ ၂၄ ရက် ည နေ ၇ နာရီခွဲလောက်မှာ ကွတ်ခိုင်မြို့နယ် အင်မိန်းဟိုကျန့် ကျေးရွာအုပ်စု ဟွေခုတ်ရွာမှာ တာဝန်ကျနေတဲ့ မူလတန်းပြ ကျောင်းဆရာမ လွေးမြမွှေးအောင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်ဆိုပြီး သူ့ကို ဖမ်းဆီးထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ TNLA ရဲ့ တရားရေးဌာနက ပြည်သူရှေ့မှောက်မှာ စီရင်ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

TNLA ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အတွက် TNLA က ဖွဲ့စည်းထားတဲ့ တရားရေးဌာနကပဲ ဒီအမှုကို စီရင်မှာဖြစ်တယ်လို့ မိုင်းအိုက်ကျော်က ပြောပါတယ်။

"ဒီဟာကတော့ လူသတ်မှုမြောက်တယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဆီမှာ ထောင်ပဲချနိုင်တယ်။ တောတွင်းလွတ်မြောက်နယ်မြေတစ်ခုခုမှာ ထောင်ရှိတယ်" လို့ မိုင်းအိုက်ကျော်က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုသူ မိုင်းဖိုးစိန်ကို ကွတ်ခိုင်ရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, U Ba Nyan

ဓာတ်ပုံ ပုံစာ, သေနတ်နဲ့ ပစ်ခတ်ခဲ့သူကို ကွတ်ခိုင်ရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေပြော

ဆရာမ လွေးမြမွှေးအောင်ဟာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ကျေးရွာဇာတိဖြစ်ပြီး ဟွေခုတ်ကျေးရွာမှာ တာဝန်ကျနေသူဖြစ်ပါတယ်။

ဆရာမကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုသူ မိုင်းဖိုးစိန်ကို ကွတ်ခိုင်ရဲစခန်းမှာ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မတည်ငြိမ်တဲ့ နယ်မြေမှာ အမျိုးသမီးတွေဟာ မကြာခဏဆိုသလို တောင်ယာသွား စဉ်၊ ဟင်းရွက်ခူးစဉ်တို့မှာ တားမြစ် စစ်ဆေးမေးမြန်းတာတွေ ခံရပြီး အခုလို သေနတ်နဲ့ ပစ်သတ်တဲ့ အထိ အဖြစ်မျိုးတော့ မကြုံဖူးခဲ့ဖူးဘူးလို့ တအာင်းအမျိုးသမီးအဖွဲ့က တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ လွေးပိုးကမေဲ့ခြိုင်း က ဘီဘီစီကိုပြောပါတယ်။

အခုလို လက်နက်ကိုင်ပြီး ပစ်ခတ်တဲ့ မှုခင်းတွေဖြစ်လာတာဟာ အမျိုးသမီးတွေအတွက် မလုံခြုံမှုကို ပိုခံစားလာရတယ်လို့ လွေးပိုးကမေဲ့ခြိုင်းက ပြောပါတယ်။

အခုလို အဖြစ်အပျက်ဟာ ပုဂ္ဂိုလ်ရေးအရ ဖြစ်ပေမယ့် TNLA တပ်သားတစ်ယောက်က ကျူးလွန်ခဲ့တာ ဖြစ်တာကြောင့် အမျိုးသမီးတွေကို လက်နက်အားကိုးနဲ့ လုပ်တာမျိူးကို ခေါင်းဆောင်တွေအနေနဲ့ တင်းတင်းကြပ်ကြပ် ကန့်သတ်သင့်တယ်လို့ လွေးပိုးကမေဲ့ခြိုင်းက ပြောပါတယ်။