တအာင်းလက်နက်ကိုင်အဖွဲ့ ဖမ်းသွားသူရဲ့ အလောင်းပြန်ရဖို့ မိသားစုက ငွေပေးရတယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, ပန်းဆေးပြန်ကြားရေး လူငယ်အဖွဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အောင်မေတ္တာရပ်က အမျိုးသားတစ်ယောက် ဧပြီလမှာ သူ့နေအိမ်ကနေ TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်က လာရောက် ဖမ်းဆီးသွားတာကို ခံခဲ့ရပြီး အောက်တိုဘာလ ၃၀ ရက် ညပိုင်းမှာတော့ TNLA က ပြန်လည်ပေးပို့လာတဲ့ သူ့အလောင်းကိုသာ မိသားစုက ပြန်ရခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး TNLA တအာင်း/ပလောင်အဖွဲ့ကို မေးမြန်းဖို့ ဘီဘီစီက အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းတွေ ပိတ်ထားတာ ကြုံခဲ့ရပါတယ်။
အဲဒီလို ဖမ်းဆီးခံရတဲ့ ဦးလောက်လူ မသေဆုံးမီ ရက်ပိုင်းက သူ့ဇနီးနဲ့ ဖုန်းအဆက်အသွယ်ရခဲ့ပြီး သူ့ကို ငွေပေး ရွေးထုတ်ပေးဖို့အတွက် ဇနီးဖြစ်သူကို ငိုယို အကူအညီ တောင်းခဲ့ကြောင်း၊ သူ အလုပ်ကြမ်းတွေ အခိုင်းခံ နေရကြောင်း၊ နေရ စားရတာလည်း ဆင်းရဲလွန်းတဲ့အတွက် သူသေမှာကို စိုးရိမ်ရကြောင်း ပြောပြခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ခိုလုံလီရှော တိုင်းရင်းသား လူငယ်အဖွဲ့ဝင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
TNLA က သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းတဲ့ငွေက ကျပ်သိန်း ၇၀၀ ဖြစ်ပြီး မိသားစုက လုံးဝ မတတ်နိုင်လို့ နောက်ဆုံး ကြားလူကတဆင့် စျေးဆစ်ကြရာမှာ သိန်း ၂၆၀ ပေးဖို့ TNLA က ပြောကြားခဲ့ကြောင်းနဲ့ မိသားစုက နောက်ဆုံးတော့ အိမ်ကို ရောင်းချ၊ တခြားက ချေးငှားပြီး သူ ပြန်လွတ်မြောက်လာရေးအတွက် ငွေပေးဖို့ ကြိုးစားနေစဉ်မှာပဲ သူ သေသွားပြီ ဆိုတဲ့ အကြောင်းကို သိခဲ့ရကြောင်း အဲဒီ တိုင်းရင်းသား လူငယ်အဖွဲ့ဝင်က ပြန်ပြောပြပါတယ်။
ပလောင်လူမျိုး တစ်ဦး ဖြစ်တဲ့ ဦးလောက်လူ ကို ဧပြီလအတွင်းက ဖမ်းဆီးသွားစဉ်မှာ TNLA ဘက်က ဘာအကြောင်းပြချက်မှ ပေးမသွားကြောင်းနဲ့ မိသားစုကတော့ သူတို့အိမ်မှာ အိမ်ငှားတင်ထားတဲ့သူက TNLA နဲ့ အဆက်အသွယ် ရှိပြီး အိမ်ရှင်အိမ်ငှားကိစ္စ အဆင်မပြေ ကြရာကနေ ဒီပြဿနာဖြစ်ရတယ်လို့ ထင်ကြောင်း အထက်ပါ ခိုလုံလီရှော တိုင်းရင်းသား လူငယ်အဖွဲ့ဝင်က ဆိုပါတယ်။
ဖမ်းတဲ့နေ့ကလည်း TNLA လက်နက်ကိုင်အဖွဲ့က အဲဒီ မိသားစုထံကနေ ကျပ်ငွေ ၉ သိန်း၊ အိမ် ဂရန်စာချုပ်၊ မိုဘိုင်းဖုန်း စတာတွေကိုလည်း ယူသွားတယ်လို့ သိရပါတယ်။
ကြားကာလတွေမှာလည်း သူပြန်လည် လွတ်မြောက်လာဖို့ တောင်းဆိုချက်တွေကို TNLA လက်နက်ကိုင်အဖွဲ့က လျှစ်လျူရှုခဲ့တယ်လို့ ဆိုပါတယ်။
အခုအလောင်းပြန်ရဖို့အတွက် ကြားလူကတဆင့် ညှိနှိုင်းယူခဲ့ရပြီး "ပိုက်ဆံ ၇ သိန်းပေးပြီး ဒီအလောင်းကို ထုတ်ခဲ့ရတာ" လို့ သူက ပြောပါတယ်။
"အလောင်းမှာ ဒဏ်ရာတွေ၊ ရိုက်ထားတာတွေ ရှိတယ်၊ လူက အရင်ပိန်ပိန်လေးကနေ ခုတကိုယ်လုံး ဖောရောင်နေတယ်"လို့ မိသားစုက သူ့ကို ပြောတယ်လို့ ဆိုပါတယ်။
TNLA အနေနဲ့ လူတွေဖမ်း၊ ငွေညှစ်တာတွေ ဒေသတွင်းမှာ လုပ်ထားတာတွေ အများအပြားရှိတယ် လို့လည်း သူက ပြောပါတယ်။
ခိုလုံလီရှောလူမျိုးတွေ အများအပြားနေထိုင်ကြတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တဝိုက်မှာ ပန်းဆေးပြည်သူ့စစ်အဖွဲ့တွေလည်း လှုပ်ရှားနေကြပြီး TNLA အဖွဲ့နဲ့ ပန်းဆေးပြည်သူ့စစ်အဖွဲ့ တွေအကြား တိုက်ပွဲတွေဖြစ်ပွားလေ့ရှိတယ်လို့ လည်း သိရပါတယ်။








