အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကြမ်းထဲက ကိုယ်ဝန်ဖျက်ချခွင့်

အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကြမ်းထဲမှာ အကြမ်းဖက်ခံရပြီးတော့ ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချခွင့်ရှိတဲ့ အချက်တွေ ပါဝင်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကြမ်းထဲမှာ အကြမ်းဖက်ခံရပြီးတော့ ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချခွင့်ရှိတဲ့ အချက်တွေ ပါဝင်
ရေးသားခဲ့သည်။

၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့တဲ့ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်ရုံးကနေ အများပြည်သူ သဘောထားမှတ်ချက်ပေးပြီး လေ့လာနိုင်အောင် ဇန်နဝါရီ ၂၅ ရက်နေ့ကတည်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေကြမ်းထဲမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရပြီးတော့ ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချခွင့်ရှိတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဥပဒေကြမ်းရဲ့ ပုဒ်မ ၁၅ အရ အကြမ်းဖက်ခံရသူဟာ မိမိဆန္ဒနဲ့ ပဋိသန္ဓေ တားခြင်း အပါအဝင် မျိုးဆက်ပွား ကျန်းမာရေး ဝန်ဆောင်မှုတွေကို ရယူပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဓမ္မ အနိုင်ကျင့် အကြမ်းဖက်ခံရပြီး ရရှိလာတဲ့ ကိုယ်ဝန်ကို ဆက်လွယ်ထားရင် ဒါမှမဟုတ် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေနိုင်တာနဲ့ မုဒိမ်းမှု ကျုးလွန်ခံရတာကြောင့် ဆိုတဲ့ အချက်နှစ်ချက်မှာ တစ်ချက်ချက်နဲ့ အကျုံးဝင်ရင် ဆေးစစ်ဆေးရေး အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကိုယ်ဝန် ဖျက်ချ နိုင်တယ်လို့ ပုဒ်မ ၁၆ မှာ ဖော်ပြထားပါတယ်။

နည်းမျိုးစုံနဲ့ အကြမ်းဖက် အနိုင်ကျင့်ခံပြီးရလာတဲ့ ကိုယ်ဝန်တွေနဲ့ သက်ငယ်မုဒိန်းမှုတွေကနေ ကိုယ်ဝန်တွေ ရလာတဲ့အခါမှာ ကိုယ်ဝန်မဆောင်နိုင်တဲ့ အရွယ်ပဲဖြစ်ဖြစ် ၊ သူတို့အပေါ် အနိုင်ကျင့်စော်ကားသူတွေရဲ့ သားသမီးကို အမျိုးသမီးတွေက ပြုစု စောင့်ရှောက် ချင်စိတ် မရှိနိုင်တဲ့အတွက် ဒီလို အမှုတွေမှာ ကျွမ်းကျင်သူဆေးပညာရှင်နဲ့ ကိုယ်ဝန်ဖျက်ချခွင့် ဆိုပြီး ရေးဆွဲထည့်သွင်းတာ ဖြစ်တယ်လို့ ဥပဒေကြမ်း ရေးဆွဲစဉ် ပါဝင် အကြံပြုခဲ့တဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ Triangle Women Support Group တည်ထောင်သူ မခင်လေးက ဘီဘီစီကို ပြောပါတယ်။

မုဒိန်းမှု ဖြစ်ပွားနှုန်း ၂၀၁၃ ခုနှစ်မှာ ၇၃၄ မှု ရှိခဲ့ပြီး ၂၀၁၉ မှာတော့ ဇွန်လအထိ ၄၁၉ မှု ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စာရင်းများအရ သိရပါတယ်။ ဒါ့အပြင် သက်ငယ်မုဒိန်းမှုတွေကလည်း မုဒိန်းမှု အားလုံးရဲ့ ၆၀ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပါတယ်။

ဗီဒီယို ပုံစာ, အမျိုးသမီး နဲ့ နွား အိန္ဒိယမှာ ဘယ်သူပိုလုံခြုံလဲ

မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်က ရေးဆွဲခဲ့တဲ့ ရာဇဝတ်မှု ဥပဒေ ရှိပေမယ့် အဲဒီဥပဒေဟာ အမျိုးသမီးတွေကို ထိထိရောက် ရောက် ကာကွယ်နိုင်တာ မရှိတဲ့အတွက် အခုလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေကို ရေးဆွဲဖို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ် စီဒေါ (CEDAW) ကို မြန်မာနိုင်ငံ ဟာ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီစာချုပ်ကို ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာ (၁၈) ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက်မှတ်ရေးထိုး စတင် အတည်ပြုခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း (၁၈၅) နိုင်ငံက လက်မှတ်ရေးထိုး ပူးပေါင်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေး အရေးပေါ် အခြေအနေကလွဲလို့ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချတာကို ဥပဒေနဲ့ တားမြစ်ထားပြီး တရားဝင် သားဆက်ခြား ကုသမှု သားကြောဖြတ်ခြင်းကို အစိုးရ အစီအမံနဲ့သာ ပြုလုပ်ခွင့်ရှိပါတယ်။

ဒီဥပဒေကြမ်းမှာ အခန်း (၁၃) ခန်းထိ ပါဝင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကျုးလွန်ပါက မည်သည့် ပြစ်မှုနဲ့ ပြစ်ဒဏ် မည်မျှ ပါဝင်မယ်ဆိုတဲ့ အချက်အလက် အသေးစိတ် ပါဝင်ဖို့ ကြိုးစား အကြံပြုခဲ့တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ မဇာခြည်ဦးက ပြောပါတယ်။

လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လူမှု ပတ်ဝန်းကျင်မှာ နေ့စဉ် ပြောဆို ဆက်ဆံခံရတဲ့ အသုံးအနှုန်းတွေကအစ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုတွေ အရပါ နည်းမျိုးစုံနဲ့ ခွဲခြား ဆက်ဆံ ခံနေရတဲ့ ဒီဥပဒေကြမ်း ပေါ်ပေါက်လာမှာ အမျိုးသမီးရေး လှုပ်ရှားသူတွေက ကြိုဆိုခဲ့ကြပါတယ်။