ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမ္မတ ဦးဝင်းမြင့်ကို တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ဖိတ်ကြား
နှစ်နိုင်ငံကြား ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆက်ဆံရေးမျိုး ထားရှိရမှာဖြစ်ပြီး နိုင်ငံတကာနယ်ပယ်မှာ မြန်မာဘက်ကနေ ဆက်လက် ရပ်တည်ထောက်ခံပေးသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နဲ့အညီ ကျင့်သုံးနေပြီး တခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး လက်မခံဘူးလို့ သမ္မတ ရှီက ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံစဉ်မှာ ပြောကြားတာဖြစ်တယ်လို့ တပ်ချုပ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ အိုင်စီဂျေမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ အမှုဖွင့်ခံထားရပြီး ဇန်နဝါရီ ၂၃ မှာ ကြားဖြတ်စီမံချက် လိုက်နာဆောင်ရွက်ဖို့ သင့်မသင့် တရားရုံးက ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။ အိုင်စီဂျေမှာ တရားသူကြီးတွေအနက် ဒုတိယဥက္ကဋ္ဌက တရုတ်နိုင်ငံကဖြစ်ပါတယ်။
အခုလိုအချိန်မှာ သမ္မတ ရှီက မြန်မာဘက်ကနေ ရပ်တည်ထောက်ခံမယ်လို့ ပြောကြားလာပါတယ်။
သမ္မတရှီဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပြီး နှစ်ဖက်အဆင်ပြေမယ့်အချိန်မှာ သံတမန် လမ်းကြောင်းကတစ်ဆင့် ညှိနှိုင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒီဖိတ်ကြားချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကိုဘီဘီစီက ဆက်သွယ်မေးမြန်းတော့ နှစ်ဘက်ညှိနှိုင်းပြီးပါက ဖြေကြားပေးမယ်လို့ အကြောင်းပြန်ပါတယ်။
တစ်နိုင်ငံရဲ့အဓိက အကျိုးစီးပွားနဲ့ပတ်သက်လို့ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှည်ထောက်ခံရပ်တည်ပေးသွားဖို့ သဘောတူခဲ့တယ်လို့ မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုထောက်ခံပြီး တရုတ်ကနေ ခွဲထွက်လို့မရတဲ့ ထိုင်ဝမ်၊ တိဗက်နဲ့ ရှန်းကျန့်ကိစ္စတွေကို ဖြေရှင်းတဲ့တရုတ်ရဲ့ကြိုးပမ်းမှုတွေကို အားပေးထောက်ခံတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
သမ္မတ ရှီက သူ ဒုသမ္မတ အဖြစ် လာရောက်ချိန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ကြုံနေရတာ တွေ့ခဲ့ရပြီး အဲဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့ လမ်းပြမြေပုံ ၇ ချက်ကို တရုတ်က ထောက်ခံအားပေးခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ချိန်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီလမ်းပြမြေပုံ ၇ ချက်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်က ၂၀၀၃ ခုနှစ်မှာ ကြေညာခဲ့တာပါ။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းစဉ် ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်တယ်ဆိုပြီး ဒီခုနစ်ချက်အတိုင်း အမျိုးသားညီလာခံနဲ့ အခု အငြင်းပွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတို့ လုပ်ခဲ့တာဖြစ်ပါတယ်။
ဒီလမ်းညွှန်မြေပုံဆိုတာကို အမေရိကန်အပါအဝင် နိုင်ငံတကာက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး အတုအယောင် ဒီမိုကရေစီကို ဖန်တီးတဲ့စစ်အစိုးရလို့ ဝေဖန်ခဲ့သလို တကယ် ဒီမိုကရေစီစနစ်ကို ပြောင်းချင်တယ်ဆိုရင် အဲဒီချိန်တုန်းက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အမေရိကန်က တောင်းဆိုခဲ့ပါတယ်။
အဲဒီ လမ်းပြမြေပုံ ၇ ချက်အတိုင်း စစ်အစိုးရ အကောင်အထည်ဖော်ခဲ့တာကို ထောက်ခံတယ်လို့ သမ္မတရှီက အခု မြန်မာပြည်ခရီးစဉ်မှာ ပြောကြားခဲ့ တာပါ။
မြန်မာနိုင်ငံရဲ့အခက်အခဲတွေကို နားလည်ပြီး ရပ်တည်ထောက်ခံပေးမှုအတွက် ကျေးဇူးတင်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတရှီကို ပြန်လည်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တပ်ချုပ်က ငြိမ်းချမ်းရေးကို ဥပဒေနဲ့အညီဆောင်ရွက်ရမယ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တွေ နားလည်ဖို့လိုပြီး တရုတ်သမ္မတကလည်း ဒါကို တိုက်တွန်းအားပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သမ္မတရှီကတော့ တရုတ်ပိုင်နက်ကိုသုံးပြီး မြန်မာကို ထိခိုက်အောင်လုပ်တဲ့ ဘယ်အဖွဲ့ကိုမှလက်မခံသလို မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးတာမျိုး လုံးဝမရှိကြောင်းနဲ့ တခြားနည်းလမ်းနဲ့ရနိုင်တာ ရှိလို့ သေချာစိစစ်ဖြေရှင်းပေးမယ်လို့ တပ်ချုပ်ကို ပြောကြား ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်လလောက်က တအားန်ပလောင်အဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဇာတိကျေးရွာအနီးမှာ လက်နက်တိုက်ကို တပ်မတော်က သိမ်းဆည်းမိခဲ့ပြီး အဲဒီထဲက လက်နက်အများစုဟာ တရုတ်နိုင်ငံထုတ်တွေဖြစ်တယ် လို့ပြောကြားထားပါတယ်။
အခု တရုတ်သမ္မတ ခရီးစဉ်မတိုင်ခင် ကချင်အဖွဲ့ ကေအိုင်အေထံက လက်နက်တွေဖမ်းမိခဲ့ပြီး တရုတ်နိုင်ငံထုတ်တွေဖြစ်ကြောင်းနဲ့ အဲဒီထဲက ကျည်တချို့ ဟာ ပြင်ဦးလွင်တပ်မတော် နည်းပညာတက္ကသိုလ်ကို တိုက်ခိုက်ခဲ့တဲ့ကျည်တွေနဲ့ တူညီနေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။
တရုတ်ထုတ်တဲ့လက်နက်ပေမယ့် လက်နက်မှောင်ခိုဈေးကွက်တွေကတစ်ဆင့် ဝယ်ယူနိုင်တာဖြစ်လို့ တရုတ်က တိုက်ရိုက်ထောက်ပံ့တာမျိုး မဖြစ်နိုင် ဘူးလို့လည်း နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောကြားထားပါတယ်။
အခုခရီးစဉ်ဟာ မြန်မာတရုတ်စီးပွားရေးစင်္ကြန်စီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့ သမ္မတရှီကျင့်ဖျင်က ပြောကြားတယ်လို့ နိုင်ငံပိုင်ရုပ်သံက ဇန်နဝါရီ ၁၇ ရက်ညပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။
အခု မြန်မာတရုတ်နှစ်နိုင်ငံ နားလည်မှုသဘောတူစာချွန်လွှာပေါင်း ၃၀ ကျော်လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် အများစုဟာ တရုတ်ဘက် ကိုအလေးသာတဲ့ အခွင့်အရေးတွေပါတယ်လို့ သုံးသပ်မှုတွေရှိထားပါတယ်။
မြန်မာအစိုးရထုတ်ပြန်ချက်အရဆိုရင်လည်း ဒီစင်္ကြန်စီမံကိန်းကို စိတ်ကူးပုံဖော်မှုကနေ လက်တွေ့အကောင်အထည်ဖော်သွားဖို့ ဆိုပြီး ပါဝင်ပါတယ်။
အဲဒီစင်္ကြန်ရဲ့ အဓိကမဏ္ဍိုင် ၃ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ မြနမာတရုတ်နယ်စပ်စီးပွားရေးဇုန်တွေနဲ့ ရန်ကုန်မြို့တော်မြို့ပြ ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းသစ်အပါအဝင် ကားလမ်း၊ ရထားလမ်း၊ လျှပ်စစ်ဓာတ်အားနဲ့ စွမ်းအင် စတဲ့အခြေခံအဆောက်အဦစီမံကိန်း ဆိုင်ရာမူဘောင်တွေကို အကောင် အထည်ဖော်ဖို့ သဘောတူတယ်လို့ ဖော်ပြထားပါတယ်။
အားလုံးစိတ်ပူနေတဲ့ မြစ်ဆုံစီမံကိန်း နဲ့ပတ်သက်လို့တော့ နှစ်ဖက် သတင်းထုတ်ပြန်ချက်တွေမှာ ပါဝင်တာမတွေ့ရသလို တရုတ်သမ္မတရဲ့ မိန့်ခွန်းနဲ့ ဆွေးနွေးချက်တွေမှာလည်း ပါဝင်တာမရှိတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ တရုတ်ကို မြန်မာက အကြွေး ၅ ဘီလျံကျော်ဆပ်ဖို့ရှိနေတာဖြစ်ပါတယ်။