ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်မှာ သိထားသင့်တဲ့ အချက် ၅ ချက်
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ဟာ ဇန်နဝါရီ ၁၇ ရက် သောကြာနေ့ မွန်းလွဲပိုင်း ၁ နာရီမှာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။ ဒါဟာ ၂၀၀၁ ခုနှစ် နောက်ပိုင်း တရုတ် သမ္မတ တစ်ဦးရဲ့ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ်ပါတယ်။
တရုတ် နိုင်ငံ နဲ့ မြန်မာ နိုင်ငံ တို့ ကြား သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် ချစ်ကြည်ရေး ခရီး လာရောက်တဲ့ ဇန်နဝါရီ ၁၇-၁၈ နေ့ နှစ်ရက်တာ ခရီးစဉ်အတွင်းမှာ သမ္မတ ရှီ ဟာ မြန်မာနိုင်ငံတော် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားတွေ့ဆုံပြီး ဆွေးနွေးပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် သမ္မတရှီကျင့်ဖျင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံမှာဖြစ်သလို နိုင်ငံရေးပါတီခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
သမ္မတရှီနဲ့အတူ အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း ခေါင်းဆောင်တွေ လိုက်ပါလာပါတယ်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး နဲ့ ဗဟို လုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန် (Ding Xuexiang)၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi) တို့ လိုက်ပါလာပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံတော်ကောင်စီဝင် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိ (Wang Yi) နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ညွှန်ကြားရေးမှူး ဟယ်လိဖုန်း (He Lifeng) တို့ လိုက်ပါလာတယ်လို့ တရုတ် အစိုးရ ပိုင် ဆင်ဟွာသတင်းဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
တရုတ် သမ္မတ ရှီ လာရောက်တဲ့အချိန်ဟာ တရုတ် သြဇာ လွှမ်းမိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာ နေချိန် ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း ခရီးမပေါက် ဖြစ်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ အပေါ်မှာလည်း ဒေသခံ လူထု ရဲ့ မလိုလားမှု တချို့ ဖြစ်ပေါ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း ရခိုင်မြောက်ပိုင်းက တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်တွေမှာ ရိုဟင်ဂျာ တွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ အမှုဖွင့်ခံထားရတာကို မြန်မာက ရင်ဆိုင်နေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။
မြန်မာ အစိုးရ အနေနဲ့ အဲဒီလို ဘက်ပေါင်းစုံ က ဖိအားတွေ ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ တရုတ် သမ္မတ ရှီကျင့်ဖျင်က အခုလို ချစ်ကြည်ရေး ခရီး စဉ် အဖြစ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ အင်အားကြီး နိုင်ငံ တစ်ခု ဖြစ်တဲ့ တရုတ် က ထိပ်သီး ခေါင်းဆောင် တစ်ဦးရဲ့ ဆယ်စုနှစ် ၂ ခု နီးပါး အတွင်း ပထမဆုံး လာရောက်တဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ ဆက်ဆံရေး သိသင့်တဲ့ အချက် (၅) ချက် အကြောင်းကို ဘီဘီစီက စုစည်း တင်ပြ ပေးလိုက်ပါတယ်။
၁) မြန်မာနိုင်ငံထဲက တရုတ်ရဲ့စီမံကိန်းတွေနဲ့ ကြွေးမြီတွေ
မြန်မာမှာ တရုတ်ရဲ့အကြီးစားစီမံကိန်းတွေရှိသလို တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတဲ့ လူထုမလိုလားတဲ့ တစ်နိုင်တစ်ပိုင်ရော ဖက်စပ်လုပ်ငန်းတွေပါ ရှိနေပါတယ်။
အကြီးစားထဲမှာဆို ကချင် ပြည်နယ် ထဲက ဧရာဝတီ မြစ်ဆုံစီမံကိန်းဖြစ်ပြီး ရပ်ထားတာရှစ်နှစ်ကျော်ပါပြီ။
နောက်စီမံကိန်းတွေကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ တရုတ်မြန်မာ စီးပွားရေးစင်္ကြန် အပါအဝင် ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းတွေ ရှိနေပါတယ်။
ကျောက်ဖြူရေနက်စီမံကိန်းကို ကနဦး စတင်လုပ်ကိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို တရုတ်ဘက်က အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော်နဲ့ စဖို့ စာချုပ်ချုပ်ခဲ့တာကိုအရင်အစိုးရက လိုက်လျောခဲ့တာပါ။ အဲဒီစာချုပ်အရဆို မြန်မာက အကျိုးအမြတ် ၁၅ ရာခိုင်နှုန်းနဲ့ တရုတ်က ၈၅ ရာခိုင်နှုန်းရမှာဖြစ်ပါတယ်။
သီရိလင်္ကာမှာ ရေနက်ဆိပ်ကမ်းကို အဲဒီလိုပုံစံနဲ့ အကောင်အထည်ဖော်ခဲ့ရာမှာ အကြွေးတွေမဆပ်နိုင်လို့ တရုတ်ကိုထိုးအပ်လိုက်ရတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒါကို နမူနာယူပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရက စာချုပ်တွေကို ပြင်ချုပ်ဖို့ တရုတ်အစိုးရကိုတောင်းဆိုခဲ့ပါတယ်။
အခုတော့ ရင်းနှီးမြုပ်နှံမှုတန်ဖိုး ကို ၁ ဘီလျံကျော် စမှာဖြစ်ပြီး အကျိုးအမြတ်ကိုလည်း မြန်မာ ၃၀၊ တရုတ် ၇၀ လို့ စာချုပ်ပြင်ချုပ်နိုင်ခဲ့ပါတယ်။
အခု သမ္မတရှီခရီးစဉ်မှာ ဒီစီမံကိန်းရဲ့ ဒုတိယအဆင့်စာချုပ်နှစ်ခု ထပ်ပြီးလက်မှတ်ထိုးမှာဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမစီမံကိန်းအောက်က တရုတ်မြန်မာစီးပွားရေးစင်္ကြန်အောက်က စီမံကိန်းတွေလည်း လက်မှတ်ထိုးဖို့ရှိနေပါတယ်။
လက်ရှိမှာ တရုတ်က မြန်မာပြည်အတွက် ဒုတိယရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
တစ်ပြိုင်တည်းမှာပဲ၊ မြန်မာရဲ့ ပြည်ပကြွေးမြီ စုစုပေါင်း ကန်ဒေါ်လာ ၁၀ ဘီလျံကျော်မှာ တရုတ်ကို ငါးဘီလျံကျော်နဲ့ အများ ဆုံး ဆပ်ရဖို့ရှိနေတာပါ။ တရုတ်ရဲ့အကြွေးနောက်ထပ်မပိအောင် မြန်မာအနေနဲ့ ငွေကြေးအကူအညီကို တရုတ်တစ်နိုင်ငံတည်းဆီကနေ ယူတာထက် တခြားနိုင်ငံတွေကလည်း မျှယူပြီး စီးပွားရေးလုပ်သင့်တယ်လို့ အကြံပြုချက်တွေ ရှိနေပါတယ်။
၂) လွတ်လပ်ပြီးခေတ် နှစ်နိုင်ငံဆက်ဆံရေး
နှစ် ၇၀ ပြည့်ခဲ့တဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးက တစ်လျှောက်လုံး ချောချောမွေ့မွေ့ ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။
မြန်မာနိုင်ငံက ၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ လုံးဝလွတ်လပ်တဲ့နိုင်ငံ ဖြစ်လာပါတယ်။ တရုတ်ကတော့ ၁၉၄၉ မှာ တရုတ် ကွန်မြူနစ် ပါတီ အာဏာရ လာပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ပေါက်လာခဲ့ပါတယ်။ တရုတ် ကွန်မြူနစ် အစိုးရ ကို အဲဒီတုန်းက အာရှနိုင်ငံတွေထဲမှာ ကွန်မြူနစ်နိုင်ငံ မဟုတ်တဲ့ မြန်မာက ပထမဆုံး အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။
၁၉၅၀ မှာ သံတမန် ဆက်ဆံရေးထူထောင်ခဲ့ပြီး ပထမဆုံးမြန်မာသံအမတ်ကြီးက ဦးမြင့်သိန်းနဲ့ တရုတ်သံအမတ်ကြီးကတော့ ရောင်ကျုံးမင် ဖြစ်ပါတယ်။ လက်ရှိသံအမတ်ကြီးတွေက မြန်မာဘက်က ဦးမျိုးသန့်ဖေ ဖြစ်ပြီး တရုတ်ဘက်ကတော့ မစ္စတာ ချန်ဟိုင် ဖြစ်ပါတယ်။
ဖဆပလခေတ် ဦးနုလက်ထက်မှာ တရုတ်၊ မြန်မာနဲ့ အိန္ဒိယခေါင်းဆောင်ကြီးတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်ချမှတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးသမိုင်းမှာ ထူးထူး ခြားခြားအသိအမှတ်ပြုခံခဲ့ရတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
ဦးနုအစိုးရလက်ထက်မှာ တရုတ်နဲ့ အထူးဆက်ဆံရေးကောင်းမွန်ပြီး တရုတ်ဝန်ကြီးချုပ် ချုအင်လိုင်း၊ သမ္မတ လျူရှောက်ချီတို့ မကြာခဏ လာရောက်ခဲ့ပါတယ်။
ဖဆပလ ဝန်ကြီးချုပ်ဦးနုကလည်း တရုတ်ပြည်ကို ၁၉၅၄ မှာ ပထမဆုံး စတင်သွားရောက်ခဲ့ပြီး နောက်ပိုင်းလည်း မကြာမကြာ အပြန်အလှန် လည်ပတ်ခဲ့ကြပါတယ်။
၃) တရုတ်-ဗမာ အဓိကရုဏ်း
အဲဒီလို တောက်လျှောက် ကောင်းလာခဲ့တဲ့ သံတမန်ဆက်ဆံရေးဟာ အိမ်စောင့်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်မှာ အေးစက်သွားခဲ့ပါတယ်။
၁၉၆၇ ခုနှစ်မှာ ပြည်တွင်းမှာ ဆန်ပြတ်လပ်မှုပြဿနာကြုံနေရချိန် လူမျိုးရေးအသွင်ဆောင်တဲ့ တရုတ်-ဗမာ အဓိကရုဏ်းဖြစ်ခဲ့တာပါ။
တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးဆိုပြီး ဥက္ကဋ္ဌကြီးမော်ကို ထောက်ခံတဲ့ အနေနဲ့ ရင်ထိုးနီတွေတပ်တာဟာ မြန်မာနိုင်ငံတွင်းက တရုတ်အမျိုးသားကျောင်းတွေကိုပါ ကူးစက်လာခဲ့ပါတယ်။ ဒါကို လူမျိုးရေးအသွင်နဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကတစ်ဆင့် တရုတ်လူမျိုးတချို့ သေဆုံးတဲ့အထိအဓိကရုဏ်းဖြစ်လာခဲ့သလို တရုတ်လူမျိုးတွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးခံခဲ့ရပါတယ်။
တရုတ်အစိုးရက ဒါကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး သူ့လူမျိုးတွေကို ကာကွယ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။
သံတမန်ဆက်ဆံရေး လျှော့ချတဲ့အထိ ဖြစ်ခဲ့ပြီး ၁၉၇၀ ထိ သုံးနှစ်ကြာ သံတမန်အဆက်အသွယ်ပြတ် တောက်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။
တစ်ဖက်မှာ လွတ်လပ်ရေးရပြီးကတည်းက အစိုးရကို လက်နက်ကိုင်တိုက်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဟာ ပဲခူးရိုးမမှာခြေကုပ်မယူနိုင်ဖြစ်နေတာပါ။ အဲဒီအချိန်မှာ ဗကပဟာ တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ် ပါတီ တို့ရဲ့ကျောထောက်နောက်ခံပြုမှုနဲ့ မြန်မာတရုတ်နယ်စပ် ရှမ်းနဲ့ ကချင်ပြည်နယ်တို့မှာ အရှေ့မြောက် စစ်ဒေသ ဆိုပြီး လွတ်မြောက်နယ်မြေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီလိုတင်းမာတဲ့ နှစ်နိုင်ငံဆက်ဆံရေး ပြန်ကောင်းဖို့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ၁၉၇၁ မှာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပြန်ကောင်းလာခဲ့ပါတယ်။
၁၉၈၀ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီပေါ်မှာထားတဲ့ မူဝါဒကို ပြောင်းလဲ လိုက်ပါတယ်။
အကျိုးဆက်အနေနဲ့ ဗကပထဲက တိုင်းရင်းသားလူမျိုးစုအုပ်စုတွေ ပုန်ကန်မှုပေါ်ပေါက်ခဲ့ပြီး နောက်ဆုံးမှာ ဗမာပြည်ကွန်မြူနစ်ပါတီ လုံးဝပြိုကွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။
၄) တရုတ်ရဲ့နိုင်ငံတကာ မျက်နှာစာက သံတမန်အကာအကွယ်
တရုတ်မြန်မာဆက်ဆံရေးမှာ အရေးကြီးတဲ့နောက်တစ်ချက်က နိုင်ငံတကာစင်မြင့်တွေမှာ မြန်မာအားကိုးရတဲ့ တရုတ်ရဲ့ သံတမန်အကာအကွယ်ဖြစ်ပါတယ်။ ဒီလိုသံတမန်အကာအကွယ်ရဖို့ အစပျိုးခဲ့တဲ့ အချက်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။
၁၉၇၁ ခုနှစ်မှာ ကုလသမဂ္ဂမှာ တရုတ်တစ်နိုင်ငံတည်းဖြစ်ရေးမူကို မြန်မာက အဓိက ရပ်တည်တောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂမှာ တရုတ်ဖြူ အစိုးရ ထုတ်ပယ်ပြီး တရုတ်တစ်နိုင်ငံတည်းဖြစ်ရေးမူကို မြန်မာအပါအဝင် ၂၃ နိုင်ငံက ဦးဆောင် အဆိုတင်သွင်းခဲ့ပါတယ်။ ထောက်ခံမဲများလို့ တရုတ်ဟာ ကုလအဖွဲ့ဝင်နိုင်ငံဖြစ်လာသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ဒါဟာ မြန်မာနိုင်ငံ နောင်တစ်ချိန်မှာ ကြုံရမယ့် ကုလနဲ့ နိုင်ငံတကာစင်မြင့်မှာ တရုတ်ရဲ့ ဗီတိုအာဏာနဲ့ ကာကွယ်ပေးမယ့် သံတမန်ရေးရာအကာအကွယ်ကိုရခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်ဟာ လက်ရှိမှာ အမေရိကန်ပြီးရင် ကုလသမဂ္ဂမှာ ဒုတိယအများဆုံးရန်ပုံငွေထည့်ဝင်တဲ့ နိုင်ငံလည်းဖြစ်ပြီး ဒုတိယအင်အားအကြီးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
၁၉၈၈ မှာ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုမှုအားနည်းချိန်မှာ တရုတ်က မားမားမတ်မတ်ရပ်တည်ဆက်ဆံခဲ့ပါတယ်။ ဒါ့အပြင် စစ်အစိုးရဟာ တရုတ်သြဇာ လွှမ်းမိုးတဲ့ ဝ၊ ကိုးကန့်လို ဒေသတွေနဲ့ပါ ဆက်ဆံရေး အဆင်ပြေလာခဲ့ပါတယ်။ အဲဒီကစလို့ အပြန်အလှန်အားဖြင့် တရုတ်လိုချင်တဲ့စီမံကိန်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေကို စစ်အစိုးရဘက်က လိုက်လျောလုပ်ကိုင်ခဲ့တာတွေရှိခဲ့ပါတယ်။
လက်ရှိအငြင်းပွားနေတဲ့ မြစ်ဆုံအပါအဝင် ကျောက်ဖြူစီမံကိန်းတွေဟာ စစ်အစိုးရနဲ့ သဘောတူချုပ်ဆိုခဲ့တဲ့ စီမံကိန်းစာချုပ်တွေဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးကို စတင်နိုင်ခဲ့သလို ဗုဒ္ဓစွယ်တော်ကို ပို့ဆောင်ပူဇော်တဲ့ ခရီးစဉ်တွေ လည်း ပေါ်ပေါက်လာခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်အစိုးရခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံကို မကြာခဏ သွားရောက် ခဲ့သလို တရုတ်သမ္မတ ဟူကျင်းတောင်၊ ကျန်ဇီမင်းတို့လည်း မကြာမကြာလာရောက်ခဲ့ပါတယ်။
စစ်အစိုးရအာဏာလွှဲပြောင်းဖို့ စီစဉ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်တစ်လအလိုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်ကိုသွားရောက်ခဲ့ပြီး ရွေးကောက်ပွဲကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာကို ကုလသမဂ္ဂမှာ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်နဲ့ အရေးယူရေးအဆိုတင်ဖို့ စီစဉ်နေချိန် ဖြစ်ပါတယ်။
၂၀၁၀ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို မကြာမကြာသွားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မှာမြစ်ဆုံကို ရပ်လိုက်ချိန် သမ္မတအပေါ် တရုတ်အစိုးရဘက်က အမြင်မကြည်လင်တာတွေရှိခဲ့သလို တရုတ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အဲဒီအချိန်ကစလို့၂၀၁၄ အထိ တောက်လျှောက်ကျဆင်းသွားခဲ့ပါတယ်။ မြစ်ဆုံပြန်စဖို့နဲ့ မြစ်ဆုံရပ်ထားလို့ တရုတ်ဘက်က နစ်နာဆုံးရှုံးနေရတဲ့အခြေအနေကို တရုတ်အစိုးရက မြန်မာနိုင်ငံထဲက ပါတီ၊ အရပ်ဘက် အဖွဲ့အစည်း၊ သတင်းစာဆရာတွေ ၊ ဒေသခံတွေ စတဲ့အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် အသီးသီး ကို ဖိတ်ခေါ်ပြီး ရှင်းပြတာမျိုး၊ နားချတိုက်တွန်းပေးဖို့ စည်းရုံးတာမျိုးတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ စီမံကိန်းကို ရပ်ထားတာ အခုဆို ရှစ်နှစ်နဲ့ လေးလရှိပါပြီ။ အန်အယ်လ်ဒီအစိုးရကလည်း မြစ်ဆုံနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ မှတ်ချက်ပြုတာ၊ ကတိပေးတာမျိုး မရှိသေးပါဘူး။
အန်အယ်လ်ဒီအစိုးရလက်ထက် အစိုးရသက်တမ်းရက် ၁၀၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးသွားတဲ့အာရှနိုင်ငံက တရုတ်ဖြစ်ပြီး အစိုးရသစ်တာဝန်ယူပြီး ငါးရက်အကြာမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ နေပြည်တော်ကို ပထမဆုံးလာရောက်တဲ့ အစိုးရဧည့်သည် ဖြစ်ခဲ့ပါတယ်။
၅) တရုတ်အပေါ် လူထုအမြင်ပြောင်းနိုင်မယ့်အခွင့်အရေး
သမ္မတ ရှီကျင့်ဖျင်ရဲ့ အခုမြန်မာပြည်ခရီးစဉ်ကနေ တရုတ်အပေါ်မှာ မြန်မာလူထုထားတဲ့ သဘောထားနဲ့ မလိုလားမှုတွေကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ရပ်ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းလို၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလို အငြင်းပွားဖွယ်စီမံကိန်းတွေဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ ရှိနေတာပါ။ မြစ်ဆုံကိုဆိုရင် အပြီးတိုင် ရပ်ဆိုင်းပေးဖို့ တရုတ်သမ္မတကို ကချင်အရပ်ဘက်အဖွဲ့တွေက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုထားပါတယ်။
ဒါ့အပြင် အခု သမ္မတ ရှီကျင့်ဖျင် လာရတဲ့အဓိက ရည်ရွယ်ချက်ကြီးဖြစ်တဲ့ ကျောက်ဖြူစီမံကိန်းကို ရပ်တန့်ထားဖို့ ရခိုင် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က တောင်းဆိုထားပါတယ်။
ဒါ့ကြောင့် သမ္မတ ရှီရဲ့အခုခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်၊ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေမှာ မြန်မာအပေါ် ဖေးမညှာတာလိုက်လျောတဲ့ အခွင့်အရေး တွေပါတဲ့စာချုပ်တွေသာ ချုပ်ဆိုနိုင်မယ်ဆိုရင် တရုတ် အစိုးရ အပေါ် မလိုလားတဲ့ မြန်မာလူထုရဲ့အမြင်သဘောထားကို ပြောင်းနိုင်မယ့်အခွင့်အရေးတစ်ရပ် ရှိနေတယ်လို့ မြန်မာ့ အရေး လေ့လာ သူတွေက ထောက်ပြပြောဆိုထားကြပါတယ်။