တရုတ်လုပ်လက်နက်တွေနဲ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ

ရေးသားခဲ့သည်။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ တွေ့ဆုံညှိနှိုင်းတဲ့နေရာမှာ တရုတ်အစိုးရက ကြားဝင်စေ့စပ်သူအဖြစ် အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။

တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေအသုံးပြုနေတဲ့ လက်နက်တွေဟာ တရုတ်နိုင်ငံ လုပ်လက်နက်တွေဖြစ်ပြီး တရုတ်နယ်စပ်ကိုဖြတ်ပြီး မှောင်ခိုဈေးကွက်ကတစ်ဆင့် ဝင်ရောက်လာတာဖြစ်တယ်လို့ လက်နက်အရေးနဲ့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်တာလည်း ရှိပါတယ်။

တပ်မတော်က နိုဝင်ဘာ ၂၃ ရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖမ်းမိခဲ့တဲ့ လက်နက်တွေဟာ တအာင်းအဖွဲ့ TNLA ရဲ့လက်နက်တွေဖြစ်ပြီး တရုတ်နိုင်ငံလုပ်လက်နက်တွေအများစုပါဝင်နေတယ်လို့ ဆိုပါတယ်။

ဘယ်ကလာတဲ့လက်နက်တွေလဲ၊ ကာလတန်ဖိုးဘယ်လောက်ရှိလဲ

မနေ့က ဖမ်းမိတဲ့ TNLA လက်နက်တွေထဲမှာ တရုတ်နိုင်ငံလုပ် လက်နက်တော်တော်များများပါနေတာ တွေ့ရပြီး မြေပြင်ကနေ လေယာဉ်ပစ်လက်နက် FN 6 ဆိုရင် တစ်လက်ကို အမေရိကန် ဒေါ်လာ ခုနစ်သောင်းခွဲကနေ ကိုးသောင်းဝန်းကျင် ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

လက်နက်တွေက အသစ်လားအဟောင်းလား ဆိုတာ စိစစ်နေပြီး FN 6 လေယာဉ်ပစ်လက်နက်ဆိုရင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ထုတ်လာတဲ့ Third generation အမျိုးအစားဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီလက်နက်ကို တရုတ်က ပြည်ပနိုင်ငံတွေကိုရောင်းချရာမှာ FN 6 လို့ နာမည်ပေးထားပြီး ဒီလို ဗားရှင်းတူတဲ့လက်နက်ကို တရုတ်တပ်မတော်ထဲမှာဆိုရင်တော့ Hong Ying နာမည်နဲ့ သုံးနေတယ်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

ဒီလိုတန်ဖိုးကြီးတဲ့လက်နက်တွေကို ပေါ်လာတဲ့မကြာသေးတဲ့ လက်နက်ကိုင်အဖွဲ့ က ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရနေလဲလို့သူမေးခွန်းထုတ်ပြီး မူးယစ်ဆေးဝါးနဲ့ တခြားသယံဇာတတွေကိုရောင်းချတဲ့ နည်းလမ်းနဲ့ ရတာတွေရှိမယ်လို့ ဆက်ပြောပါတယ်။

ဒီလက်နက်တွေကို TNLA ရဲ့ စစ်ဦးစီးချုပ် တာဟိုပလာန် ဇာတိ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာအနီးတစ်ဝိုက်ကနေ ဖမ်းဆီးရခဲ့တာလို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဘယ်လိုဖမ်းမိခဲ့တာလဲဆိုတာနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက အခုလိုပြောပါတယ်။

"TNLA စစ်ဦးစီးချုပ်နေရာဖြစ်တယ်။ အင်အားတွေက ဒီနားကနေထွက်ထွက်လာတယ်။ ဒီနယ်မြေထဲမှာ အရင် ဦးအိုက်ထွန်းတို့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲပြီးတဲ့နောက် အေးချမ်းပြီး ဒေသဖွံ့ဖြိုးရေး အများကြီး လုပ်ပေးခဲ့တာရှိတယ်။ တပ်မတော်က ဒီနယ်မြေထဲမှာ နယ်မြေကျွမ်းကျင်ပြီးသား။ ဒီတော့ သတင်းရရှိဖို့ နည်းလမ်းမျိုးစုံသုံးတယ်။ ဒီလိုဖော်ထုတ်ဖမ်းဆီးမှုရလဒ်ကတော့ တပ်မတော်က အမြဲတမ်းနည်း လမ်းမျိုးစုံ နေ့ည မပြတ် စဉ်းစားဆောင်ရွက်ပြီး သတင်းရရှိဖို့ လုပ်ခဲ့တာဖြစ်တယ်"

တပ်မတော်က အခုဖမ်းမိတဲ့လက်နက်တွေဟာ အသစ်ကျပ်ချွတ်တွေဖြစ်နေပြီး ပခုံးထမ်းလောင်ချာ RPG တွေဆိုရင် ပါကင်တောင်မဖောက်ရသေးတာတွေ့ရတယ်လို့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) က အလုပ်အမှုဆောင် ဒါရိုက်တာ ဦးမင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

"ဒါမျိုးတွေက မှောင်ခိုဈေးမှာဝယ်မယ်ဆိုလို့ရှိရင် ဝယ်ရခက်တယ်။ ဒါပေမဲ့ FN 6 (လေယာဉ်ပစ်လက်နက်) တွေကျတော့ တရုတ်ပြည်က တိုက်ရိုက်တာလာလည်း ဖြစ်ချင်မှ ဖြစ်မယ်။ အရှေ့အလယ်ပိုင်းက သွင်းတာလည်း ဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်းမှာမိတဲ့ဟာဆို FN 6 သုံးလေးလက်လောက် ပါတယ်။ ထိုင်းတပ်မ တော်ထဲက တချို့က မှောင်ခိုဈေးကနေ သွင်းလာတာပေါ့။ ပြောလို့ရတာတစ်ခုက မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်လေးပုံ သုံးပုံရဲ့လက်နက်တွေက တရုတ်နိုင်ငံကလာတဲ့ လက်နက်တွေ။ မှောင်ခိုဈေးကွက်နဲ့ပတ်သက်ရင် တရုတ်နယ်စပ်မှာ လက်နက်တွေ အလွယ်တကူဝယ်လို့ရတယ် ဆိုတာက တော့ ထင်ရှားပါတယ်။ တရုတ်နယ်စပ်မှာဝယ်တဲ့ AK47 တစ်လက်နဲ့ ထိုင်းနယ်စပ်မှာဝယ်တဲ့ AK47 ဈေးက နှစ်ဆလောက်ကွာပါတယ်" လို့ တရုတ် ဘက်ခြမ်းကနေ လက်နက်ဝယ်ရလွယ်ကူမှုနဲ့ ဈေးနှုန်းတို့ကို သူက ရှင်းပြပါတယ်။

ဒီလက်နက်တွေဟာ တပ်မတော်နဲ့ တအာင်းအဖွဲ့တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပြီးတဲ့နောက် မရွှေ့ ပြောင်းနိုင်ဘဲ ကျန်နေတဲ့လက်နက်တွေဖြစ်တယ်လို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူး တာအိုက်ကျော်က ပြောကြားထားပါတယ်။

တပ်က ဖမ်းမိတဲ့ လက်နက်တွေထဲမှာ ပခုံးထမ်း လေယာဉ်ပစ်လက်နက်တစ်လက်အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ကျည်မျိုးစုံ အတောင့် ၄၅၀၀၀ ကျော်၊ ယူနီဖောင်းအိတ်ကြီး ၇၇ အိတ်ဖြစ် တယ်လို့ ထုတ်ပြန်ထားပါတယ်။

တပ်က ထုတ်ပြန်ထားသလောက် အရေအတွက်မများဘဲ လက်နက်အလက် ၅၀ လောက်ပဲဖြစ်တယ်လို့ TNLA က ငြင်းဆိုထားပါတယ်။

တရုတ်နိုင်ငံထုတ်လက်နက်တွေဖြစ်တယ်ဆိုတာနဲ့ တရုတ်မြန်မာနယ်စပ်ကတစ်ဆင့် မှောင်ခိုဈေးကွက်ကနေ ဝင်လာတာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ပတ်သက်လို့ ဗိုလ်မှူးတာအိုက်ကျော်ကို ဘီဘီစီက နိုဝင်ဘာ ၂၄ ရက်မှာ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ရရှိခဲ့ခြင်းမရှိပါဘူး။

ဒီလိုလက်နက်တွေဖမ်းမိပေမဲ့လို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ညှိနှိုင်းမှုတွေတော့ ဆက်လုပ်ပါမယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

တရုတ်နိုင်ငံနဲ့ ဘယ်လိုညှိနှိုင်းသင့်သလဲ

တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်းဟာ ဒီလဆန်းပိုင်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို ဒေါ်လာလေးသိန်းလှူဒါန်းခဲ့ပြီး တရုတ်ဟာ မြန်မာနိုင်ငံအတွက် ယုံကြည် အားကိုးနိုင်တဲ့မိတ်ဆွေတစ်ဦး လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အခုလို တရုတ်ထုတ်လက်နက်တွေတွေ့တယ်ဆိုတော့ တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးအပေါ်ထားတဲ့ မူဝါဒနဲ့ လက်နက်ကိုင်အဖွဲ့တွေကို အသုံးချနေသလားဆိုတဲ့ မေးခွန်းထုတ်စရာတွေဖြစ် လာနေပါတယ်။

တရုတ်ရဲ့ မြန်မာပေါ်ထားတဲ့ မူဝါဒကတော့ ပြည်တွင်းရေးကိုဝင်မစွက်တာ၊ အစိုးရကို တိုက်ခိုက်တဲ့ လက် နက်ကိုင်အဖွဲ့အစည်းတွေကို မထောက်ပံ့ဘူးဆိုတာကို အမြဲပြောလေ့ရှိတယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ တရားဝင်မူဝါဒထဲမှာကိုပဲ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP တို့ တရားဝင်ဆက်ဆံရေးလမ်းကြောင်းရှိနေတယ်လို့ သူက ထောက်ပြပါတယ်။

"တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သိပ်အားနည်းလို့ရှိရင်လည်း ဒီအဖွဲ့တွေကို တပ်မတော်က တိုက်ခိုက်ချေမှုန်းသွားလိမ့်မယ်။ ဒီလိုတိုက်ခိုက်ချေမှုန်းလို့မရအောင် သင့်တင့်လျောက်ပတ်တဲ့ လက်နက် တချို့သူတို့ဆီရောက်သွားနိုင်အောင် နည်းလမ်းတစ်မျိုးနဲ့ လမ်းကြောင်းဖွင့်ထားတဲ့ဟာမျိုးလည်း စဉ်းစား ကောင်း စဉ်းစားမှာပဲ" လို့ သူက ပြောပါတယ်။

အခုလို ဖြစ်စဉ်တွေရှိလာတဲ့နောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ရပ် တည်မှုအနေအထားကို မြန်မာအစိုးရနဲ့ တပ်မတော်တို့က အချက်နှစ်ချက်နဲ့ ချဉ်းကပ်ဆွေးနွေး အဖြေရှာ သင့်တယ်လို့ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။

"လက်နက်ခဲယမ်းကိစ္စနဲ့ သယံဇာတပေါ့။ တရုတ်ကနေလာနေတယ်ဆိုတဲ့ ဒီလက်နက်ခဲယမ်းကိစ္စတွေကို ပိတ်ပင်တားဆီးပေးဖို့၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားဒေသတွေကနေ တရားမဝင်တဲ့ နည်းလမ်းနဲ့ သယံဇာတတွေထွက်နေတာတွေက တရုတ်ကို ဖြစ်တယ်။ တရုတ်က ဈေးကွက်လိုဖြစ်နေတာ ကိုး။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ဒီလက်နက်တွေကို ဝယ်ကြတယ်။ အဲဒီနှစ်ခုလုံးကိုဆွေးနွေးသင့်တယ်" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီနှစ်ခုလုံးနဲ့ မလုံလောက်ဘဲ မြန်မာပြည်လက်နက်ကိုင်တိုက်ပွဲတွေတွင်းကနေ နိုင်ငံရေး အဖြေ ထွက်အောင် အစိုးရက လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအဖြေမထွက်သရွေ့ တိုင်းရင်းသားတွေ ဘက်က နာကြည်းမှုတွေရှိနေသရွှေ့ကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရရဲ့ လက်တလောအကျိုးစီးပွား ဖြစ်တဲ့ စင်္ကြန်ပတ်လမ်းကြောင်း (BRI)စီမံကိန်းမှာ မြန်မာဟာ ပထဝီအနေအထားအရ အရေးပါတဲ့နေရာမှာပါနေပြီဖြစ်လို့ သူတို့အနေနဲ့ အကျိုးစီးပွားနဲ့ပတ်သက်လို့ မြန်မာပေါ် မှာ အရင်က စဉ်းစားပုံစဉ်းစားနည်း တွေပြောင်းသင့်နေပြီလို့ သူကပြောပါတယ်။

"ဘာကြောင့် မြန်မာကအရေးကြီးလဲဆို မြန်မာမပါဘဲနဲ့အိန္ဒိယသမုဒ္ဒရာကိုပေါက်မယ့် တရုတ်ရဲ့ BRI လမ်းကြောင်းက တစ်ပတ်မပြည့်ဘူး။ အဲဒီ BRI ကို ထိရောက်ဖို့ဆိုရင် တည်ငြိမ်မှရမယ်။ တိုက်ပွဲ တွေဖြစ် နေလို့မရဘူး။ တရုတ်နိုင်ငံလည်း ဒီမူဝါဒနဲ့ပတ်သက်လို့ပြန်သုံးသပ်တာတွေလုပ်မယ်လို့ ထင်ပါ တယ်"

နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုမူတည်ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အစဉ် တစ်စိုက် ကူညီနေတယ်လို့ တရုတ်အစိုးရက အမြဲပြောလေ့ရှိပါတယ်။ မြန်မာနိုင်ငံကို ကူညီတဲ့ငွေ ပမာဏမကြီးမားပေမယ့် မြန်မာနဲ့ပတ်သက်လို့ တရုတ်အစိုးရက ပြတ်ပြတ်သားသား ပေါ်လစီချမှတ် ကူညီသွားမယ်၊ ရေရှည်အနာဂတ်မှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ကူညီထာက်ပံ့သွားမယ်လို့ တရုတ် အထူးသံတမန် မစ္စတာဆွန်ကော့ရှန်းက ပြောကြားထားပါတယ်။