ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရတနာပုံဈေးမီးလောင်မှု ပထမထပ် လောင်၊Diamond Plaza စစ်ပြီးရင် ပြန်ဖွင့်ဖို့ စီစဉ်မယ်လို့ဆို
မန္တလေး ရတနာပုံဈေး Skywalk ဈေးဝယ်စင်တာမီးလောင်မှုဟာ ပထမထပ်မှာသာ လောင်ကျွမ်းမှု ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒုမြို့တော်ဝန် ဦးရဲမွန်က ပြောပါတယ်။
လောင်ကျွမ်းတဲ့ အပိုင်းနဲ့ ပျက်စီးတဲ့အပိုင်းတွေကို အင်ဂျင်နီယာတွေက ကြံ့ခိုင်မှုစစ်ဆေးတဲ့အပိုင်း စတင်နေပါပြီ။ အဆောက်အအုံခံနိုင်မှုကို အင်ဂျင်နီယာ ပညာရှင်တွေ စစ်ဆေးဆုံးဖြတ်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒုမြို့တော်ဝန်က ပြောပါတယ်။
ရတနာပုံဈေးနဲ့ တွဲလျက် တည်ဆောက်ထားတဲ့ Diamond plaza စစ်ဆေးဆောင်ရွက်မှုတွေ ပြီးစီးသွားပါက ပြန်ဖွင့်နိုင်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ ဦးရဲမွန်က ပြောပါတယ်။
လက်ရှိမှာတော့ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးတာတွေကို သက်ဆိုင်ရာက မထုတ်ပြန်သေးပါဘူး။
ဇန်နဝါရီ ၁၇ရက် ညနေ ၆နာရီ ၁၀ မိနစ်မှာ စတင်လောင်ကျွမ်းတဲ့ ရတနာပုံဈေး Sky Walk shopping center မီးဟာ Level 5 အဆင့်သတ်မှတ် ငြှိမ်းသတ်ခဲ့ပြီး နောက်တစ်နေ့ မနက် ၅နာရီဝန်းကျင်မှာ မီးလောင်မှုအားလုံးကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
"အုန်းဆိုတဲ့ အသံကြားလို့ သွားကြည့်တဲ့အခါမှာ မီးသတ်ဘူးတွေနဲ့ မီးငြှိမ်းနေတယ်။ မီးက ငြှိမ်းလို့မရဘူး။ ဝန်ထမ်းတွေ အကုန်ဆင်းပြေးတယ်။ မီးညွန့်တွေ့တဲ့အခါကျတော့ ကိုယ်ပါဆင်းပြေးလာတယ်။ မီးသတ်ကိုဖုန်းဆက်လိုက်တယ်။ ငါးမိနစ် ဆယ်မိနစ်အတွင်း ချက်ချင်းမီးသတ်ကားရောက်လာလာတယ်"လို့ မီးစလောင်တာကို ကိုယ်တိုင်မြင်ခဲ့သူ တစ်ဦးက ပြောပါတယ်။
"ဝန်ထမ်းတွေအော်သံကြားလို့ သွားကြည့်တဲ့အခါ ပလာဇာက ဝန်ထမ်းတွေ မီးသတ်ဘူးနဲ့ ငြှိမ်းနေတယ်။ မီးသတ်ဘူးတွေနဲ့ ငြှိမ်းလို့မရတော့ မီးသတ်တွေပါ ပြန်ပြေးလာတယ်"
"လောင်တာ Diamond နဲ့ Skywalk ကြား ကျွန်တော်စတွေ့တာ အဲဒီနေရာကို စတွေ့တာ။ ဝန်ထမ်းတွေအုံနေတာ၊ စတိုးဆိုင်က ကောင်မလေးတွေ အုံနေတာပဲ မြင်ရတာ" လို့ သူက ပြောပါတယ်။
မီးငြိမ်းသွားတဲ့ ဇန်နဝါရီ ၁၈ရက် စနေနေ့ နေ့ခင်းပိုင်းမှာတော့ မြေညီထပ်က ဆိုင်ခန်းရှင်တွေကို အဆောက်အအုံအတွင်းပိုင်းက ကိုယ်ပိုင်ဆိုင်ခန်းတွေကို ကြည့်ရှု့ခွင့်ပေးခဲ့ပါတယ်။
မီးငြှိမ်းသတ်တဲ့ရေတချို့ ကြမ်းပြင်ပေါ်မှာ ရှိတာကလွဲရင် ဆိုင်ခန်းတွေ အခြေအနေကောင်းတယ်လို့ ဆိုင်ခန်းတွေကို ကြည့်ခဲ့တဲ့ မြေညီထပ် အထည်ဆိုင်ရှင် တချို့က ပြောပါတယ်။
ဒုတိယထပ် ရတနာမောက ကျောက်မျက်အရောင်းဆိုင်ရှင်တွေကို ကျောက်မျက်ပစ္စည်းတွေ သိမ်းဆည်းနိုင်ဖို့ ခွင့်ပြုထားတယ်လို့ ဆိုင်ခန်းရှင်တွေက ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်က ရတနာပုံဈေး ခြောက်ထပ်အဆောက်အအုံ SKY Walk Shopping Center မီးလောင်မှုဟာ ပထမထပ်မှာ ဖြစ်ပွားခဲ့ပြီး စလောင်ချိန်မှာ မီးလောင်မှုဟာ အဆောက်အအုံ အတွင်းပိုင်းမှာ လှိုက်လောင်ပြီး အပြင်ပိုင်းကို မီးခိုးတွေ အူထွက် လောင်ကျွမ်းခဲ့ပါတယ်။
ရတနာပုံဈေး Sky Walk Shopping Center အဆောက်အအုံရဲ့ မြေညီထပ်နဲ့ ပထမထပ်မှာ အထည်ဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တွေ ရှိပြီး ဒုတိယထပ်မှာ ရတနာမော ကျောက်မျက်ဈေး၊ တတိယထပ်မှာ သင်တန်းခန်းတွေ၊ လေးထပ်မြောက်မှာ MRCCI အသင်းရှိပါတယ်။
ရတနာပုံဈေးဟာ ၂၀၀၈ ခုနှစ်မှာ မီးအကြီးကျယ် လောင်ခဲ့ပြီး Diamond Plaza နဲ့ ရတနာပုံဈေး Skywalk Shopping Center ကို တွဲလျက် အသစ်ထပ်မံတည်ဆောက်ခဲ့ပါတယ်။
Skywalk မီးလောင်မှု ဖြစ်ခဲ့တဲ့ ဇန်နဝါရီ ၁၇ရက်မှာ မန္တလေးမြို့တွင်း ဧရာဝတီမြစ်ဆိပ် မရမ်းခြံဆိပ်ကမ်းမှာလည်း ညနေ ၄နာရီကျော်က ဆီတင်ယာဉ် မီးလောင်မှု ဖြစ်ခဲ့ပါတယ်။