တပ်ကိုဝေဖန်လို့ တရားစွဲခံထားရတဲ့ မြဝတီမင်းကြီးဆရာတော်အမှု တရားလိုဘက်က လာရောက်အစစ်ခံ

ပုဒ်မ ၅၀၀၊ ၅၀၅ (ခ)တို့နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ပုဒ်မ ၅၀၀၊ ၅၀၅ (ခ)တို့နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ခဲ့
ရေးသားခဲ့သည်။

မန္တလေး မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အမှုရဲ့ဇန်နဝါရီ ၁၇ ရက်နေ့ ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ တပ်ဘက်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ လာရောက်စစ်ဆေးခံခဲ့တယ်လို့သိရပါတယ်။

မဘသ အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတဖောင်ဒေးရှင်းကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ် သိန်း ၃၀၀ လှူဒါန်းလိုက်တဲ့အပေါ် ဝေဖန်ခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမူ ပုဒ်မ ၅၀၀၊ ၅၀၅ (ခ)တို့နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သော်တာထွေးက တရားလိုပြုလုပ်ပြီး မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

"ဆရာကျင့်ဝတ်မှာ မတော်ရင် ပြောရမှာပဲ။ မြန်မာပြည်မှာ တယောက်မကောင်း တစ်ယောက်ထိခိုက်တယ်။ ပြည်သူပြည်သားတွေ အရမ်းထိခိုက်တယ်။ သေနတ်လဲကိုင်ထားတယ်။ အာဏာလဲ ယူထားတယ်။ နိုင်ငံရေးလဲ စွက်ဖက်တယ်။ စီးပွားရေးလဲ စွက်ဖက်တယ်။ ဒီလိုလူတွေ လုပ်ချင်ရာ လုပ်နေတော့ ဘုန်းကြီး တို့က မပြောလို့ဘယ်ဖြစ်မလဲ။ မခံတာ သူတို့အပိုင်း။ ပြောရမှာ ဘုန်းကြီးတို့တာဝန်ပဲ"လို့ ဆရာတော် အရှင်အရိယဝံသာဘိဝံသက တရားရုံး တရားခွင်အပြီးမှာ မိန့်ကြားခဲ့ပါတယ်။

ဒီအမှုကို ၂၀၁၉ အောက်တိုဘာလကုန်ပိုင်းက တပ်မတော်ရဲ့ လျှောက်ထားချက်အတိုင်း ဆရာတော်ကို တရားစွဲဖို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက လက်ခံခဲ့တာပါ။

ဆရာတော်ကို စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမူ ပုဒ်မ ၅၀၀ နဲ့ ပုဒ်မ ၅၀၅ အရ အပြစ်ရှိ ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါက အများဆုံး ထောင်ဒဏ် နှစ်နှစ်ထိ ကျခံရမှာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့က ရုံးချိန်းမှာ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး သော်တာထွေးကို မီဒီယာတွေက မေးမြန်းရာမှာတော့ တစ်စုံတစ်ရာမှတ်ချက်ပေးဖြေဆိုတာမျိုးမရှိခဲ့ပါဘူး။

နောက်ထပ်ရုံးချိန်းအဖြစ် ဇန်နဝါရီ ၃၁ရက်ကို ခေါ်ယူထားတယ်လို့သိရပါတယ်။