၂၁ရာစုပင်လုံညီလာခံ ဧပြီမတိုင်ခင် ကျင်းပမယ်

ရေးသားခဲ့သည်။

နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းကနေ၂၁ ရာစု ပင်လုံညီလာခံကို ဧပြီမတိုင်ခင် ကျင်းပမယ်လို့ သဘောတူညီမှု ရခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က JICM အစည်းအဝေးမှာ အချက် ၈ ချက်ကို သဘောတူညီမှုရရှိခဲ့ရာမှာ ဒီအချက်လည်း ပါဝင်တယ်လို့လည်း နှစ်ဖက် တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကျင်းပခဲ့တဲ့ JICM အစည်းအဝေးတွေမှာ အခုကျင်းပခဲ့တဲ့ ရှစ်ကြိမ်မြောက် အစည်းအဝေးဟာ အဆင်ပြေပြေ အောင်မြင်မှု အရှိဆုံး ဖြစ်တယ်လို့လည်း အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

သဘောတူညီမှုရခဲ့တဲ့ ၈ ချက်ထဲမှာတော့ ၂၁ရာစုပင်လုံညီလာခံကို ၂၀၂၀ ရဲ့ ပထမလေးလအတွင်း ကျင်းပဖို့၊၂၀၂၀ အလွန် မှာ ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်တွေ နဲ့ NCAစာချုပ်ပါအချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် နှစ်ဦးနှစ်ဖက်ကြား မူဘောင်သဘောတူညီချက်တွေ ရယူဖို့ အချက်တွေ ပါဝင်ပါတယ်။

လက်နက်ကိုင်ပြီး အားသာချက်ယူတာတွေ၊ ဖြေရှင်းချက်အသစ်တွေနဲ့ စိတ်ကူးယဉ်တာမျိုးတွေဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

ရေတိုကာလမှာ မာန်မာနတွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ စီးမျောနေကြမှာဖြစ်ပေမယ့် ရေရှည်မှာတော့ ပေးဆပ်လိုက်ရတာက တိုင်းရင်းသားတွေနဲ့ တိုင်းရင်း သားဒေသတွေမှာပဲ ဖြစ်တယ်ဆိုတာကို သိလာမှာဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ၈ ကြိမ်မြောက် JIMCM အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ တက် ရောက်ခဲ့သလို တိုင်းရင်းသားတွေဘက်ကလည်း NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်လည်း တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့လည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

JICM အစည်းအဝေးကိုကျင်းပနိုင်ခဲ့ပြီး သဘောတူညီချက် ၈ ချက်ကို ရရှိခဲ့တဲ့အတွက် NLD အစိုးရလက်ထက်မှာ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပြန်လည်စတင်လာတဲ့ အခြေအနေကို ရောက်ရှိသွားပြီလို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

လေးကြိမ်မြောက်၂၁ရာစု ပင်လုံညီလာခံမှာတော့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ကို သဘောတူညီချက်ရရှိအောင် အဓိကလုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ထောင်စု သဘောတူညီချက်ဆိုတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းရဲ့ နောက်ဆုံးအဆင့် သဘောတူစာချုပ် ဖြစ်ပါတယ်။

အဲဒီ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ မှာတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဆက်လက်လုပ်ဆောင်ရမဲ့ အချက်တွေ ပါဝင်မှာ ဖြစ်တယ်လို့လဲ RCSS/SSA အဖွဲရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ မကျင်းပမီ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ဖို့အတွက် UPDJC အစည်းအဝေးကို၂လအတွင်း ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို အပစ်ရပ် လက်မှတ်မထိုးထားတဲ့ အဖွဲ့ရှစ်ဖွဲ့ကို ဖိတ်ကြားဖို့လည်း ရှိနေပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ သဘောတူညီခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့ အခါမှာလည်း အချိန်ကာလကို အတတ်နိုင်ဆုံး လျော့ချပြီး အောင်မြင်အောင် လုပ်ဆောင်ဖို့ကိုလည်း နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။