ရန်ကုန်မိုးပျံလမ်း ပထမပိုင်း သုံးနှစ်အတွင်း အပြီးဆောက်မယ်လို့ဆို

လမ်းပိုင်း တစ်ခြမ်း ၁၇ မိုင် လောက် အရှည်ကို ပထမပိုင်းအနေနဲ့ ဆောက်မယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, လမ်းပိုင်း တစ်ခြမ်း ၁၇ မိုင် လောက် အရှည်ကို ပထမပိုင်းအနေနဲ့ ဆောက်မယ်လို့ဆို
ရေးသားခဲ့သည်။

ရန်ကုန်မြို့ကို စက်ဝိုင်းပုံစံပတ်မယ့် ရန်ကုန် မိုးပျံ အမြန်လမ်းရဲ့ လမ်းပိုင်း တစ်ခြမ်းဖြစ်တဲ့ လမ်းပိုင်း ပထမပိုင်းကို သုံးနှစ်အတွင်း အပြီးဆောက်မယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရပါတယ်။

ဒီပထမလမ်းပိုင်းက ဒေါပုံနဲ့ ပုဇွန်တောင်ကိုဆက်ထားတဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေး တံတားအဆင်းကနေစပြီး ဒညင်းကုန်းလမ်းဆုံအထိ ၁၇ မိုင်လောက် ရှည်မယ့် အပိုင်းဖြစ်ပါတယ်။

ဂျပန်-မြန်မာ ချစ်ကြည်ရေး တံတား အဆင်းမှာ လမ်းပိုင်းစပြီး ကြက်ဘဲဈေးနား၊ အဲဒီကနေ ညာဖက်ကိုချိုးပြီး သုဝဏ္ဏလမ်းဆုံ၊ နောက် ဝေဇယန္တာလမ်းတလျှောက် မြောက်ဥက္ကလာပအထိသွားပြီး ခရေပင်လမ်းဆုံ၊ ခရေပင်လမ်းကနေ အောက်မင်္ဂလာဒုံ ဒညင်းကုန်းလမ်းဆုံမှာ အဆုံးသတ်မယ့် အပိုင်း ဖြစ်ပါတယ်။

ဒီပထမပိုင်း စီမံကိန်း ကုန်ကျနိုင်မယ့် ပမာဏက အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် ကုန်ကျနိုင်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

လမ်းပိုင်းဆောက်လုပ်ဖို့ ရွေးချယ်ထားတဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီအဖွဲ့ ၁၀ ခုထဲမှာတော့ တရုတ်၊ ထိုင်း၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီတွေ ပါဝင်နေပြီး နိုင်ငံတကာမှာ အခြေစိုက်တဲ့ တရုတ်ကုမ္ပဏီတွေ အများဆုံးပါတယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှု အခြေအနေ အခက်အခဲမဖြစ်ဖို့နဲ့ စီမံကိန်း အတွက် သင့်လျော်တဲ့ ကုမ္ပဏီတွေကို ရွေးချယ်ခဲ့တဲ့ ပုံစံနဲ့ ပတ်သက်ပြီး "သူတို့ တင်ကတည်းကနေ ဘဏ္ဍာရေးအရ အင်အားတောင့်တင်းမှု အာမခံချက်တွေ အကုန်တောင်းထားတယ်"လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနက ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဘီဘီစီကို ပြောပါတယ်။

"IFC က နောက်ကြောင်းလိုက်တာပေါ့ သူတို့ကို အာမခံချက်ပေးတဲ့ ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေရဲ့ အင်အားတောင့်တင်းမှုတွေ အဲဒါတွေအကုန်လုံး လိုက်ပြီးမှု ရွေးတာပါ" လို့ ဦးကြည်ဇော်မြင့်က ပြောပါတယ်။

မိုးပျံလမ်း စီမံကိန်း တည်ဆောက်မှု အခြေအနေနဲ့ ပတ်သက်ပြီး " မိုးပျံလမ်း ရင်းနှီးမြှုပ်နှံမှုသည် ရန်ကုန်တိုင်း ဒေသကြီးအတွက်လည်း လိုအပ်တယ်။

လက်ရှိ အနေနဲ့ ရင်းနှီးမြှုပ်နှံမှုလည်း သေချာနေပြီ။ ဈေးကွက်သေချာပြီပေါ့။ သေချာတဲ့အနေအထားလေး ရောက်တဲ့အချိန်မှာ စတာပါ။

၂၀၁၇ မှာ IFC (ကမ္ဘာ့ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း) နဲ့ စာချုပ် ချုပ်ပါတယ်။ သူတို့ကို consultant အနေနဲ့ ငှားပြီး အဲဒီက စလုပ်တာပါ"

အဲဒီ လမ်းပိုင်း ပထမအပိုင်း ဆောက်နေချိန်မှာပဲ ဒုတိယ အပိုင်း ၁၂မိုင် ကျော်လောက် ရှည်တဲ့ အောက်မင်္ဂလာဒုံလမ်းကနေ ရန်ကုန်မြို့ထဲထိ ဆက်သွယ်ထားတဲ့ ကမ်းနားလမ်းတလျှောက် ဆောက်လုပ်ဖို့ကို တင်ဒါခေါ်ယူမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရပါတယ်။

မိုးပျံလမ်း စီမံကိန်းလုပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ၂၀၁၈ခုနှစ် ဇွန်လကစပြီး ဖိတ်ခေါ်ခဲ့တာ ကုမ္ပဏီ ၅၀ကျော် လာရောက်တင်ပြခဲ့ပါတယ်။

အဲဒီကုမ္ပဏီတွေထဲက အရည်အချင်းပြည့်မီတဲ့ အစုအဖွဲ့ကုမ္ပဏီတွေ စုပေါင်းပြီး အဖွဲ့ ၁၀ဖွဲ့က ဆောက်လုပ်ရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။

အဲဒီအဖွဲ့ ၁၀ခုကို ဒီဇင်ဘာလ အကုန်မှာ ဝန်ကြီးဌာနက ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

အဲဒီ အဖွဲ့ ၁၀ခုက မတ်လ ပထမအပတ်အတွင်း ရင်းနှီးမြှပ်နှံလုပ်ကိုင်နိုင်မယ့် အခြေအနေကို အစီရင်ခံ တင်ပြရမှာဖြစ်ပြီး ဧပြီလပထမပတ်မှာတော့ လုပ်ကိုင်ခွင့်ရရှိမယ့် ကုမ္ပဏီအဖွဲ့ကို ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။