ခြိမ်းခြောက်ငွေ တောင်းတဲ့ ရဲ ၃ ဦးကို လားရှိုးမှာ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Soe Than WIN/AFP via Getty Images
ရှမ်းပြည်နယ်၊ လားရှိုးမှာ အရပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းခဲ့တဲ့ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို မတရားဖမ်းဆီး ချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ ခြောက်လှန့် ငွေတောင်းမှု ပုဒ်မ ၃၈၆နဲ့ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ လားရှိုးမြို့ရဲတပ်ဖွဲ့ရုံးမှာ အမှုဖွင့်ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
"လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူးရုံး လုံခြုံရေးအကူတပ်ဖွဲ့က ရဲတပ်ကြပ်ကြီးဝင်းလှိုင်၊ ရဲတပ်ကြပ်တင်ရွှေ၊ ရဲတပ်သားမြတ်မင်းစိုးတို့ကို ခြိမ်းခြောက်ခံရတဲ့ ကာယကံရှင် မိသားစုက သတင်းပေးလို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်"လို့ လားရှိုးမြို့နယ်စခန်းမှူး ဒုရဲမှူး မြင့်ကျော်က ပြောပါတယ်။
ဒီရဲ ၃ ဦးဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲကျော်လောက်မှာ လားရှိုးမြို့ ရပ်ကွက် ၇ မှာနေတဲ့ ဦးအိုက်ချန် ဆိုသူကို စစ်မေးစရာ ရှိလို့ဆိုပြီး နေအိမ်ကနေ လာရောက်ခေါ်ယူခဲ့ပြီး ဒီနောက် ငွေကျပ် ၁၅ သိန်းနဲ့ လာရွေးယူဖို့ မိသားစုကို ဖုန်းဆက်ခဲ့ပါတယ်။ဒါ့ကြောင့် မိသားစုက သက်ဆိုင်ရာ နယ်မြေမှူးကို အကူအညီတောင်း၊ ဦးအိုက်ချန်းကို ပြန်ပေးဆွဲထားတဲ့ သူတို့တွေကို ချိန်းဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
"သူတို့ ၃ ယောက်က ပြန်ခုခံတယ်၊ အဲတော့ ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်၊ တစ်ယောက်တော့ ခြေသလုံးကြွက်သားကို မှန်သွားတယ်" လို့ ဒုရဲမှူး မြင့်ကျော်က ပြောပါတယ်။
ဖမ်းဆီးပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှာတော့ ၃ ဦးလုံးကို ချုပ်ရမာန် ၂ ပတ်ယူပြီး ရဲအချုပ်မှာ ထိန်းသိမ်းထားတယ်လို့ လားရှိုးမြို့မ ရဲစခန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD/AFP via Getty Images
"သူတို့တွေက ရဲတွေဖြစ်ရဲ့သားနဲ့ အရပ်သားဆီက ခြိမ်းခြောက် ငွေတောင်းတယ်၊ ရဲစည်းကမ်းကို ဖောက်ဖျက်တယ်၊ ၃ ဦးလုံးကို ရဲစည်းကမ်းအရရော ပြစ်မှုဆိုင်ရာ ဥပဒေအရရော အရေးယူမှာပါ" လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦးကလည်း ဘီဘီစီကို ပြောပါတယ်။
"လားရှိုးမှာ ဆိုင်ကယ်ချင်း ဘေးချင်းယှဉ်စီးပြီး လုယက်တာ၊ ဓားနဲ့ခုတ်တာတွေ ဖြစ်ဖူးပါတယ်၊ အခု ဒါမျိုးဖြစ်တယ်ဆိုတော့ ရဲတွေအပေါ် စိတ်ချ လက်ချ ယုံကြည်မှု လျော့သွားတာပေါ့" လို့ လားရှိုးမြို့ခံတစ်ဦးဖြစ်တဲ့ ဦးသောင်းလွင်က ပြောပါတယ်။
ဒီဇင်ဘာလ ၈ ရက်နေ့ကလည်း လားရှိုးဈေးနားမှာ ဆိုင်ကယ်ထိုင်ခုံအောက်ထဲ ငွေ ၄၈ သိန်း ၉ သောင်း ထည့်ပြီး စီးလာတဲ့ သူ ၂ ဦးကို လားရှိုးဈေးနားမှာ လူ ၂ ယောက်က ဆိုင်ကယ်ကို ရပ်ခိုင်းပြီး ဆိုင်ကယ်ကို လုယူ မောင်းသွားလို့ ဆိုင်ကယ်ရော ငွေရော အလုခံရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
ရဲတွေကတော့ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျူးလွန်သူကို စုံစမ်းနေတယ်လို့ လားရှိုးမြို့နယ် စခန်းမှူး ဒုရဲမှူး မြင့်ကျော်က ပြောပါတယ်။








