အိုင်စီဂျေမှာ မြန်မာရှေ့နေ့တွေ အဓိက လျှောက်လဲသွားတဲ့ အချက်တွေ

ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က ငှားထားတဲ့ ရှေ့နေ ဝီလီယံရှားဘတ်စ် အပါအဝင် မြန်မာရှေ့နေတွေက အချက် ၅ ချက် ခန့်ကို အဓိကလျောက်လဲ သွားတယ်လို့ မြန်မာဥပဒေပညာရှင် ဒေါက်တာ မြင့်ဇံက ပြောပါတယ်။
မြန်မာရှေ့နေ့တွေ နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ ဒီဇင်ဘာလ၁၁ ရက်နေ့ မြန်မာဘက်က လျှောက်လဲချက်တွေ အပြီးမှာ မြန်မာဥပဒေပညာရှင် ဒေါက်တာမြင့်ဇံက ဘီဘီစီနဲ့ သီးသန့်တွေ့ဆုံစဉ်မှာ အခုလိုပြောခဲ့တာပါ။
အဲဒီအချက်တွေထဲမှာ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဒီအမှုကို စီရင်ပိုင်ခွင့်မရှိဘူး၊ ဂမ်ဘီယာအနေနဲ့ မြန်မာကို တရားစွဲနိုင်တဲ့ အခွင့်အရေးမရှိဘူး၊ လူတွေကိုမောင်းထုတ်တာဟာ ဂျီနိုဆိုက် မဟုတ်ဘူး စတဲ့ အချက်တွေကို မြန်မာရှေ့နေတွေက အဓိက ပြောသွားတယ်လို့လည်း သူက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီအမှုကို စီရင်ပိုင်ခွင့်မရှိဘူး
ဒီနေရာမှာ မြန်မာနိုင်ငံဘက်က ငှားထားတဲ့ ရှေ့နေ ဝီလျံ ရှေဘတ်စ် အဓိကထား ပြောတာက ဂျီနိုဆိုက် ကွန်ဗင်းရှင်း အပိုဒ် ၉မှာ အဓိပ္ပာယ်ဖွင့်ဆိုထားတာက ဂျီနိုဆိုက်နဲ့ ပတ်သက်ပြီး၊ အဓိပ္ပာယ်ကောက်ယူတာဖြစ်စေ ကွန်ဗင်းရှင်းကို အကောင်အထည်ဖော်တာ ဖြစ်စေ၊ လိုက်နာတာဖြစ်စေ၊ ဒီကိစ္စတွေမှာ အငြင်းပွားမှု ပေါ်ပေါက်လာရင် ဖြေရှင်းပေးဖို့ ကွန်ဗင်းရှင်း လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေချင်း အငြင်းပွားမှု ရှိရင် လျောက်ထားနိုင်တယ်လို့ ပြောသွားတယ်လို့ ဒေါက်တာမြင့်ဇံက ပြောပါတယ်။ ။
မြန်မာနိုင်ငံဘက်က ငှားထားတဲ့ ရှေ့နေ ဝီလျံ ရှေဘတ်စ်က မြန်မာနဲ့ ဂမ်ဘီယာကြား ဒီကိစ္စ မှာ အငြင်းပွားမှု မရှိဘူးလို့လည်း သူက ရှင်းသွားပါတယ်။
မြန်မာဘက် ကို အောက်တိုဘာလ ၁၁ ရက်က အကြောင်းကြားစာပို့ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်မှာ တရားစွဲတာဖြစ်လို့ အချိန်လည်းစောသလို၊ လုပ်နည်းလုပ် ဟန်မမှန်ဘူးလို့ ဝီလျံ ရှေဘတ်စ်က ပြောသွားကြောင်း ဒေါက်တာ မြင့်ဇံက ပြောပါတယ်။
ဂမ်ဘီယာအနေနဲ့ မြန်မာကို တရားစွဲနိုင်တဲ့ အခွင့်အရေးမရှိဘူး
အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံပေါင်း ၅၇ နိုင်ငံပါတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ကို ကိုယ်စားပြုပြီး ဒီအမှုကို ဖွင့်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်ထိ နှစ်ဖက်နိုင်ငံတွေရဲ့ လျှောက်ထားချက်တွေကို ၃ ရက်တာ ကြားနာသွားမယ်လို့ ICJ ဘက်က ရုံးချိန်းရက်တွေ ထုတ်ပြန်ထားပါတယ်။
အိုအိုင်စီက ဒီနှစ် မတ်လတည်းက မြန်မာနိုင်ငံကို တရားစွဲဖို့ လုပ်နေပြီးတော့ ဂမ်ဘီယာဟာ သူ့ကိုယ်သူ ကိုယ်စားပြုတာ မဟုတ်ဘဲ အိုအိုင်စီကို ကိုယ်စားပြုတာလို့လည်း မြန်မာရှေ့နေတွေက ပြောသွားတယ်လို့ ဒေါက်တာမြင့်ဇံက ပြောပါတယ် ။
ဒါ့အပြင် ဂမ်ဘီယာဟာ အိုအိုင်စီကို ကိုယ်စားပြုပြီး ဒီအပြည်ပြည်ဆိုင်ရာ တရားရုံမှာ တရားစွဲပိုင်ခွင့်မရှိဘူး၊ ဥပမာ အာဆီယံ အပါအဝင် အခြားဒေသတွင်း အဖွဲ့စည်းတွေကလည်း တရားစွဲလို့မရဘူး၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ကပဲ တရားစွဲလို့ရတယ်။ ကုလသမဂ္ဂ မဟုတ်တဲ့ အဖွဲ့စည်းတွေဟာ ဥပဒေ အကြံဉာဏ် နဲ့တရားစွဲဖို့ လျှောက်ခွင့်မရှိဘူးလို့လည်း မြန်မာနိုင်ငံဘက်က ရှေ့နေတွေက လျှောက်လဲသွားတယ်လို့ ဒေါက်တာမြင့်ဇံက ပြောပါတယ်။
ကြားဖြတ်စီရင်မှုနဲ့ဆိုင်တဲ့ လျှောက်လဲချက်
အရပ်သားတွေ အပေါ် ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ အားလုံး မြန်မာနိုင်ငံထဲမှာ ချက်ခြင်းရပ်ရေး အရေးပေါ် တားဆီးမိန့် တစ်ရပ် အိုင်စီဂျေဘက်က ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာက ထည့်သွင်း လျှောက်ထားခဲ့တာကို အခု ကြားနာကြတာလည်း ဖြစ်ပါတယ် ။
ဂမ်ဘီယာ ရှေ့နေတွေက သူတို့ အလေးသာနိုင်တဲ့ အရင် အမှုတွေကိုပဲ ကိုးကားသွားတယ်လို့ မြန်မာ ရှေ့နေတွေက လျှောက်လဲခဲ့တယ်လို့ ဒေါက်တာမြင့်ဇံက ရှင်းပြပါတယ်။
ဒါ့အပြင်၂၀၀၇ ခုနှစ် ပြီးပြတ်သွားတဲ့ ဘော့စနီးယားက ယူဂိုဆလပ်ကို စွဲတဲ့ အမှုကိုပဲ ထောက်ပြောတယ်။၂၀၁၅ ခုနှစ် ဂမ်ဘီယာကို အထောက် အကူသိပ်မဖြစ် တဲ့ခရိုအေးရှားနဲ့ ဆားဗီးယား အမှုကို ထုတ်မပြောဘူးလို့လည်း မြန်မာနိုင်ငံဘက်က ရှေ့နေတွေက လျှောက်လဲသွားတယ်လို့ သူက ရှင်းပြပါတယ်။
အိုင်စီဂျေ ပုဒ်မ ၅၉ မှာဖော်ပြထားတာ အိုင်စီဂျေ ဆုံးဖြတ်ချက်ဟာ အငြင်းပွားတဲ့ နိုင်ငံတွေ မှာ အကျုံးဝင်ပြီးကျန်တဲ့ အမှုတွေမှာ အကျုံးမဝင်ဘူး။
ဂျီနိုဆိုက်အရ တာဝန်ရှိမှု မရှိမှုကို ငြင်းနေတဲ့ အချိန်မှာ ကြားဖြတ်စီရင်မှု ပေးလိုက်ရင် အမှုကို ဘယ်လို တရားမျှတစွာ စီရင်နိုင်မလဲ၊ အိုင်စီဂျေ အနေနဲ့ အဲလိုပေးလိုက်ရင် ယူဆပြီး ပေးလိုက်သလို ဖြစ်နိုင်တာကြောင့် မပေးသင့်ဘူး စတဲ့ မြန်မာနိုင်ငံဘက်က ရှေ့နေတွေက လျှောက်လဲသွားတာတွေကို ဒေါက်တာမြင့်ဇံက ပြောပါတယ်။
လူတွေအများအပြား ထွက်သွားတာ ဂျီနိုဆိုက် မဟုတ်ဘူး
မြန်မာဘက်က အခုလို လူတွေ အများအပြား ထွက်သွားတာ ဖြစ်ခဲ့တာဟာ ဟိုဘက်ကနေ ဒီဘက်ကို ပို့တာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တစ်ခုတော့ မြောက်ချင် မြောက်မယ် အဲဒီလို ပို့တာတချက်တည်းနဲ့တော့ ဂျီနိုဆိုက် မဟုတ်ဘူးလို့လည်း မြန်မာနိုင်ငံဘက်က ရှေ့နေတွေက လျှောက်လဲသွားခဲ့ပါတယ်၊Intent လို့ ခေါ်တဲ့ သတ်ဖြတ်ရန် ရည်ရွယ်ချက် မပါဘူး ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ချက် မပါဘူး မြန်မာနိုင်ငံဘက်က ရှေ့နေတွေက လျှောက်လဲ သွားကြောင်း ဒေါက်တာမြင့်ဇံက ပြောသွားပါတယ်။








