ဆေးခြောက် တရားဝင်ဖြစ်ရေး ဥပဒေပညာရှင်တွေနဲ့ အကောင်ထည်ဖော်မယ် ပြော

ရေးသားခဲ့သည်။

မြန်မာနိုင်ငံမှာ ဆေးခြောက် တရားဝင် ဖြစ်မြောက်ရေး လိုလားသူတွေဟာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီး ဒီကိစ္စကို အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။

လွှတ်တော်တွင်းက ဖြစ်စေ၊ လွှတ်တော်ပြင်ပက ဖြစ်စေ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆေးခြောက် သုံးစွဲမှု တရားဝင် ဖြစ်မြောက်ရေးအတွက် တောင်းဆို လူပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ဒီလူပ်ရှားမှုကို ဦးဆောင်သူ ကိုစိန်လှမောင် ကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က မြို့တော်ခန်းမရှေ့မှာ မီးပုံးပျံ ၁၁၁လုံး လွှတ်တင်ပြီး ဆေးခြောက် တရားဝင် ဖြစ်မြောက်ရေး တောင်းဆိုခဲ့တဲ့ ကိုစိန်လှမောင်ကို ငြိမ်းစုစီပုဒ်မ၁၉ နဲ့ ကျောက်တံတား ရဲစခန်းက အမှုဖွင့် တရားစွဲခဲ့ပါတယ်။

အဲဒီအမှု ပထမဆုံး ရုံးချိန်းကို နိုဝင်ဘာ ၂၅ရက်နေ့က ကျောက်တံတား တရားရုံးမှာ စတင်ကြားနာခဲ့အပြီးမှာ ကိုစိန်လှမောင်ကို ဒဏ်ငွေ နှစ်သောင်းကျပ် အမိန့်ချမှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးခြောက် တရားဝင်ဖြစ်မြောက်ရေး လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး မြို့တွေမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တာပါ။

ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် မြန်မာလူ့အဖွဲ့အစည်းက သတ်မှတ်ထားမှုဟာ ခေတ်နောက်ကျနေပြီလို့လည်း ကိုစိန်လှမောင်ကပြောပါတယ်။

"ကျွန်တော်တို့ တစ်ကိုယ်ရေ သုံးစွဲတာကို တရားဝင်အောင် ခွင့်ပြုစေချင်တာ၊ လက်ရှိ ချမှတ်ထားတဲ့ ဥပဒေက မတရားဘူးလို့ ထင်တယ်၊ နည်းနည်းလေး မိတာနဲ့ ထောင် လေးငါးနှစ်လောက်ကို ကျသွားတယ်။အဲဒါနဲ့ ပတ်သက်ပြီးလည်း ပြင်ချင်တယ်၊ နောက်တစ်ခုက ဆေးခြောက်ဟာ မူးယစ်ဆေး တစ်ခုတည်း မဟုတ်ဘဲ ဆေးပညာဘက်မှာရော စက်မှုလုပ်ငန်းတွေမှာပါ သုံးလို့ရတော့ မြန်မာနိုင်ငံမှာ တရားဝင် စိုက်ပျိုးခွင့်ရဖို့လည်း ကွှန်တော်တို့က တောင်းဆိုတာပါ" လို့ သူက ပြောပါတယ်။

"နိုင်ငံတကာမှာလည်း ဆေးခြောက်ပင်ကနေ ကုန်ပစ္စည်းတွေ ထုတ်တယ်၊ အစားအသောက်တွေ ထုတ်တယ်၊ ဆေးဝါးတွေ ထုတ်လုပ်နေပါပြီ"လို့ သူက ပြောပါတယ်။

ဆေးခြောက်ကို ဆေးလိပ်ထဲမှာ ဆေးရွက်ကြီးနဲ့ ရောပြီး သောက်ကြသလို မီးရှိုပြီး အငွေ့ကို နည်းမျိုးစုံနဲ့ ရှူရှိုက်ကြပါတယ် ။

ဒါ့အပြင် လက်ဘက်ခြောက်၊ အကြမ်းခြောက်လို အသုံးပြုတာ၊ မုန့်မျိုးစုံနဲ့ ဟင်းတွေမှာ ထည့်သွင်း ချက်လုပ် စားသောက်တတ်ကြတာတွေ ရှိပါတယ်။

ဆေးခြောက်နဲ့ စိတ်မူမမှန်မှု ဆက်စပ်နေတယ် ဆိုပြီး အငြင်းပွားဖွယ် အကြာင်းအရာတွေကလည်း မြန်မာ လူ့အဖွဲ့စည်းမှာ ယုံကြည်ကြသူတွေရှိပါတယ် ။

မြန်မာနိုင်ငံက ဆေးခြောက် တရားဝင် ဖြစ်မြောက်ရေး လိုလားသူတွေကတော့ ဆေးခြောက်ကနေ ကင်ဆာ ခုခံအားကျဆင်းမှု၊ အေအိုင်ဒီအက်စ်၊ ပိုလီယို လို ရောဂါတွေအတွက် ဆေးထုတ်လို့ ရပြီး နိုင်ငံတကာမှာလည်း ခွင့်ပြုပေးနေတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် လက်ရှိ ဥပဒေတွေအရ ဆေးခြောက်ဟာ မူးယစ်ဆေးဝါးထဲမှာ ပါဝင်နေဆဲ ဖြစ်ပြီးတော့ သတ်မှတ်ထားတာထက် များတဲ့ ပမာဏ လက်ဝယ်တွေ့ရင် ထောင် ၃ နှစ်ကနေ ၅ နှစ်လောက် အထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။

ဆေးခြောက် တရားဝင်ဖြစ်မြောက်ရေး လူပ်ရှားသူတွေက နိုင်ငံအတွင်း တရားဝင် စိုက်ခွင့် ရရေးကိုလည်း တောင်းဆိုထားကြပါတယ်။

ဆေးခြောက်မျိုးနွယ်ပင် တစ်မျိုးဖြစ်တဲ့ စက်မှုလျှော်ပင် Industrial Hemp ကို တရားဝင် စိုက်ပျိုးခွင့် ပေးနိုင်ဖို့အတွက် လက်ရှိ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကော်မတီက လုပ်ဆောင်နေပါတယ်။

စက်မှုလျှော်ပင်မှာ မူးယစ်ထုံထိုင်းစေတဲ့ အာနိသင် ဝ.၃ ရာခိုင်နှုန်းလောက်ပဲ ပါတာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း အပင်တွေကို ဆေးခြောက်ပင်လို့ မသတ်မှတ်ဘဲ မူးယစ်ဆေးဥပဒေထဲမှာ ထည့်သွင်း သတ်မှတ်ဖို့ သဘောတူထားပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလထဲမှာတော့ လွှတ်တော်မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒီလှုပ်ရှား တောင်းဆိုမှုဟာ မြန်မာနိုင်ငံမှာ ဆေးခြောက် တရားဝင်ဖြစ်မြောက်ရေး ပထမဆုံး တောင်းဆိုမှုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆေးခြောက် တရားဝင်ဖြစ်ရေး လှုပ်ရှားမှုတွေကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့လည်း သူတို့က ပြောပါတယ်။