ရေတပ် သင်္ဘောတွေကို အေအေက အာပီဂျီနဲ့ ပစ်လို့ အပြန်အလှန် တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှိတဲ့ အိန္ဒိယ စီမံကိန်း တံတား အတွက် ကုန်တင် သင်္ဘော သုံးစင်း အပါအဝင် လုံခြုံရေး ယူလာတဲ့ ရေတပ် သင်္ဘော တွေကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ အေအေ ရက္ခိုင့် တပ်တော် က RPG နဲ့ ပစ်ခတ် တဲ့အတွက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲ အတွင်းမှာ တပ်မတော် ဘက်ကလည်း လက်နက်ကြီးတွေ နဲ့ ပြန်လည် ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီး၊ အပြန်အလှန် ပစ်ခတ်မှုတွေ အတွင်းမှာ အရပ်သား တစ်ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိသွားပါတယ်။
မနက် ၇ နာရီကျော်လောက်မှာ ကျောက်တော်မြို့နယ်၊ ပီကောက် ကျေးရွာ အနီးမှာ အဲဒီ သင်္ဘော အုပ်စုကို အေအေကနေ အာရ်ပီဂျီနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီပစ်ခတ်ခံရပြီးတဲ့ နောက် ရေတပ်သင်္ဘောတွေက ပြန်လည် ပစ်ခတ်တဲ့ အတွက် တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ရက္ခိုင့် တပ်တော် အေအေကနေ ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်နေတဲ့ ပလက်၀ စီမံကိန်းကို မတိုက်ခိုက်ပါဘူးလို့ ပြောဆိုထားပြီး ခုလို တိုက်ခိုက်တာဟာ အပြောနဲ့ အလုပ် မညီဘူးလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စွပ်စွဲ ပြောဆိုပါတယ်။
ဒီတိုက်ခိုက်မှု အပေါ် ရက္ခိုင့်တပ်တော် အေအေ အတည်ပြုခဲ့တဲ့ အပြင် အဲဒီ သင်္ဘောတွေ ပေါ်မှာ တပ်မတော် ဘက် က စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင် လာတဲ့ အတွက် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

ရက္ခိုင့်တပ်တော် အေအေ အနေနဲ့ လွန်ခဲ့ မတ်လ ၁၆ ရက်နေ့က ပလက်ဝမြစ်ကူးတံတား စီမံကိန်း အတွက် သံဘောင်တွေ ယူဆောင်လာတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့တဲ့ အတွက် အဲဒီ သင်္ဘောဟာ မီးလောင်သွားပြီး သံဘောင် တွေ ပျက်စီးသွားခဲ့ဖူးပါတယ်။
အခု အကြိမ်ကတော့ အေအေ ဘက် က ပြုလုပ်လာတဲ့ ဒုတိယ အကြိမ် တိုက်ခိုက်မှု ဖြစ်ပါတယ်။
တိုက်ခိုက်မှု အတွင်း ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ တုံ့ပြန် ပစ်ခတ်ရာမှာ ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာထဲ ကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် အသက် ၆၅ နှစ်အရွယ် ဦးလှထွန်းဖြူ၍ ခြေထောက် တစ်ဖက် ပြတ်သွားပြီး နောက်ထပ် ရွာသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကာ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
တိုက်ပွဲဖြစ်စဉ်တွေအတွင်းမှာ အခုလိုမျိုး ကျေးရွာတွေကို ပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်မှုတွေ ဖြစ်ပွားနေရပြီး အခုလိုမျိုး မဖြစ်ပွားစေချင်ကြောင်း ဒေသခံ တစ်ဦး က ပြောပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၁ ရက်နေ့ညနေ ၄ နာရီလောက်က ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာ အနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြရာ ဗျူဟာကုန်းကနေပြီးတော့ လက်နက်ကြီးတွေ ပစ်ကူပေးခဲ့ရာမှာ အမျက်တော်ကျေးရွာကို လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၈ နှစ်အရွယ် ဦးဆန်းသိန်းမောင် သေဆုံးပြီး အသက် ၅၃ နှစ်အရွယ် ဦးမောင်ခင်ဝင်းဆိုသူမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့ ၂ နာရီကျော်ခန့်အချိန်ကလည်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အနီးရှိ ညောင်ကန်ကျေးရွာအနီးဝန်းကျင်ကို တပ်မတော် ရဟတ်ယာဉ်နှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဗုံးကြဲတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
"ရဟတ်ယဉ်နှစ်စင်းနဲ့ လာတယ်။ ပစ်ခတ်ခဲ့တယ်လို့တော့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီမှာ ရဟတ်ယာဉ်ပေါ်က ပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ မီးသွေးဖိုတွေ၊ တိရစ္ဆာန်မွေးမြူရေးလုပ်တဲ့ ခြံတွေ၊ လယ်တဲတွေက ပျက်စီး သွားတယ်လို့ သိရတယ်။ ရဟတ်ယာဉ်နဲ့ ပစ်တာဆိုတော့ ဗုံးကြဲတာတော့ မဖြစ်နိုင်ဘူး။ အဲ့ဒါက ဒေသခံတွေပြောဆိုတာပဲဖြစ်ပါတယ်"လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကပြော ပါတယ်။
လေကြောင်းပစ်ခတ်မှုမှာ ဗုံးကြဲတာရှိမရှိ သိရှိရဖို့အတွက် တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိတဲ့အတွက် ဒေသခံတွေ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ အတည်ပြုနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့အကြား တစ်နှစ်နီးပါးအကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက်က လေကြောင်းပစ်ကူပေးတာတွေရှိခဲ့ပေမယ့် အခုလိုမျိုး ဗုံးကြဲတိုက်ခိုက်တာ ပထမဆုံး အကြိမ် ဖြစ်တယ် လို့ လေ့လာသူတွေက ပြောပါတယ်။









