ရန်ကုန်က တက္ကသိုလ် ကျောင်းသားတစ်ဦး ဘယ်လို လူကုန်ကူးခံခဲ့ရသလဲ

ကျောင်းသားတစ်ယောက်ကို လူမဆန်စွာ ပြုမူခဲ့သူတွေကို ညီမျှတဲ့ပြစ်ဒဏ်ပေးဖို့ တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Thaw Zin

ဓာတ်ပုံ ပုံစာ, ကျောင်းသားတစ်ယောက်ကို လူမဆန်စွာ ပြုမူခဲ့သူတွေကို ညီမျှတဲ့ပြစ်ဒဏ်ပေးဖို့ တောင်းဆို
ရေးသားခဲ့သည်။

ရန်ကုန်မြို့လယ်ခေါင်မှာ အမျိုးသမီးနှစ်ဦးရဲ့ အယုံသွင်း ခေါ်ဆောင်သွားတာခံရပြီး ကျားဖောင်လို့ ခေါ်တဲ့ ပင်လယ်ပြင် ငါးဖမ်းဖောင်တွေပေါ်မှာ စေခိုင်းဖို့ ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နောက်ဆုံးနှစ်ကျောင်းသားကို မိသားစုက ငွေကျပ်ခုနစ်သိန်းနဲ့ အလုပ်ရှင်ဆီကနေ ပြန်ရွေးခဲ့ရပါတယ်။

ပြန်လွတ်လာတဲ့ ကျောင်းသား ကိုမြတ်သူရထွန်းမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ ရရှိထားပါတယ်။ ဒဂုံတက္ကသိုလ်၊ သမိုင်းဌာန ကျောင်းသားများအဖွဲ့က ဒီလုပ်ရပ်ကို စက်ဆုပ်ရွံ့ရှာဖွယ် လူကုန်ကူးမှုအဖြစ် ရှုတ်ချပြီး လူပွဲစားတွေကို ထိရောက်စွာအရေးယူပေးဖို့ တောင်းဆိုနေပါတယ်။

ကျောင်းသားတစ်ယောက်ကို လူမဆန်စွာ ပြုမူခဲ့သူတွေကို ညီမျှတဲ့ပြစ်ဒဏ်ပေးဖို့၊ မတရားနှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ကျန်ရှိနိုင်ငံသားတွေကို တာဝန်ရှိသူတွေက အမြန်ဆုံးကယ်ဆယ်ဖို့နဲ့ ဖြစ်စဉ်မှာ တာဝန်ပေါ့ လျော့သူနဲ့ ပူးပေါင်းတဲ့ အကျင့်ပျက်ဝန်ထမ်းတွေ ရှိမရှိ စိစစ်ပေးဖို့ အထက်ပါအဖွဲ့က နိုဝင်ဘာ ၂၂ ရက်မှာ ကြေညာထားပါတယ်။

ဖျာပုံကနေ ပင်လယ်အတွင်း ၁၂ နာရီလောက် သင်္ဘောနဲ့ သွားရတဲ့ ငါးဖမ်းကျားဖောင်တစ်ခုမှာ အလုပ်လုပ်ဖို့ အမျိုးသမီးနှစ်ဦးက ကိုမြတ်သူရထွန်းကို ငွေကျပ် ခုနစ်သိန်းနဲ့ ငါးဒိုင်တစ်ခုမှာ ရောင်းစားခဲ့တာ ဖြစ်ပါတယ်။

မိသားစုက ပြန်ရွေးယူလို့ လွတ်လာတဲ့ သူ့ကို လူကုန်တားရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ စစ်ချက် လာယူသွားပြီး လူပွဲစားတွေကို ဖမ်းဆီးတရားစွဲဖို့ စီစဉ်နေတယ်လို့ ကိုမြတ်သူရထွန်းရဲ့အစ်ကို ကိုသော်ဇင်က ဘီဘီစီကို ပြောပါတယ်။

ဘယ်လိုလူကုန်ကူးခံရတာလဲ

ဒဂုံတက္ကသိုလ်မှာ သမိုင်းဘာသာအဓိကနောက်ဆုံးနှစ်ဖြေဆိုထားတဲ့ ကိုမြတ်သူရထွန်းဟာ အိမ်က ပစ္စည်းဝယ်ခိုင်းတဲ့အတွက် အရှေ့ဒဂုံမှာရှိတဲ့ သူ့နေအိမ်ကနေ ဆူးလေကို အောက်တိုဘာ ၂ ရက်နေ့က ထွက်ခွာသွားခဲ့ပါတယ်။

အိမ်က ထွက်သွားချိန်မှာ ငွေကျပ်နှစ်သောင်းကျော်ကလွဲလို့ မှတ်ပုံတင်၊ ကျောင်းသားကတ် စတဲ့ အရေးကြီးစာရွက်စာတမ်းတွေလည်း ယူမသွားဘူးလို့ အစ်ကိုဖြစ်သူက ဆိုပါတယ်။

မြို့ထဲမှာပစ္စည်းဝယ်ဖို့ ရောက်နေတဲ့ သူ့ကို အမျိုးသမီးနှစ်ဦးက ငွေကျပ်သိန်းနှစ်ဆယ် လာက် စုမိမယ့်အလုပ်ရှိတယ်လို့ စည်းရုံးခေါ်ဆောင် သွားတာဖြစ်ပြီး ဒလဘက်ကို ရောက်တော့ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစာချုပ်ကို လက်မှတ်မထိုးဖို့ ငြင်းတဲ့အခါ အမျိုးသားတစ်ဦး ထပ်ရောက်လာပြီး ကိုမြတ်သူရထွန်းရဲ့ ဇက်ပိုးကို အုပ်လိုက်ရာကနေ မူးမေ့ သွားပြီး လက်မှတ်ထိုးပေးလိုက်တယ်လို့ အစ်ကိုဖြစ်သူက အကြောင်းစုံကိုပြန်ပြောပြပါတယ်။

ကိုမြတ်သူရထွန်း ပျောက်သွားပြီးနောက်ပိုင်း မိသားစုက ရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ပြီး လူပျောက် ကြော်ငြာစာရွက်တွေကိုလည်း မြို့နဲ့အနီးတစ်ဝိုက် လိုက်လံကပ်ခဲ့ပါတယ်။

ကိုမြတ်သူရထွန်းရဲ့ လူပျောက်ကြော်ငြာ

ဓာတ်ပုံ ရင်းမြစ်, Thaw Zin

ဓာတ်ပုံ ပုံစာ, ကိုမြတ်သူရထွန်းရဲ့ လူပျောက်ကြော်ငြာ

ဒါ့အပြင် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကနေလည်း လူပျောက်ကြော်ငြာတွေ ဖြန့်ဝေခဲ့ပါတယ်။

အဲဒီနောက် ဖျာပုံ ဘက်က ငါးဒိုင်တွေမှာ သွားရှာဖို့ မိတ်ဆွေတချို့က အကြံပေးတာကြောင့် အစ်ကိုဖြစ်သူက သွား ရောက်ရှာ ဖွေရာကနေ ကိုမြတ်သူရထွန်းကို သင်ဇာထွန်းငါးဒိုင်မှာတွေ့ခဲ့တဲ့သူတစ်ဦးနဲ့ ချိတ်ဆက်မိခဲ့ရာကနေ ညီဖြစ် သူကို ငါးဒိုင်ဆီကနေ တောင်းတောင်းပန်ပန်နဲ့ ပြန်ရွေးယူခဲ့ရတယ်လို့ ဆိုပါတယ်။

"နိုဝင်ဘာ ၁၈ မှာ သင်ဇာထွန်းငါးဒိုင်ကို ရောက်တော့ ပွဲစားက ခုနစ်သိန်းနဲ့ရောင်းသွားတာ။ အဲဒီခုနစ်သိန်း ပြန်ပေးရင် လာခေါ်လို့ရတယ်ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ကလည်း ပေးနိုင်တယ်။ ကိုယ့်လူသာ ပြန်ခေါ် ပေးဖို့ပြောတော့ ဒိုင်က ဖုန်းပြန်ဆက်မယ်ပြောတယ်။ နိုဝင်ဘာ ၁၉ ရက်မနက်မှာ ဖုန်းဆက်ပြီး လာခေါ် လို့ရပြီပြောတယ်။ အဲဒီနေ့ နေ့ခင်း ၂ နာရီသင်္ဘောနဲ့ ပြန်ပါလာတယ်။ သင်္ဘောပေါ်က ဆင်းလာလာချင်း ကိုယ့်ညီတောင် ကိုယ်မမှတ်မိဘူး။ အရင်က ဖြူဖြူဖွေးဖွေးကနေ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေတာပဲ။ ဖူးရောင်နေတာ။ သူပြောတာတော့ ဖောင်ဦးစီးကျော်အောင်ဆိုတဲ့သူက ဇက်ပိုးတွေ ထုတယ်။ ဖြတ်ကန်တယ်။ ငရုတ်ကျည်ပွေ့နဲ့ ထုရိုက်တယ်။ တစ်နေ့ ၂၄ နာရီမှာ နာရီ ၂၀ လောက်လုပ်ရ တယ်" လို့ ကိုအောင်သော်ဇင်ထွန်းကပြောပါတယ်။

ဒါ့အပြင် အစားအသောက်လည်း ဆင်းရဲပြီး ထမင်းကိုရေဆမ်းစားရတာတောင်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ကိုမြတ်သူရထွန်းရဲ့အခြေအနေက စိတ်ပိုင်းဆိုင်ရာထိခိုက်နေပြီး စကားပြောတာဆိုတာ ကစဉ့် ကလျားတွေ ဖြစ်နေတယ်လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။ ခန္ဒာကိုယ် ထိခိုက်ဒဏ်ရာ တွေက ရက်ကြာ နေပြီမို့ လတ်တလော အနာကျက်အောင် ကုသထားပြီးတော့မှ ခွဲစိတ်ကုသမှု တွေ ဆက်လုပ်ဖို့ အချိန် စောင့်ရမယ်လို့ မိသားစုကပြောပါတယ်။

မြို့လယ်ခေါင်လူကုန်ကူးမှုကို ရဲတပ်ဖွဲ့ ကဘာပြောလဲ

ဒီဖြစ်စဉ်ကို လူမှုကွန်ရက်မှာ စတက်လာလာချင်း နစ်နာသူကာယကံရှင်နဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မျိုးသူစိုးက ဘီဘီစီကိုပြောပါတယ်။

ငါးဒိုင်ပိုင်ရှင်ကို နိုဝင်ဘာ ၂၁ ရက်ညပိုင်းမှာ ဖျာပုံမြို့နယ်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးထားသလို ဒလဘက်ကမ်းက ပွဲစားအမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို သွားရောက်ရှာဖွေတဲ့အခါ တိမ်းရှောင် သွားတယ်လို့ သူက ပြောပါတယ်။

လက်နှစ်ဖက်လုံးဖူးယောင်နေပြီး ဘယ်ဘက်လက်က ကျိုးနေလို့ ကျောက်ပတ်တီးကိုင်ထားရ

ဓာတ်ပုံ ရင်းမြစ်, Thaw Zin

ဓာတ်ပုံ ပုံစာ, လက်နှစ်ဖက်လုံးဖူးယောင်နေပြီး ဘယ်ဘက်လက်က ကျိုးနေလို့ ကျောက်ပတ်တီးကိုင်ထားရ

ပွဲစားတွေဘယ်သူဆိုတာ ဖော်ထုတ်ထားပြီးဖြစ်ပြီး သူတို့ကို ဖမ်းမိတော့မှသာ စစ်ဆေးပေါ်ပေါက်ချက်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ အမှုဖွင့်မယ်လို့ သူက ရှင်းပြပါတယ်။

ဒီလို ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ အတင့်ရဲစွာ လူကုန်ကူးလာတဲ့ကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မေးမြန်းတဲ့အခါ ရဲမှူးကြီး မျိုးသူစိုးက အခုလိုရှင်းပြပါတယ်။

လူငယ်တွေအနေနဲ့ အလုပ်အကိုင်ရရှိရေးတစ်ခုတည်းကိုမကြည့်ဘဲနဲ့ လုံခြုံရေးအနေအထားကို ဂရုစိုက်ပြီး လာစည်းရုံးတဲ့သူတွေကိုလွယ်လွယ်မယုံဖို့၊ သက်ဆိုင်ရာမိသားစုတွေနဲ့ တိုင်ပင်ပြီးမှလုပ်ဖို့ သတင်းစကား ပါးချင်တယ်လို့ သူက ဆိုပါတယ်။

"ဒီလိုကိစ္စက ရဲတပ်ဖွဲ့တစ်ခုတည်း တာဝန်ရှိတာ မဟုတ်ဘူး။ ကျန်တဲ့အဖွဲ့အစည်းပေါင်းစုံက ဆက်နွှယ်နေ တာဆိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တခြား ပြည်နယ်ဝန်ကြီးဌာနတို့ စသဖြင့် သက်ဆိုင်ရာနယ်မြေက အဖွဲ့တွေနဲ့ချိတ်ဆက်ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

ပြည်ပကိုမဟုတ်ဘဲ ပြည်တွင်းမှာကိုပဲ ခုလို လူကုန်ကူးမှုတွေ ဖြစ်နေတာကို ဘယ်လို ထိန်းချုပ်သွားမလဲဆိုတာကိုတော့ ရဲမှူးကြီးမျိုးသူစိုးက သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ပညာပေးလှုပ်ရှားမှုတွေများများပြုလုပ်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။

လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထား စည်းရုံးပြီး ရောင်းစားကာ အဓမ္မစေခိုင်းမှုတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, Thaw Zin

ဓာတ်ပုံ ပုံစာ, လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထား စည်းရုံးပြီး ရောင်းစားကာ အဓမ္မစေခိုင်းမှုတွေရှိနေ

တစ်နိုင်ငံလုံးက အဓိက စားသုံးနေတဲ့ မျှင်ငပိ ၈၀ ရာခိုင်နှုန်းကျော်က ဧရာဝတီတိုင်းက ထွက်ရှိ တာဖြစ်ပြီး ဒီလုပ်ငန်းအတွက် ပင်လယ်တွင်း ကျားဖောင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ အခုလို လူကုန်ကူးပြီး ရောင်းစားနေကြတာဖြစ်ပါတယ်။

ပင်လယ်တွင်း နာရီ ၂၀ လောက် အလုပ်လုပ်ရပြီး ပင်ပန်းတာကြောင့် ဒီအလုပ်ကို နယ်ခံတွေတောင် မလုပ်တဲ့အတွက် အလုပ်သမားက အမြဲလိုလို လိုအပ်နေတာဖြစ်ပါတယ်။

ဒါကြောင့် လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထား စည်းရုံးပြီး ရောင်းစားကာ အဓမ္မစေခိုင်းမှုတွေရှိနေတာ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားနဲ့အတူ ရောင်းစားခံရတယ်ဆိုတဲ့ လူငယ်နှစ်ဦးကို လည်း ရှိနေတယ်ဆိုတဲ့သတင်းတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။