ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နမ့်ဆန်မှာတိုက်ပွဲပြန်ဖြစ်၊ ဒေသခံ ၇၀နီးပါးကို မြန်မာ့တပ်မတော်က ခေတ္တခေါ်ဆောင်သွား
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲတွေပြန်ဖြစ်နေပြီး ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ နမ့်ဆန်မြို့အနီးကျေးရွာတစ်ခုက ဒေသခံ ၆၃ ဦး ကိုမြန်မာ့တပ်မတော်ဘက်က ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာ့တပ်မတော် တပ်မ ၈၈ က နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာအုပ်စု၊ မန်မိုင် မန်ကွမ်းကျေးရွာထဲကို မနက် ၉နာရီခွဲ ဝန်းကျင်က ဝင်ရောက်ပြီး ခေါ်ဆောင်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။
'' လူတွေအကုန်လုံးကို တစ်နေရာထဲက ခေါ်သွားတာမဟုတ်ဘူး။ ရွာထဲဝင်လာပြီး တစ်အိမ်စီကနေ ဟိုနေရာဒီနေရာကနေခေါ်သွားတာ။ ကလေးတွေ၊ အမျိုးသမီးတွေ ၊ ကျောင်းဆရာမတွေ ကျန်းမာရေး ဝန်ထမ်းတွေလည်းပါတယ်။ ၇၀ ကျော်လောက်ရှိမယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကတော့မရှိဘူး။ အတွင်းရေး မှူးတော့ပါသွားတယ်။ သူ့ကိုတော့ ရိုက်နှက်တယ်လို့ ရွာကလူတွေကပြောတယ်။ ကျွန်တော်က ညက တခြားရွာမှာ သွားအိပ်နေလို့ ပါမသွားဘူး'' လို့ မန်မိုင် မန်ကွမ်းကျေးရွာခံ တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
တပ်မတော်ရဲ့ခေါ်ဆောင်ခံသွားရသူတွေထဲက လမ်းမလျှောက်နိုင်တဲ့ အသက်ကြီးပိုင်းတချို့၊အမျိုးသမီးအချို့နဲ့ ကလေးငယ်အချို့ကို လမ်းတစ်ဝက်နီးပါး ခေါ်ဆောင်ခံလာရသူတွေကဝိုင်းပြောလို့ ကိုတော့ ပြန်လွှတ်ပေးတဲ့အတွက်ရွာကို ပြန်ရောက်လာကြတယ်လို့လည်းသိရပါတယ်။
''ကျွန်မတို့ကို ၂ယောက်နှုန်းစီနဲ့ သူတို့ကိုညှပ်ပြီးသွားရတာ။ လမ်းမှာလည်း ဘယ်သူမှမရှိဘူး လက်နက်ကြီးတွေနဲ့ ရမ်းပစ်တော့ လန့်နေရတယ်။ နေ့လယ်စာလည်း ဘယ်သူမှမစားရဘူး။ ကျွန်မတို့မလိုက်ရင် ရွာကိုမီးရှို့မယ်ဆိုလို့ လိုက်သွားကြရတာ။ အစကပြောတော့ ရွာရောက်ရင် ကားနဲ့လမ်းကြုံတင်ပေးလိုက်မယ်ဆိုပြီး ရွာနားရောက်တော့ ရွာထဲတောင်အဝင်မခံဘူး။ ပြန်လွှတ်လိုက်တယ်။ ကျွန်မက ကျောင်းဆရာမပါလို့ ပြောတော့ ဆရာမဆို သတ်ပစ်လိုက်လို့လည်း ပြော တယ်။''လို့ ခေါ်ဆောင်ခံရသူ ကျောင်းဆရာမတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။
"မနေ့ကတည်းက ရွာနားမှာ တိုက်ပွဲတွေဖြစ်နေတာလည်းရှိတယ်၊ အဲဒါကို သိရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူး ကိုလာမေးတာ၊ မရှိလို့ ရွာသားတွေကို ခေါ်သွားတာလို့တော့ ပြောသံလည်းကြားတယ်၊ အရင်ကတော့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပဲ မေးစရာရှိခေါ်မေးတာ၊ အခုတော့ ဘယ်ကို ခေါ်သွားတာလဲ ဘာလုပ်ဖို့ လဲဆိုတာမသိဘူး" လို့ မန်ကွမ်းကျေးရွာခံ တစ်ဦးကပြောပြပါတယ်။
ဒါ့အပြင် မန်မိုင်မန်ကွမ်းကျေးရွာကနေ လူအနည်းငယ်ကိုသာ တပ်မတော်ဘက်က လမ်းပြအဖြစ်ခေါ် ဆောင်တာမျိုးတွေရှိခဲ့ဖူးပေမယ့်ကျေးရွာသူရွာသားအများအပြားကို အခုလိုခေါ်ဆောင်သွားတာမျိုး တော့မကြုံဖူးဘူးလို့လည်း သူကပြောပြပါတယ်။
ဒီလို ဒေသခံအများအပြားကခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး တပ်မတော်ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရှမ်းပြည်မြောက်ပိုင်းက နမ့်ဆန်၊ လားရှိုး၊ကွတ်ခိုင်စတဲ့ မြို့တွေမှာ မြန်မာ့တပ်မ တော်နဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတို့အကြား တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ် ခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာတော့ ကွတ်ခိုင်နဲ့ နမ့်ဆန်မြို့အနီးမှာ တိုက်ပွဲတွေတကျော့ပြန်လည်ဖြစ်ပွားနေပါတယ်။
' ' ဒီမနက်ဆိုလည်း ထပ်ဖြစ်နေတာပဲ။ လက်နက်ကြီးသံတွေကတော့ တစ်ချက်တစ်ချက်ကြားနေရတာပဲ။ မြို့ပေါ်လည်း စစ်ကြောင်းတွေတအားထိုးလာတော့ ဒီနေ့ လူမရှိဘူး။အခြေအနေကတော့ မကောင်းတော့ ပါဘူးလေ''လို့ နမ့်ဆန်မြို့ခံ မပလန်ဂျာခရေးက ဘီဘီစီကိုပြောပါတယ်။