ပလက်ဝနယ်တိုက်ပွဲကနေ အစိုးရတပ်ဖွဲ့ဝင် ၁၃ ယောက်ကို ဖမ်းမိထားတယ်လို့ အေအေကြေညာ

ဓာတ်ပုံ ရင်းမြစ်, Arakan Army
ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ထဲ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲကနေ အစိုးရစစ်တပ်က အရာရှိ အဆင့်အပါအဝင် သုံ့ပန်း ၁၃ ယောက်ကို လက်နက်တွေနဲ့ အတူ ဖမ်းမိတယ် ဆိုပြီး ရခိုင်လက်နက်ကိုင် အေအေက ထုတ်ပြန်ပါတယ်။
ပလက်ဝမြို့နယ်၊ ပကာဝ ဆိုတဲ့ ရွာ အနီးက ကာရမချောင်း အနောက်ဘက်က တောင်တန်းပေါ်မှာ တိုက်ပွဲ ပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ အေအေဘက်က ပြောပါတယ်။
အေအေအဖွဲ့တွေ ရှိတဲ့ နေရာကို တပ်မ ၇၇ လက်အောက်ခံ၊ မှော်ဘီ အခြေစိုက် ၃၁၃ တပ်ရင်းက ထိုးစစ်ဆင်လာခဲ့တာကနေ မွန်းလွဲပိုင်း ၁ နာရီ လောက်ကနေ စပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။
အဲဒီ တိုက်ပွဲမှာ အစိုးရတပ်ဘက်က ၉ ယောက် ကျဆုံးပြီး၊ ဗိုလ် ၁ ယောက်၊ အရာခံဗိုလ် ၁ ယောက် အပါအဝင် စုစုပေါင်း ၁၃ ယောက် လက်နက်ချ လာခဲ့တယ်လို့ ခိုင်သုခက ဆိုပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပလက်ဝမြို့နယ်ထဲက နေရာ ၂ နေရာလောက်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်ဆိုပြီး ဘီဘီစီကို အတည်ပြုပါတယ်။
စစ်သည်တချို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောနိုင်သေးပဲ ပြန်လည် စိစစ်နေဆဲလို့ ဆိုပါတယ်။
အေအေလက်ထဲမှာ အစိုးရတပ်ဘက်က ၁၃ ယောက် သုံ့ပန်း အနေနဲ့ လောလောလတ်လတ် ရောက်သွားခဲ့လား ဆိုတာ ဘီဘီစီ အနေနဲ့ သီးခြား အတည် မပြုနိုင်သေးပါဘူး။
အေအေကတော့ သူတို့ ဖမ်းမိထားတဲ့ သုံ့ပန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းတွေ ထပ်မံ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ရာ နိုဝင်ဘာ ၁၉ ရက် တစ်နေ့တည်းမှာပဲ ညနေ ၅ နာရီကျော်မှာ တိုက်ပွဲ နောက်တချီ ထပ်ဖြစ်သေးတယ်လို့ အေအေဘက်က ပြောထားပါတယ်။
ရခိုင်မြို့နယ်တွေထဲမှာလည်း တိုက်ပွဲတွေဆက်
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲ တိုက်ပွဲတွေ ရှိနေခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် တစ်ရက်တည်းမှာပဲ ရခိုင်ပြည်နယ်ထဲက မြေပုံ၊ ကျောက်တော်နဲ့ ဘူးသီးတောင်မြို့နယ်တွေထဲမှာလည်း မိုင်းခွဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ၊ ရဟတ်ယာဉ်နဲ့ လေကြောင်းက တိုက်ခိုက်တာတွေ ပေါ်ပေါက်ခဲ့ပါတယ်။
မြေပုံမြို့နယ်ထဲ ဟင်းခရော်နဲ့ အင်ကြင်း ဆိုတဲ့ ရွာနှစ်ရွာကြား မနက် ၁၁ နာရီကျော်မှာ တပ်မတော် ယာဉ်တန်းကို အေအေက ဆွဲမိုင်း နှစ်လုံး ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့တဲ့ အတွက် ယာဉ်တချို့ ထိခိုက်သွားတယ်သွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
အဲဒီနောက်မှာတော့ အစိုးရတပ်ဘက်က ရဟတ်ယာဉ်တွေ သုံးပြီး တိုက်ခိုက်လာတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
"ဟင်းခရော် ရွာပေါ်ကနေပြီးတော့ ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ လေးကြိမ်တိတိလာပြီးတော့ ပစ်ခတ်ခဲ့ပါတယ်။ တစ်နေကုန်ပစ်ခတ်သွားသလိုပါပဲ။ ဟင်းခရော်နဲ့ အင်ကြင်း ကျေးရွာသားတွေကတော့ ကမ်းထောင်းကြီးဘက်ကို ထွက်ပြေးသွားကြပါတယ်။ ရွာသားတွေ ထိခိုက်မှုတွေတော့ မရှိခဲ့ဘူး"လို့ အင်ကြင်းကျေးရွာသား တစ်ဦးက ပြောပါတယ်။
ဟင်းခရော် ကျေးရွာသားအားလုံးနီးပါးနဲ့ အင်ကြင်းကျေးရွာက ထက်ဝက် လောက်ဟာ ကမ်းထောင်းကြီးရွာကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Arakan Army
ကျောက်တော်မြို့နယ်ထဲက အပေါက်ဝ ကျေးရွာ အနီးမှာလည်း တပ်မတော် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပြီး၊ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ အပေါက်ဝ ရွာခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
တခါ၊ ဘူးသီးတောင်မြို့ပေါ် အခြေစိုက်ထားတဲ့ အစိုးရတပ်မတော်ရဲ့ ဗျူဟာကနေ ရသေ့တောင်မြို့နယ်ထဲ တိုက်ပွဲဖြစ်နေတဲ့ လိုင်ဂွင်ကြီး ချောင်း ရှိရာဆီကို လက်နက်ကြီးတွေနဲ့ နိုဝင်ဘာ ၂ဝ ရက် မနက် ၅ နာရီ ဝန်းကျင်က စပြီး ပစ်ခတ်လာပါတယ်။
လက်နက်ကြီး သံတွေကို တော်တော်လေး ကျယ်ကျယ်လောင်လောင် ကြားနေခဲ့ရပြီး၊ နေအိမ်တွေလည်း တုန်ခါ နေခဲ့တယ်လို့ ဘူးသီးတောင်မြို့ခံ ဦးဇော်ဝင်းက ပြောပါတယ်။
အခုရက်ပိုင်း တိုက်ပွဲတွေကြောင့် မြေပုံနဲ့ ရသေ့တောင် မြို့နယ်တွေထဲ နေရပ်စွန့်ခွာ ထွက်ပြေး ကြရသူ အရေအတွက်ဟာ တစတစများပြား လာနေတယ်လို့ ဒေသခံတွေ၊ ထောက်ပံ့ကူညီရေး လူမှုအဖွဲ့တွေက ပြောကြပါတယ်။
ရခိုင်ပြည်နယ်ထဲ ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ စစ်ဘေးရှောင် အရေအတွက် ၈ သောင်းကျော် ရှိသွားပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု အစည်းအရုံး REC အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။









