လတ်တလော အခြေအနေတွေက ငြိမ်းချမ်းရေးကို ဘယ်လို သက်ရောက်မလဲ

ရှမ်းမြောက်တိုက်ပွဲက စစ်သား

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ကချင်နဲ့ကိုးကန့်ဒေသမှာ တိုက်ပွဲဖော်ဆောင်တာမရှိဘူးလို့ တပ်မတော်ပြော
ရေးသားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနီးလာတိုင်း AA ရက္ခိုင့်တပ်တော်နဲ့ TNLA တအာင်း အဖွဲ့က တိုက်ပွဲတွေ ဖော်ဆောင်လာပြီး ဒီတိုက်ခိုက်မှုတွေက ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဖျက်ဆီးနေတယ်လို့ တပ်မတော်က ပြောဆိုပါတယ်။

အစိုးရက အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမယ့်ကာလ နီးလာရင် ဒီအဖွဲ့ နှစ်ဖွဲ့က တိုက်ပွဲတွေ ဖော်ဆောင်လာတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောတာဖြစ်ပါတယ်။

အခုအချိန်မှာ KIA တပ်တွေရှိတဲ့ ကချင် ဒေသမှာ တိုက်ပွဲဖော်ဆောင်မှု မရှိဘဲ MNDAA ကိုးကန့် ဒေသမှာလည်း တိုက်ပွဲတွေ ရှားပါးတယ်လို့ ပြောပါတယ်။

AA နဲ့ TNLA ဘက်မှာတော့ ဆွေးနွေးပွဲတွေ နီးလာတိုင်း တိုက်ပွဲဖော်ဆောင်မှု များလာတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒီအဖွဲ့တွေက တိုက်ပွဲဖော်ဆောင်ရာမှာ တပ်ကို ဦးတည်ပြီးတိုက်ခိုက်တာထက် အရပ်သား ပစ်မှတ်တွေ၊ ဆက်သွယ်ရေးလမ်းမတွေကို ပစ်ခတ်တာ များတယ်လို့ ပြောပါတယ်။

ဒါတွေက Soft target - လုံခြုံမှုအားနည်းတဲ့နေရာတွေ ဘယ်သူမဆို ဝင်ထွက်သွားလာနိုင်တဲ့ နေရာတွေ ဖြစ်လို့ တိုက်ခိုက်ခံရတာလို့ ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ် ဖြစ်တယ်၊ဒီလို တိုက်ခိုက်နေရင် ယုံကြည်မှု တည်ဆောက်လို့ရမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဒီလို Soft target တွေကို တိုက်ခိုက်တဲ့အတွက် ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး ပေါ်မှာထားတဲ့ သဘောထား၊ မျှော်လင့်ချက်ကို ဖျက်ဆီးရာ ကျတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောတာဖြစ်ပါတယ်။

အစိုးရက အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း လက်နက်ကိုင် လေးဖွဲ့နဲ့ တွေ့ဆုံဖို့ ကြိုးစားနေပြီး အလွတ်သဘော တွေ့ဆုံမှုတွေ လုပ်နေတယ်လို့ တရားဝင် ထုတ်ပြောလိုက်ပေမဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ AA၊ TNLA တို့နဲ့ တိုက်ပွဲတွေ ပိုပြင်းထန်လာနေပါတယ်။

အစိုးရက အလွတ်သဘောတွေ့ဆုံမှုတွေ ရှိတယ်လို့ ထုတ်ပြောလိုက်တဲ့ နောက်တစ်နေ့မှာပဲ ရှမ်းပြည်နယ် လားရှိုးမြို့မှာ လေယာဉ်ခရီးစဉ်တွေ ရုပ်သိမ်းလိုက်ရတဲ့ အထိ လေဆိပ်တိုက်ခိုက်ခံရမှု ဖြစ်ခဲ့သလို၊ ရခိုင်ပြည်နယ် ရသေ့တောင်မှာ တပ်က ကြည်း၊ရေ၊လေ တပ်တွေ သုံးပြီး တိုက်တဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

သမ္မတရုံးဝေဖန်မှုအပေါ် တုံ့ပြန်မှု

အဲဒီလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေချိန်မှာ အစိုးရက အခုအချိန်ဟာ ဖက်ဒရယ် နိုင်ငံတည်ဆောက်နေချိန်ဖြစ်လို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်ဆိုပြီး အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြောခဲ့ပါတယ်။

အပစ်ရပ် မထိုးရသေးတဲ့ မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကြိုးစားနေစဉ်မှာပဲ နေပြည်တော်မှာ နိုဝင်ဘာ ၁၅ ရက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရုံး ပြောခွင့်ရသူက အေအေ အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးတံခါးကိုဖွင့်ထားတယ်လို့ဆို
ဓာတ်ပုံ ပုံစာ, ငြိမ်းချမ်းရေးတံခါးကိုဖွင့်ထားတယ်လို့ဆို

သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြောခွင့်ရ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အေအေ လက်နက်ကိုင်အဖွဲ့ရဲ့လုပ်ရပ်ဟာ ဆိုမာလီယာ ပင်လယ်ဓားပြတွေရဲ့ လုပ်ရပ်သဘောမျိုးဆန်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်အတုတွေ အပေါ် အခြေခံပြီး သမ္မတရုံးက ရက္ခိုင့်တပ်တော်အပေါ်မှာ အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ အေအေဘက်က တုံ့ပြန်ပါတယ်။

အေအေ အဖွဲ့က ချင်းပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ဘာကြောင့် ဖမ်းဆီးခဲ့ရတယ်၊ သူ့ကိုဘာကြောင့်လွှတ်မပေးဘဲ ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကို နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ဦးဝှေ့တင်းနဲ့ပတ်သက်တဲ့ အေအေတံဆိပ်ကို သုံးထားတဲ့ ထုတ်ပြန်ချက်နှစ်စောင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ်တော်အေအေကနေ ဖမ်းဆီးထားတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိနေသလို တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအသိုင်းအဝန်းတွေက ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုနေကြတဲ့အချိန်မှာ အခုလိုမျိုး ထုတ်ပြန်ချက်အတုတွေ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

"အခု ထုတ်နေတဲ့ အဲ့ဒီထုတ်ပြန်ချက် အတုတွေဟာ အစိုးရနဲ့ စစ်တပ်လော်ဘီတွေကနေပြီးတော့ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေတယ်ဆိုတာကို ကျွန်တော်တို့ ထင်ထင်ရှားရှား တွေ့ရမှာဖြစ်တယ်။ ဆိုတော့ အခု ဦးဇော်ဌေးကိုယ် တိုင် ကနေပြီးတော့ အဲ့ဒီထုတ်ပြန်ချက်အတုတွေကို ကိုင်ပြီးတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်အပေါ်မှာ သွားပုပ်လေလွင့် အခြေအမြစ်မရှိ စွပ်စွဲတဲ့ ဥစ္စာကတော့ လူကြီးလူကောင်းမဆန်သလို သူတို့ရဲ့အရည်အချင်းနဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေတာဖြစ်တယ်ဗျ"လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ဦးဝှေ့တင်းဟာ မြန်မာ့တပ်မတော်အား အေအေသတင်းပေးခြင်း၊ ရခိုင်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ရက္ခိုင့်တပ်တော်အေအေအား အသိမပေးဘဲ ပြုလုပ်စေခြင်းဖြင့် ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်စေခြင်များရှိခဲ့ပြီး ဒဏ်ကြေးငွေ ကျပ် သိန်း ၃၀၀၀ နဲ့လာရောက်ရွေးယူဖို့ အကြောင်းကြားတယ်ဆိုပြီး ရေးသားထားတဲ့ ထုတ်ပြန်ချက်ဟာ အရင်ထွက်လာခဲ့တာဖြစ်ပြီး အဲဒါနဲ့မရှေးမနှောင်းမှာ ဦးဝှေ့တင်းကို တပ်မတော်စစ်ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ချိန်မှာ ထွက်ပြေးနေရတဲ့အတွက် နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ နိုဝင်ဘာ ၁၅ ရက် ရက်စွဲနဲ့ နောက်ထပ်တစ်စောင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်တွေဟာ ရက္ခိုင့်တပ်တော်အေအေဘက်နေ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေ မဟုတ်ဘဲ တပ်မတော်နဲ့ အစိုးရလော်ဘီတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အတုတွေသာဖြစ်တယ်လို့ အေအေဘက်က ပြောပါတယ်။

ဗီဒီယို ပုံစာ, ရက္ခိုင့်တပ်မတော် အေအေ စစ်ဦးစီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံမေးမြန်းခန်း

ဒါနဲပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဘီဘီစီက မေးမြန်းခဲ့ရာမှာတော့ သူ့အနေနဲ့ ဒီအပေါ်မှာ ဘာမှတ်ချက်မှ မပေးလိုဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အခုလို ဝေဖန်ပြောကြားတဲ့ အခြေအနေတွေက ငြိမ်းချမ်းရေးကို ဘယ်လိုသက်ရောက်သလဲဆိုတာနဲ့ ပတ်သက်လို့ "ဒါမျိုး စကားပြောနေလို့ကတော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ တော်တော်လည်း အလှမ်းဝေးသွားနိုင်ပါတယ်။ ဒါက မပြောသင့်ဘူး ဘာပဲဖြစ်ဖြစ် သဘောထားကြီးစွာနဲ့ စားပွဲပေါ်မှာ ညှိနှိုင်း ဆွေးနွေးပြီးမှ အဖြေရှာဖို့ဆိုတာ ကျွန်တော်တို့ရဲ့ လိုလားချက် ဖြစ်ပါတယ်။ အပစ်တင်တာတွေ အပုပ်ချတာတွေ ဒါမျိုး စကားတွေပဲ ပြောမယ်ဆိုရင်တော့ ပြည်တွင်း ငြိမ်းချမ်းရေးဆိုတာ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ ဖြစ်လာဖို့ကတော့ အလှမ်းဝေးနေအုံးမှာပဲ" လို့ ကေအိုင်အေပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကေအန်ယူ ဒုတိယ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းကတော့ "စစ်ရေးအလုံးစုံသုံးမလား ၊ ငြိမ်းချမ်းရေး အလုံးစုံ သုံးမလား၊ တခုခုပေါ့လေ။ ငြိမ်းချမ်းရေးအလုံးစုံကို သုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ပဋိပက္ခ ဖြစ်နိုင်တဲ့အဖွဲ့တွေနဲ့ကျွန်တော်တို့နားလည်မှုရှိအောင်တော့ ပြောဆိုလုပ်ကိုင်ရမှာပေါ့နော်" လို့ ပြောပါတယ်။