အစိုးရနဲ့RCSS တွေ့ဆုံပွဲမှာ မကျေလည်တာတွေ ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, Tai Freedom
အစိုးရငြိမ်းချမ်းရေးကော်မရှင်က ကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် နှစ်ဘက်မကျေလည်တာတွေကို ဖြေရှင်းနိုင်ခဲ့ပြီး အစည်းအဝေးအောင်မြင်တယ်လို့ RCSS အဖွဲ့ ရဲ့အကြံပေး ဦးခွန်စိုင်းက ဘီဘီစီကို ပြောပါတယ်။
ဒီအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် ဒီကနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်အပါအဝင် ကိုယ်စားလှယ်ရှစ်ဦး ပါဝင်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA ဘက်က ဗိုလ်ချုပ်ဘောင်ခေး ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ဦး ပါဝင်ပါတယ်။
အစည်းအဝေးက အောင်မြင်ပြီး နှစ်ဖက်မကျေလည်တာတွေကို ဖြေရှင်းနိုင်ခဲ့တယ်လို့ RCSS အဖွဲ့ရဲ့ အကြံပေး ဦးခွန်စိုင်းက ပြောပါတယ်။
တွေ့ဆုံပွဲမှာ အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးဆိုင်ရာအစည်းအဝေး JICM ပြန်လည်ကျင်းပရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးက ရလဒ်ကောင်းမွန်တယ်လို့ တွေ့ဆုံမှုမှာပါဝင်တဲ့ အစိုးရဘက်က ကိုယ်စားလှယ် ဦးလှမောင်ရွှေက ဘီဘီစီကို ခုလို ပြောပါတယ်။
"RCSS ဘက်က တပ်မတော်နဲ့ပတ်သက်လို့ ပြောဆိုမှုတွေကို နှစ်ဖက်ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တယ်။ ဖြစ်ခဲ့တဲ့ဟာသည် ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ အချိန်မလုံလောက်မှုလို့ပဲ သဘောတူပါတယ်။ RCSS ဥက္ကဋ္ဌအနေနဲ့လည်း ဒေါက်တာတင်မျိုးဝင်းထံ လိပ်မူထားတဲ့ စာတစ်စောင်ကို RCSS ဘက်က အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးကနေတစ်ဆင့်ပေးအပ်လာပါတယ်။ ဒီထဲမှာ အချက် ၇ ချက်ပါတယ်။ ဒီထဲမှာ RCSS ဥက္ကဋ္ဌအနေနဲ့ အဓိကက JICM အစည်းအဝေးကို အမြန်ဆုံးခေါ်ယူနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ရှေ့ဆက်သွားနိုင်ဖို့ ဆိုတဲ့ဆန္ဒပြုချက်တွေ၊ နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့ လုပ်ငန်းစဉ် တွေက အပေါင်းလက္ခဏာဆောင်တဲ့အချက်တွေလို့ ပြောနိုင်ပါတယ်" လို့ ဦးလှမောင်ရွှေကပြောပါတယ်။
တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက နေပြည်တော်မှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုး ဆယ်ဖွဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ပဏာမ သဘောတူညီချက် ၉ ချက် ရရှိခဲ့ပါတယ်။
ဒါကြောင့် အပစ်ရပ်စာချုပ် အကောင်အထည်ဖော်မှုအစည်းအဝေး JICM ကို NCA လေးနှစ်ပြည့်ပွဲနဲ့ အတူတူ ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။
ဒါပေမဲ့ NCA လေးနှစ်ပြည့်အခမ်းအနားကို လာရောက်မယ့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ခရီးစဉ်ကို တပ်မတော်ဘက်က လုံခြုံရေးစိတ်မချရတဲ့အချက်နဲ့ ခွင့်မပြုခဲ့တာကြောင့် ခရီးစဉ်ပျက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AMM
အပစ်ရပ်ဆယ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှာ ယာယီဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် မပါဘဲ အစည်းအဝေးတွေ ပြန်စဖို့ မဖြစ်နိုင်တာကြောင့် တစ်နှစ်ကျော်ကြာ အလွတ် သဘောတွေ့ဆုံညှိနှိုင်းလာရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစည်းအဝေးတွေ ပြန်စဖို့ နှောင့်နှေးသွားခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ သူ့ခရီးစဉ် အဆင်ပြေစေဖို့ ညွှန်ကြားခဲ့တဲ့ သမ္မတရဲ့ညွှန်ကြားချက်ကို တပ်မတော်က မလိုက်နာခဲ့ဘူးလို့ ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကတော့ သမ္မတရဲ့ အကြောင်းကြားစာကို အချိန်နီးမှ ရခဲ့တယ်လို့ ပြောကြားထားပါတယ်။
ဒါကြောင့် ဒီလို နားလည်မှုလွဲမှားတာ ထပ်မဖြစ်အောင် အစိုးရငြိမ်းချမ်းရေးကော်မရှင်က RCSS နဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
ဒီအစည်းအဝေးက အဆင်ပြေတယ်လို့ နှစ်ဖက်လုံးက ပြောလာပြီး တွေ့ဆုံမှုမှာလည်း တပ်မတော်ဘက်က အဆင့်မြင့်ကိုယ်စားလှယ် နှစ်ဦးပါဝင်တာကြောင့် တစ်ဆို့နေတဲ့ တရားဝင်ငြိမ်းချမ်းရေး အစည်းအဝေးတွေ ပြန်စနိုင်ဖို့ နီးစပ်လာပြီလို့ ယူဆမှုတွေရှိလာနေပါတယ်။
အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင် အဆင့် တက်ရောက်တဲ့ အပစ်ရပ် စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေးကို အခုနိုဝင်ဘာလထဲ ကျင်းပဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန် မှာ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor office
၂၁ ရာစုပင်လုံအစည်းအဝေးကို အန်အယ်လ်ဒီအစိုးရလက်ထက်မှာ သုံးကြိမ် ကျင်းပထားပြီး လေးကြိမ်မြောက်ကို လာမယ့် ၂၀၂၀ ဖေဖော်ဝါရီမှာ ကျင်းပဖို့ အစိုးရဘက်က လိုလားနေပါတယ်။
ဒါကြောင့်အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစည်းအဝေးတွေပြန်စနိုင်ဖို့ အဓိကကျတဲ့အင်အားစုတွေကို လိုက်လံညှိနှိုင်းနေ တာလည်း ဖြစ်ပါတယ်။
ချင်းမိုင်ကိုရောက်နေတဲ့အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် နိုဝင်ဘာ ၂၀ မှာ အပစ်ရပ်ဆယ်ဖွဲ့နဲ့ တွေ့မှာဖြစ်ပြီး နိုဝင်ဘာ ၂၁ မှာတော့ ကရင်အမျိုး သားအစည်းအရုံး KNU နဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။








