ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပန်းမြောင်းရွာ နေအိမ်တွင်းမီးလှုံနေသူ သေနတ်မှန်
ရက္ခိုင့်တပ်တော်အေအေ နဲ့ မြန်မာ့တပ်မတော်တို့ ကြားတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ထဲက မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းက နေအိမ်တွင်းမီးလှုံနေသူအသက် ၇၀ ကျော်အရွယ် အဘွားကြီးတစ်ဦးရဲ့ ဦးခေါင်းကို ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သူ့နဲ့ အတူရှိနေတဲ့ မိသားစုဝင် ဦးထွန်းထွန်းဝင်း ကပြောပါတယ်။
ဒေသခံတွေကတော့ ပန်းမြောင်းရွာဘက်ကို ရိက္ခာလာသယ်တဲ့အချိန်တပ်မတော်စစ်ကြောင်းက ရွာအနီးကွင်းပြင်မှာ ပုရစ်တူးနေကြတဲ့ ကလေးတွေကို ပစ်ခတ်ခဲ့တာကနေ အိမ်ထဲမှာနေတဲ့ အသက် ၇၀ ကျော်အရွယ် အဘွားကြီးတစ်ဦးရဲ့ ဦးခေါင်းကို ကျည်ဆန်ရှပ်ထိသွားတာလို့ပြောကြပါတယ်။
မြန်မာတပ်မတော်ဘက်ကတော့ အဲ့ဒီပန်းမြောင်းကျေးရွာအနီးမှာ တပ်မတော်က တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းနဲ့ တပ်မတော်စခန်းတွေက တောင်ပေါ်မှာနေတာဖြစ်ပြီး အဲ့ဒီကျည်ဟာ တပ်မတော်ဘက်က ပစ်ခတ်တဲ့ကျည်မဟုတ်ဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
မနက်ပိုင်း ၈ နာရီလောက်က အင်အား ၁၃၀ လောက်ပါရှိတဲ့ စစ်ကြောင်းက ပန်းမြောင်းရွာကို ရိက္ခာသယ်ယူဖို့လာတဲ့အချိန် ပစ်ခတ်မှုဖြစ်တာလိုံ ဒေသခံတွေက ပြောပေမယ့် မြန်မာတပ်မတော်ဘက်က ဒီသတင်းနဲ့ပတ်သက်လို့ငြင်းပါတယ်။
"ပန်းမြောင်မှာ တိုက်ပွဲလည်းမဖြစ်ဘူး။ ဘာမှမဖြစ်ဘူး။ ကျည်ထိမှန်စရာအကြောင်းလဲမရှိဘူး။ အဲ့ဒီနားမှာ တပ်ကိုမရှိတာ။ တပ်က အပေါ်တောင်ကုန်းပေါ်မှာပဲနေတာ။ အဲ့ဒါတော့မကြားမိဘူး။ ကျွန်တော်တို့ ရိက္ခာလာသယ်ခိုင်းတာလည်းမရှိဘူး။ တပ်မတော်ဘက်က ပစ်တာမဟုတ်ဘူး။"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်မဝါစိန်ဟာ အသက် ၇၃ နှစ် ဝန်းကျင်ဖြစ်ပြီး နေအိမ်မှာ မီးလှုံနေစဉ် ရွာပြင်က ပစ်ခတ်လိုက်တဲ့ ကျည်က ဦးခေါင်းကိုရှပ်ထိသွားခဲ့တာဖြစ်ကြောင်းနဲ့ ဒဏ်ရာကို ဆေးရုံပေါ်မှာ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးထားပြီး ဖြစ်ကာ စိုးရိမ်ရတဲ့အခြေအနမရှိဘူးလို့ မိသားစုဝင်တွေကပြောပါတယ်။
တပ်မတော်စစ်ကြောင်းလာရောက်တဲ့အချိန်အဲ့ဒီပန်းမြောင်းရွာဟောင်းအနီး ကွင်းပြင်ကြီးထဲမှာ မနက်ပိုင်းက ပုရစ်တူးတဲ့သူတွေနဲ့ ကစားနေသူတွေ မိန်းကလေး၊ယောက်ျားလေး အတော်များများရှိနေကြတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရွာသားတစ်ဦးက သူ့ဆီကိုဖုန်းဆက်အကြောင်းကြားလာလို့သိထားရကြောင်း ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီပန်းမြောင်းကျေးရွာအရှေ့ဘက် တပ်မတော်စစ်ကြောင်းကတပ်စွဲထားတဲ့ တောင်ဖြူတောင်အနီးဝန်းကျင် နေရာ တွေမှာ ဒေသခံတွေစိုက်ပျိုးထားတဲ့ လယ်ယာစပါးခင်းတွေရှိနေပြီး အခုချိန်ဟာ စပါးတွေရင့်မှည့်နေကြပြီဖြစ်ပေမယ့် အဲ့ဒီနေရာကို ဒေသခံတွေ သွားလာလို့မရတဲ့အတွက် စပါးတွေရိတ်သိမ်းဖို့ အက်အခဲရှိနေတယ်လို့ ပန်းမြောင်းကျေးရွာက လယ်သမားတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာလအတွင်း နေရပ်စွန့်ခွာသူတွေ များပြားလာနေသလို အရပ်သားထိခိုက်မှုတွေလည်း ပိုမိုမြင့်မားလာနေတာဖြစ်ပါတယ်။