ပမာဏကြီးတဲ့ တစ်ကျော့ပြန်ငလျင်တွေ လှုပ်ခတ်နိုင်ခြေရှိလို့ သတိပြုဖို့လိုအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP via Getty Images
ရွေးကောက်ပွဲနည်းဥပဒေပြင်ဆင်မယ့် အချက်အချို့ကို တိုင်းရင်းသားပါတီတွေကန့်ကွက်
ရွေးကောက်ပွဲကော်မရှင်ကနေ ပြင်ဆင်ဖို့ ပေးဖို့ထားတဲ့ရွေးကောက်ပွဲနည်းဥပေးအချက်အချို့ကို တိုင်းရင်းသားပါတီတွေဘက်က ကန့်ကွက်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံရာမှာ တိုင်းရင်းသား ပါတီအချို့က ကန့်ကွက်ကြောင်းထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသားပါတီတွေက ရွှေ့ပြောင်းလုပ်သားတွေ အနေနဲ့သူရောက်ရှိ တဲ့ နေရာမှာ ၃ လတာနေ ထိုင်မယ်ဆိုရင် အဲဒီနေရာမှာမဲပေးခွင့်ရှိတယ်ဆိုပြီး ပြင်ဆင်မယ့် နည်းဥပဒေပြင်ဆင်ချက် ကို ကန့်ကွက် နေကြတာဖြစ်တယ်လို့သိရပါတယ်။
'' ပြင်ဆင်ချက်ဟာတရားမျှတမှုမရှိတဲ့အတွက် ကန့်ကွက်ရတာဖြစ်တယ်''လို့ရှမ်းတိုင်ရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်ကဘီဘီစီကိုပြောပါတယ်။
ယခင်က ရွေ့ပြောင်းလုပ်သားတွေအနေနဲ့၆ လကြာနေထိုင်မှ သူတို့ရောက်နေတဲ့နေရာကနေ မဲပေးခွင့်ရှိတာဖြစ်ပါတယ်။အဲဒီလို ၆ လသတ်မှတ်ထားတာတောင်ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုံးက မဲဆန္ဒနယ်အချို့မှာ မဲပေးဖို့အတွက်ပဲရွေ့ပြောင်းနေထိုင်တာ တွေရှိတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။
SNLDပါတီအနေနဲ့ရွေးကောက်ပွဲကော်မရှင်ကလွှတ်တော်ကိုတင်ပြထားတဲ့ နည်းဥပဒေပြင်ဆင်ချက် အချို့ကိုကန့်ကွက်သွားဖို့ရှိတယ်လို့လဲဦးစိုင်းသီဟကျော်ကပြောပါတယ်။
ကန့်ကွက်သူတွေရှိလာခဲ့ရင်တော့ ရွေးကောက်ပွဲကော်မရှင်ကပေးပို့လာတဲ့ ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချင်တဲ့အချက်တွေကို တခြားဥပဒေတွေပြင်ဆင်တဲ့လုပ်ထုံးလုပ်နည်းအတိုင်း ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။

ပမာဏကြီးတဲ့ တစ်ကျော့ပြန်ငလျင်တွေ လှုပ်ခတ်နိုင်ခြေရှိလို့ သတိပြုဖို့လို
ရန်ကုန်တိုင်းအတွင်းနေထိုင်သူတွေအနေနဲ့ တစ်ကျော့ပြန်ငလျင်ကြီးတွေရဲ့အန္တရာယ်ကို သတိပြုနေထိုင်ဖို့ လိုအပ်တယ်လို့ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်ကဘီဘီစီကိုပြောပါတယ်။
ငလျင်ပညာရှင်တွေရဲ့တိုင်းတာတွက်ချက်မှုတွေအရ ငလျင်ကြီးတွေဟာ လွန်ခဲ့တဲ့ နှစ် ပေါင်း ၈၀ကျော်၊ ၁၀၀ ဝန်းကျင်အတွင်းမှာ လှုပ်ခတ်ခဲ့ပြီးနောက် တစ်ကျော့ပြန်လည်လှုပ်ခတ်လေ့ရှိတယ်လို့ သိရပါတယ်။
ငလျင်ဆိုင်ရာမှတ်တမ်းတွေအရ ၁၈၃၀ခုနှစ်မှာစစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမှာ ငလျင်အကြီးကြီးလှုပ်ပြီး နောက် နှစ်၁၀၀ တိတိပြည့်တဲ့အချိန်၁၉၃၀ခုနှစ်မှာပဲ ပဲခူး ရွှေမော်ဓော စေတီကြီး စိန်ဖူးတော်မြေခတဲ့ ငလျင်ကြီးထပ်လှုပ်ခဲ့ပါတယ်။
ခုဆို ဒီပြတ်ရွေ့မှာ ငလျင်ကြီး မလှုပ်တာဟာ၁၉၃၀ ၈၉ နှစ်အထိကြာခဲ့ပြီဖြစ်ပါတယ်။
'' စစ်ကိုင်းပြတ်ရွေ့ကလှုပ်တဲ့ငလျင်တွေဆိုရင် ပမာဏကြီးကြီးတွေလာဖို့ရှိတယ်။ ဥပမာ ပဲခူးငလျင်ဆိုရင် တွက်ချက်ထားတာ တကျော့ပြန်လှုပ်ရမယ့်အချိန်ကို ကျော်နေပြီ။ အဲဒီတုံးက ပဲခူးငလျင်နဲ့အတူ မတိမ်းမယိမ်း ခတ္တမတ္တူ မှာ လှုပ်ခဲ့တယ်။ အခုဒီနှစ်ပိုင်းတွေအတွင်းမှာ နီပေါက ငလျင်ကြီး ပြန်လှုပ်ခဲ့တယ်။ ပဲခူးကတော့ ခုထိ မလှုပ်သေးဘူး။အဲဒီဘက်ခြမ်းတွေလှုပ်ရင် ပမာဏ ခပ်ကြီးကြီးတွေလာနိုင်လို့ ရန်ကုန်အနေနဲ့တော့ သတိပြုဖို့လိုတယ်။အခုလှုပ်သွားတဲ့ငလျင်က ပမာဏ သေးပေမယ့် ဗဟိုချက်က နီးလို့ အခုလို သိသိသာသာခံစားရတာ။ လူထုကြားမှာ ဒီရက်ပိုင်းလှုပ်သွားတဲ့ ငလျင်ကြောင့် သတိထားမိသွားတာ ပိုကောင်းပါတယ်''လို့ ဦးစောထွေးဇော်ကပြောပါ တယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းရှိ တည်ဆောက်ထားတဲ့အဆောက်အအုံအများစုမှာ ငလျင်ဒဏ်ခံနိုင်ရည်ကို ထည့်သွင်းတည်ဆောက်ထားတာမျိုးမရှိဘဲ၊ ၈ထပ်နဲ့အထက်၊ ၁၂ ထပ်နဲ့အထက် အဆောက်အဦတွေ မှာသာ ငလျင်ဒဏ်ခံနိုင်ရည်ကို ထည့်သွင်းတည်ဆောက်ဖို့ ညွန်ကြားလေ့ရှိတယ်လို့လည်း ရန်ကုန်တိုင်း အထပ်မြင့်ကော်မတီမှာ တာဝန်ယူဆောက်ရွက်ခဲ့ဖူးသူလည်းဖြစ်တဲ့ ဦးစောထွေးဇော်ကပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အီရန်မှာ လောင်စာဆီဈေးတက်လို့ ဆန္ဒပြသူတွေကို သတိပေး
အီရန်ပြည်ထဲရေးဝန်ကြီးကတော့ လောင်စာဆီဈေးတက်လို့ လမ်းပိတ်ဆို့ ဆန္ဒပြသူတွေနဲ့ပတ်သက်ပြီး လုံခြုံရေးအခြေအနေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိတယ်လို့ သတိပေးလိုက်ပါတယ်။
အီရန်မှာ လောင်စာဆီ ဈေး ၅၀ ရာခိုင်နှုန်း အထိ တိုးပြီး ရောင်းတာကိုလည်း ခွဲတမ်းနဲ့ပဲ ရောင်းမယ်လို့ အစိုးရက ကြေညာပြီးနောက်ပိုင်းမှာ နိုင်ငံတဝန်း ဒုတိယမြောက်နေ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးဒဏ်ရာရတာတွေရှိခဲ့ပါတယ်။
အီရန် အလယ်ပိုင်း ဆာဂျန်မြို့မှာ နိုဝင်ဘာလ ၁၅ ရက်နေ့ ညက ဆန္ဒပြသူတွေက လောင်စာဆီ ဂိုထောင် ကို မီးရှို့ဖို့ ကြိုးစားတဲ့အထိ ဖြစ်ခဲ့ရာမှာ ရဲတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တာကြောင့် သေဆုံးသူ တဦးရှိပြီး ဒဏ်ရာရ သူလည်း အများအပြားရှိတယ်လို့ အစိုးရသတင်းဌာန အာနာက ပြောပါတယ်။
ဆန္ဒပြပွဲ အခြေအနေက မြို့တော် တေဟရန် အပါအဝင် ကာမန်ရှား၊ အစ်စ်ဖာဟန်၊ တဘရစ်၊ ကာရက်ဂျ်၊ ရှီရက်ဇ်၊ ရက်ဇ်၊ ဘူရှဟာနဲ့ ဆာရီမြို့တွေအထိ ပျံ့နှံ့ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။








