ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့နီလာကြီး ဈေးသုံးဆပိုရပြီး ဒေါ်လာ ၆ သန်းနဲ့ရောင်းထွက်
မြန်မာနိုင်ငံက နီလာကျောက်ကြီးနဲ့ ပြုလုပ်ထားတဲ့ လက်ကောက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ လေလံတင် ရောင်းချခဲ့ရာမှာ ကြမ်းခင်းဈေးထက် သုံးဆအထိပိုရပြီး ဒေါ်လာ ၆ သန်းကျော်နဲ့ ရောင်းချ နိုင်ခဲ့ပါတယ်။
အပေါ်ကို ခုံးခုံးချွန်ချွန်ထိုးထွက်နေတဲ့ နီလာတုံးကြီးကို စိန်နဲ့ရံပြီး ဖန်တီးထားတဲ့ ဒီလက်ကောက်ကို ဒေါ်လာ ၆.၁ သန်းနီးပါးနဲ့ ရောင်းချလိုက်ပြီလို့ Sotheby's လေလံ ကုမ္ပဏီ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီလက်ကောက်ကို ဝယ်ယူသူ ခြောက်ဦးက စိတ်ဝင်စားခဲ့ပြီး ဝယ်ယူသွားနိုင်သူကတော့ အာရှက ရတနာပစ္စည်း စုဆောင်းသူ တစ်ဦး ဖြစ်တယ်လို့ indexonline စိန်ရတနာရောင်းချရေး ဝက်ဆိုက်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာလ ၁၃ ရက်မှာ Sotheby's လေလံ ကုမ္ပဏီက ပြုလုပ်တဲ့ ဆောင်းဦးလေလံပွဲမှာ ဒီလက်ဝတ်ရတနာကို ကြမ်းခင်းဈေး ဒေါ်လာ ၂သန်းနဲ့ ၃သန်းကြား ရောင်းချသွားမယ်လို့ ကုမ္ပဏီက ကြေညာထားတာပါ။
ဒီမြန်မာ့ နီလာ၊ စိန်တို့နဲ့ စီခြယ်ထားတဲ့ လက်ကောက်ကို ၁၉၂၇ ခုနှစ်က ကာတီယာက ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။
Sotheby's လေလံကုမ္ပဏီရဲ့ ဥရောပဌာနခွဲ ဥက္ကဋ္ဌ Daniela Mascettiက နီလာ၊ စိန်တို့နဲ့ ဖန်တီးထားတဲ့ ဟန်းချိန်းထဲမှာ နီလာက သိသာထင်ရှားပြီး ၄၇ ကာရက်ရှိသလို ဒါဟာ မြန်မာနိုင်ငံက ထွက်တယ်လို့ အတည်ပြုပြောဆိုပါတယ်။
"ဒီနီလာက မီးဖုတ်ထားတာမရှိဘူးဆိုတာကို Gubelin ဓာတ်ခွဲခန်းက စာပို့အတည်ပြုထားပါတယ်။ ဒီနီလာက တော်ဝင်အပြာရောင် ဖြစ်တယ်။ မြန်မာ့ကျောက်မျက်ရတနာ တွေထဲက အကောင်းဆုံး တစ်ခုလို့လည်း မျှော်လင့်ရပါတယ်။ ဒီနီလာကို ၈ ကာရက် နဲ့ ၉ ကာရက် ရှိတဲ့ စိန် နှစ်လုံးနဲ့ စီခြယ်ထားပါတယ်။ ဒီလို အကောင်းဆုံး လက်ဝတ်ရတနာ ရဖို့ ကာတီယာအနေနဲ့ ဘာမှ သိပ်ပြုပြင်စရာမလိုခဲ့ပါဘူး" လို့ သူက ပြောပါတယ်။
ဒီလေလံပွဲမှာ တခြား ကျောက်မျက်ရတနာတွေကိုလည်း ရောင်းချသွားဖို့ ရှိနေပြီး ဒီအထဲမှာ မြန်မာ့ နီလာနဲ့ ကိုလံဘီယာက မြတို့ဟာ လူကြိုက်များနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒီနီလာ လက်ဝတ်ရတနာကို ဖန်တီးခဲ့တဲ့ ၁၉၂၇ ခုနှစ်မှာ ကာတီယာက အလားတူ ဒီဇိုင်းနဲ့ စတိုင် သိပ်မကွာတဲ့ တခြား လက်ဝတ်ရတနာတွေလည်း ဖန်တီးခဲ့ပါတယ်။
Sotheby's လေလံပွဲမှာ ကာတီယာရဲ့ တခြား ရတနာအတွဲတွေ ဖြစ်တဲ့ မြ၊ စိန်လည်ဆွဲတွေလည်း ဒေါ်လာ ၃.၅ သန်း၊ ၄.၅ သန်းနဲ့ အသီးသီး ရောင်းချသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။