အနိမ့်ဆုံးလုပ်ခလစာကို အလုပ်သမားသမဂ္ဂများ စစ်တမ်းကောက်ယူနေ

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein/gettyimage
အနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်ချက်ကို အစိုးရက တစ်ရက်ကို ၄၈၀ဝ ဆိုပြီး သတ်မှတ်ထားခဲ့ပေမယ့် နေထိုင်မှု ကုန်ကျစရိတ်တွေ တဖြေးဖြေး တိုးမြင့်လာတာကြောင့် အခုအခါ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာဟာ လုံလောက်မှု မရှိတာတွေ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခ လစာနဲ့ နေ့စဉ်စားဝတ်နေရေး အတွက် အသုံးစရိတ်တွေကို CTUM ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂများ အဖွဲ့ချုပ်ကလိုက်လံစစ်တမ်းကောက်ယူနေတာဖြစ်ပါတယ်။
အဲဒီ့အဖွဲ့က လက်ထောက် အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက " နေထိုင်မှု ကုန်ကျစရိတ်ကို ကောက်ခံတဲ့အခါ စားတာရယ် ဝတ်တာရယ် နေတာရယ် သုံးမျိုးစလုံးမှာ ကုန်ဈေးနှုန်းတက်လာတယ်။ ဥပမာ - စက်မှုဇုန်တွေမှာ အလုပ်သမားတွေ စားနေတဲ့ တစ်မနက်ကို ငါးရာဆိုတဲ့ ဟာက အစားအသောက်နဲ့ ပတ်သက်လို့ အရည်အသွေးကျသွားတယ်။ အာဟာရတန်ဖိုးပြည့်အောင်ထက် လူကို အန္တရာယ်ဖြစ်တဲ့ ပစ္စည်းတွေပိုသုံးစွဲလာတယ်" လို့ပြောပါတယ်။
တကယ်အာဟာရပြည့်တဲ့အစားအသောက်ကို စားဖို့ဆိုရင်တော့ အခုလက်ရှိ ရနေတဲ့လုပ်ခ လစာနဲ့ လုံလောက်မှုတွေ မရှိသလို နေထိုင်မှုစရိတ်မှာလည်း အိမ်ငှားခတွေတိုးလာတာနဲ့ လျှပ်စစ် မီတာခ အစိုးရက တိုးမြှင့်ကောက်တာကြောင့် လျှပ်စစ်မီတာခနဲ့ သက်ဆိုင်တဲ့ အခြေခံစားသောက်ကုန်လူသုံးကုန်စရိတ် တွေကလည်း တဖြေးဖြေးတိုးလာတာတွေ့ရတယ်လို့ အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။
အနိမ့်ဆုံးလုပ်ခ လစာကို အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး မေ ၁၄ ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို အတည်ပြု ထုတ်ပြန်ခဲ့ပေမယ့်လည်း တစ်ချို့ စက်ရုံတွေက အလုပ်သမားတွေဟာ အနိမ့်ဆုံးလုပ်ခ လစာကို မရရှိတဲ့အတွက် ဆန္ဒထုတ်ဖော်တာတွေ လုပ်ခဲ့ရပါတယ်။
အခုလို ကုန်ဈေးနှုန်းနဲ့ မကိုက်ညီတဲ့ အခြေခံလုပ်ခ လစာကို တိုးဖို့အတွက် ဥပဒေအရ နှစ်နှစ်ကြာမှ တိုးသင့် မတိုးသင့်ကို ပြန်လည် သုံးသပ်နိုင်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်အတွင်းဝန် ဦးမျိုးအောင်က သြဂုတ်လ ၂၅ ရက်နေ့က ဘီဘီစီကို ပြောခဲ့ပါတယ်။
အခြေခံလုပ်အားခကို တိုးမြှင့်တာကို နှစ်နှစ်ကြာမှ တိုးမြှင့်သင့်၊ မတိုးသင့် စတာကို အမျိုးသားအဆင့် အနည်းဆုံး အခကြေးငွေ ကော်မတီက ပြန်လည် သုံးသပ်ဖို့ကို အလုပ်သမား ဥပဒေက ပြဌာန်းထားပါတယ်။
လျှပ်စစ်မီတာခတွေကို အစိုးရက တိုးမြှင့်ကောက်ခံမှုကြောင့် လျှပ်စစ်နဲ့ ပတ်သက် ဆက်နွယ်တဲ့ အခြေခံစားသောက်ကုန်စျေးနှုန်း မြင့်တက်လာပြီး အလုပ်သမားတွေရဲ့ အဆောင်ခ၊ လျှပ်စစ်သုံးစွဲခ အပြင် စားဝတ်နေရေး အသုံးစရိတ်တွေလည်း တိုးလာကြောင့် အခြေခံ လုပ်အားလစာနဲ့ မလောက်မငှ ဖြစ်နေကြတာ ဖြစ်ပါတယ်။
အခုချိန်အထိတော့ အစိုးရ သတ်မှတ်ထားတဲ့ တနေ့ ၄၈၀ဝ လုပ်ခလစာဟာ မလောက်ငှဘူးဆိုတဲ့ အချက်တွေကိုတွေ့ရှိထားပြီး လက်ရှိကုန်ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ လုပ်ခလစာ ဘယ်လောက် ထိ သတ်မှတ်ရမယ်ဆိုတာကိုတော့ စစ်တမ်းတွေ ကောက်ယူတုန်းပဲ ဖြစ်တယ်လို့ အလုပ်သမား သဂ္ဂတွေက ဆိုပါတယ်။










