ဒေါက်တာအောင်ကျော်ဝင်း ၊ရွှေတိဂုံ အထက်ပစ္စယံနဲ့ အမျိုးသားလား အမျိုးသမီးလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရွှေတိဂုံစေတီအထက်ပစ္စယံကို တက်ပြီးဖူးခဲ့တဲ့ ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းဟာ အမျိုးသားလား အမျိုးသမီးလားဆိုတာ က အငြင်းပွားမှုတွေရှိနေပါတယ် ။
သူ့ကိုအမျိုးသားဖြစ်တယ် ဆိုတာကို သာသနာရေးဝန်ကြီးဌာက အတည်ပြုတယ်လို့ ရွှေတိဂုံဂေါပကအဖွဲ့က ပြောလိုက်ပါတယ်။
ဒါပေမဲ့ အထက်ပစ္စယံကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖူးခွင့်မပေးခဲ့တာကြောင့် ရွှေတိဂုံစေတီတော် စေတီတော်ရုံးအဖွဲ့မှူး ရာထူးကရပ်နားပြီး ခုရုံးဖွဲ့စစ်ဆေးနေပါတယ်။
ရာထူးကရပ်နားခံရတဲ့ ရွှေတိဂုံစေတီ စေတီတော်ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ကတော့ ဒေါက်တာအောင်ကျော်ဝင်းကို သူက ခွင့်ပြုပေးခဲ့လို့ ခုရုံးဖွဲ့စစ်ဆေးပြီး ရာထူး ကနေ အနားခံရတယ်လို့ ဘီဘီစီကိုပြောပါတယ်။
ရွှေတိဂုံ စေတီ အထက်ပစ္စယံကို သံဃာနဲ့အမျိုးသားတွေပဲ ဖူးခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချက် ရှိတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MHA
ရွှေတိဂုံဂေါပကအဖွဲ့ဘက်ကတော့ ဒေါက်တာအောင်ကျော်ဝင်းဟာ အမျိုးသားဖြစ်တယ်ဆိုတဲ့ အတည်ပြုချက်ကို သာသနာရေးဝန်ကြီးဌာနဘက်က ရထားပြီး ဒါနဲ့ပတ်သက်လို့ အငြင်းပွားစရာမရှိဘူးလို့ ပြောပါတယ် ။
လသာမြို့နယ် က ဒေါက်တာအောင်ကျော်ဝင်းနဲ့ ကျောင်းနေဘက် အချို့ ကလည်း သူ့ကို အမျိုးသား အဖြစ်သာ သိထားကြတယ်လို့လည်းဘီဘီစီကိုပြောပါတယ်။
ဦးထွန်းအောင်ငွေဘက်ကတော့သူ့ကို ဒေါက်တာအောင်ကျော်ဝင်းကိစ္စနဲ့ ပတ်သက်လို့ ရွှေတိဂုံဂေါပကအဖွဲ့ဘက်က အရေးယူတာမကျေနပ်လို့ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အဂတိကော်မရှင်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို တိုင်ကြားထားပါတယ်။
"ကျွန်တော့်ကိုဗျာ၊ မိန်းမကြီး အထက်ပစ္စယံ တင်ပေးလို့ ဆိုပြီး ခုံရုံးဖွဲ့စစ်တာ။ နောက်တော့ ကတ်မရှိဘဲ အထက်ပစ္စယံကို တက်ခွင့်ပေးခဲ့တာကြာင့် စည်းကမ်းနဲ့ မကိုက်ညီလို့ အရေးယူတာလို့ ဂေါပကအဖွဲ့က ပြောတယ် "လို့လည်း ရွှေတိဂုံ စေတီတော် စေတီတော်ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ကပြောပါတယ်။
ရွှေတိဂုံစေတီ အထက်ပစ္စယံကို ဖူးခဲ့တဲ့ ဒေါက်တာအောင်ကျော်ဝင်းကိစ္စမှာတော့ အမျိုးသားလား အမျိုးသမီးလားဆိုတာကြောင့် အခုလို အငြင်းပွားမှုတွေရှိလာတာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဘယ်ကိစ္စက စည်းကမ်းနဲ့မညီ ဖြစ်သလဲဆိုတာကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ဆေးရေးကာလအတွင်း ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို ရာထူးက ရပ်နားထားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။
ရွှေတိဂုံစေတီတော် အထက်ပစ္စယံမှာ ဘုရားဝတ်ပြုခွင့်လျှောက်ထား မယ်ဆိုရင် လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေမှာ လျှောက်ထားသူဟာ စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ မြန်မာ တိုင်းရင်းသား အသက် (၁၈) နှစ်ပြည့်ပြီးသူ အမျိုးသားဖြစ်ရမယ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းတင်ပြပြီး လျှောက်လွှာပုံစံဝယ်ယူရမယ်၊ လျှောက်လွှာပုံစံနှင့်အတူ မိတ္တူပူးတွဲတင်ပြရမယ် အစရှိသဖြင့်ဖော်ပြထားတယ်လို့ သိရပါတယ် ။
အထက်ပစ္စယံကို တက်ရောက် ဘုရားဝတ်ပြုခြင်းဆိုင်ရာ စည်းကမ်းချက်များမှာ ဝတ်စားဆင်ယင်မှုဆိုင်ရာ၊ အပြုအမူဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အတူ တက်ရောက်ခွင့်ပြုထားတဲ့ ရက်တွေရှိပါတယ်။
ဝါတွင်းကာလ စနေ၊ တနင်္ဂနွေ၊ ဥပုသ်နေ့နဲ့ အခါကြီးရက်ကြီးများ၊ ဝါပကာလ စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူးနေ့နဲ့ အခါကြီးရက်ကြီးများမှာ မနက် ၇ နာရီကနေ ညနေ ၄ နာရီအထိလို့ သတ်မှတ်ထားပါတယ်။








