မလတ်တောင် မြေပြိုမှုကြောင့် ပြောင်းရမယ့် မိသားစုတချို့ နေရာဟောင်းမှာ ပြန်နေလို

ဓာတ်ပုံ ရင်းမြစ်, Mar Naw / MPA
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ သြဂုတ်လ ၉ ရက် မလတ်တောင် မြေပြိုမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့သူတွေကို အစိုးရ မြေနေရာ အစားပြန်ပေးဖို့ စီစဉ်နေပေမယ့် တချို့က နေရာဟောင်းမှာနေဖို့ တောင်းဆိုနေပါတယ်။
အစိုးရက ပြန်ပေးတဲ့ မြေနေရာက လမ်းမတန်းနဲ့ ဝေးပြီး အရင်က သူတို့နေတဲ့နေရာနဲ့ မြေတန်ဖိုးလည်း ကွာခြားတဲ့အတွက် မနေချင်သူတွေ ရှိနေတာ ဖြစ်ပါတယ်။
အစိုးရက အစားပြန်ပေးမယ့်နေရာကတော့ မြေပြိုမှုဖြစ်ထားတဲ့ မလတ်တောင်နဲ့ ကိုက် ၂ဝဝ အကွာမှာ ရှိပါတယ်။ အဲဒီနေရာဟာ သဲဖြူကုန်းကျေးရွာထဲမှာရှိပြီး အစိုးရပိုင် စားကျက်မြေပေါ်မှာ ဖြစ်ပါတယ်။ အဲဒီမှာ မြေပြန်ရမယ့် အိမ်ထောင်စုတွေအတွက် အစားထိုး မြေကွက်တွေ ရိုက်နေပြီး တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နေပြီ ဖြစ်ပါတယ်။
သြဂုတ်လ ၉ ရက်က လူ ၇ဝ ကျော်သေဆုံးခဲ့ရတဲ့ မလတ်တောင်မြေပြိုမှုမှာ မိသားစုဝင် ၁၀ ယောက်ကျော် တစ်ပြိုင်တည်း ဆုံးရှုံးခဲ့တဲ့သူတွေ ရှိခဲ့ပါတယ်။
"ပြန်လည်ချထားရေးနဲ့ ပတ်သက်ပြီးတော့ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေကို အဖွဲ့ဖွဲ့ပေးတယ် ပြည်နယ်အစိုးရက။ အဲဒီမြေပြိုတဲ့နေရာမှာ ပါဝင်ထားတဲ့ ဘေးသင့် အိမ်ထောင်စုတွေကို တစ်ဦးချင်း သဘောထား ရေးခိုင်းတယ်။ အဲဒီအဖွဲ့ကနေ စုတယ်။ စုပြီးတဲ့အခါကျမှ အဲဒီအဖွဲ့ကနေမှ အစိုးရ အဖွဲ့ကို တင်ပြတယ်"လို့ ပြန်လည်နေရာချထားရေးအတွက် အိမ်ထောင်စု ၂၃ စုရဲ့ သဘောထားကို စုစည်းတင်ပြခဲ့ရတဲ့ ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောပါတယ်။
"အိမ်ထောင်စု ၁ဝ စုလောက်က လယ်မြေထဲမှာ နေချင်တယ်။ ကျန်တဲ့ မိသားစုတွေကတော့ ပြည်နယ်အစိုးရအဖွဲ့ကပေးတဲ့ စားကျက်မြေမှာ နေမယ်။ တချို့ကကျလည်း ဒီမြေပြိုတဲ့နေရာမှာ ပြန်ပြီးတော့ အိမ်ဆောက်လုပ် မနေထိုင်ရဘူး ဆိုရင်တောင်မှ ပြန်ပြီးတော့မှ စိုက်ပျိုးခွင့်ရချင်တယ်" လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mar Naw / MPA
တင်ပြထားတာတွေကနေတဆင့် အခုဒီနေရာကိုပဲ အသင့်တော်ဆုံးလို့ ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်ပြီးတော့ ဆောင်ရွက်ခဲ့တယ်လို့ ဦးဇော်မိုးအောင်က ပြောပါတယ်။
ပြောင်းမယ့်နေရာမှာ ဆောက်မယ့် အိမ်တစ်လုံးကို ကျပ် သိန်း ၁ဝဝ လောက် ကုန်ကျဖို့ မျှော်မှန်းထားပြီး မြေပြိုခဲ့တဲ့ နေရာမှာတော့ ထပ်နေထိုင်ခွင့် မပေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြေပြိုကျခဲ့တဲ့ နေရာမှာ ပြန်နေထိုင်ခွင့်မပေးတာနဲ့ ပတ်သက်ပြီးလည်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက အခုလို ပြောပါတယ်။
"ဒီတောင်မှာ ဆက်နေလို့ မရဘူးဆိုတဲ့ အပေါ်မှာ ကျွန်မတို့က ဆုံးဖြတ်ရတာကိုး။ ဒီလူတွေက နေမယ်။ ဟုတ်ပြီ ဒီတောင်ကလည်း မသေချာတော့ဘူး။ နောက်ထပ် ပြိုမယ်၊ နောက်ထပ် လူသေမယ်ဆိုရင် ဘယ်သူ့ကို အပြစ်ဖို့မှာလဲ။ အစိုးရ ကိုပဲ အပြစ်ဖို့မှာပဲ။ နောက်ပြည်သူတွေကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် ပြောရမှာ။ ကြောက်နေစရာ မလိုဘူးလေ။ အခု ထားတဲ့နေရာဆိုရင် လွတ်ကျွတ်တယ်လေ။ နောက်မဖြစ်တော့ဘူး။ အဲဒီနေရာမှာ ထားပေးတာ။ မီးတိုင် တွေရော ဘာတွေရော အကုန်လုံး အဆင်သင့်လုပ်ပေးမှာ။ အိမ်တွေရော ဘာတွေရော အကုန်လုံး။ တစ်ခါတည်း တက်နေရုံပဲ"
ပေါင်မြို့နယ်ထဲက တောင်တွေနဲ့ဆက်စပ်နေတဲ့ တောင်ခြေ မြေနေရာ ၂၇ မိုင် တလျှောက်မှာ လူတွေနေထိုင် နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mar Naw / MPA
ဒီမြေနေရာတွေက မြေတွေဟာ မြေနုအမျိုးအစားဖြစ်တဲ့အတွက် အချိန်မရွေး မြေထပ်ပြိုနိုင်တယ်လို့ မိကွန်ချမ်းက ပြောပါတယ်။
ဒါတွေနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရက လူထုကို ပိုပြီး အသိပညာပေး ရှင်းပြသင့်တယ်လို့ သူက တိုက်တွန်းပါတယ်။
ပြည်နယ်အစိုးရဘက်ကတော့ မြေပြိုမှုရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဒေသတွင်း မြေတူးဖော်တာတွေကို စောင့်ကြည့်စိစစ်တားမြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အစားထိုး မြေကွက် ပြန်ချပေးတဲ့ နေရာမှာ လျှပ်စစ်မီးကြိုးသွယ်ဖို့ ဓာတ်တိုင်တွေ ထူနေပြီလို့ သိရပါတယ်။
ဒါ့အပြင် ကွန်ကရစ် လမ်းတွေခင်းတာ၊ ပေ ၆ဝ - ပေ ၈ဝ မြေကွက်တွေ ရိုက်တာတွေ ၊ ရေမနစ်မြုပ်အောင် မြေဖို့တာ တွေကို အစိုးရ ရန်ပုံငွေနဲ့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။








