မဲရုံတွေကို တပ်ပြင်ပ ထားဖို့ အခက်အခဲရှိတယ်လို့ တပ်ဘက်ကပြောအပါအဝင် မနက်ခင်းသတင်းများ

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တပ်ရင်းတပ်ဖွဲ့တွေရဲ့မဲရုံတွေမှာ ကြံ့ခိုင်ရေးပါတီက အားလုံး အနိုင်ရခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တပ်ရင်းတပ်ဖွဲ့တွေရဲ့မဲရုံတွေမှာ ကြံ့ခိုင်ရေးပါတီက အားလုံး အနိုင်ရခဲ့
ရေးသားခဲ့သည်။

မဲရုံတွေကို တပ်တွင်းမထားဘဲ အပြင်မှာထားဖို့ကို အခက်အခဲရှိတယ်လို့ တပ်ဘက်ကပြော

ရွေးကောက်ပွဲကျင်းပတဲ့အခါတပ်တွင်းမှာမဲရုံမထားပဲမဲရုံတွေကိုအပြင်ထုတ်ပါက အခက်အခဲတွေရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲကာလမှာ တပ်တွင်းမဲရုံတွေထားရှိတာနဲ့ကြိုတင်မဲကိစ္စတို့ကိုသဘောမတူကြောင်း မကြာခင်က ပြုလုပ်တဲ့ NLD ပါတီရဲ့ဗဟိုကော်မတီအစည်းအဝေးပြီးသတင်စာရှင်းလင်းပွဲမှာ ပါတီတာဝန်ရှိသူတွေက ပြောထားပါတယ်။

ဒါ့အပြင် မဲရုံတွေကို တပ်ပြင်ပမှာ ထားဖို့ တပ်မတော်နဲ့ ညှိနှိုင်းသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က မီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားတာတွေလည်းရှိနေပါတယ်။

' ' တပ်တွင်းမှာ တာဝန်ထမ်းဆောင်နေတာ ၂၄နာရီရှိတယ်။ အပြင်ကိုထွက်လာပြီး မဲပေးဖို့ အကြောင်းအရာတွေ အခက်အခဲတွေက မျိုးစုံရှိတယ်။''လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကော်မရှင်အတွက်ကောင်မရှင်ကနေ ဥပဒေ လုပ်ထုံးလုပ်နည်းတွေထွက်ရှိလာမှသာ ဒီကိစ္စကိုသိရမှာဖြစ်တဲ့အတွက်လောလောဆယ် တော့မပြောနိုင်သေးဘူးလို့လည်း သူကပြောပါတယ်။

ဒါအပြင်နောက်ထပ် ပြောစာရာတခုရှိနေတာက တပ်ရင်းတပ်ဖွဲ့တွေရဲ့ကြိုတင်မဲကိစ္စဖြစ်တယ်လို့လဲ လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တပ်ရင်းတပ်ဖွဲ့တွေရဲ့မဲရုံတွေမှာ ကြံ့ခိုင်ရေးပါတီက အားလုံး အနိုင်ရခဲ့ကြပါတယ်။

တပ်တွင်းမဲရုံတွေကိုအပြင်ထုတ်မထုတ်ဆိုတာဟာ အစိုးရက ဆုံးဖြတ်ရမဲ့ကိစ္စမဟုတ်ပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေနည်းဥပဒေတွေကိုအခြေခံပြီးလုပ်ထုံးလုပ်နည်းတွေထုတ် ပြန်ပေးရတာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့တပ်တွင်းမဲရုံတွေကို အပြင်ထုတ်မလား၊ အဝေးရောက်ကြိုတင်မဲတွေကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ကော်မရှင်က အဓိက ဆောင်ရွက်ရမဲ့လုပ်ငန်းတခုဖြစ်နေတယ်လို့လေ့လာသူတွေက ပြောဆိုနေတာတွေလည်းရှိပါတယ်။

အရပ်သား ၃ ဦးကျည်ဆန်မှန်လို့ ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, SOE THANT AUNG

ဓာတ်ပုံ ပုံစာ, အရပ်သား ၃ ဦးကျည်ဆန်မှန်လို့ ဒဏ်ရာရ

ကျောက်တော်မှာ ယာထွန်နေတုံး ကျည်ဆန်လာမှန်လို့ ဒေသခံ အချို့ဒဏ်ရာရ

ရခိုင်ပြည်နယ်အတွင်း စက်တင်ဘာ ၂၉ ရက်နေ့က ဘူးသီးတောင်နဲ့ ကျောက်တော်မြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်က အရပ်သား ၃ ဦးကျည်ဆန်မှန်လို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာဆိုရင် ကုလားတန်မြစ်အထက်ပိုင်းကို တက်လာတဲ့ရေတပ်သင်္ဘောတွေကို ရက္ခိုင့်တပ်တော်(အေအေ)ကနေ တိုက်ခိုက်ခဲ့တဲ့ အတွက် တပ်မတော်ကနေ တုန့်ပြန်ပစ်ခတ်ရာမှာ ကုလားတန်မြစ်ဘေးမှာရှိတဲ့ မီး၀ရွာက အသက် ၆၃ နှစ်ရှိပြီ ဖြစ်တဲ့ ဦးသာထွန်းဦး နဲ့ အသက် ၂၀ အရွယ် လူငယ် တစ်ဦး၊ နောက်ထပ် မီးဝရွာသစ်က လူငယ်တစ်ဦးထိ ဒဏ်ရာရရှိခဲ့ပါတယ်။

သူတို့သားအဖဟာ မြေပဲစိုက်ပျိုးရေးအတွက် ဟင်းခင်းထွန်နေချိန်မှာ ရေတပ် နေဗီ သင်္ဘောတွေ ကုလား တန်မြစ် အတိုင်းတက်လာတာကို သတိမပြုဘဲနေထိုင်စဉ်မှာ သေနတ်သံကြားတဲ့အတွက် သရက်ပင်အောက်မှာ ပုန်းနေတုံး ကျည်ဆံဦးခေါင်းကို ရှပ်ထိမှန်ခဲ့တာလို့ ကိုယ်တိုင် ဒဏ်ရာရရှိခဲ့တဲ့ အသက်၂၀ အရွယ် ကိုနိုင်လင်းစိုးကဘီဘီစီကိုပြောပါတယ်။

ဒဏ်ရသူ ဦးသာထွန်းဦးကိုတော့ မနေ့ကဘဲ ကျောက်တော်မြို့နယ်ဆေးရုံကို ချက်ချင်းယူဆောင်လာပြီး ဒဏ်ရာဟာစိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို ထပ်မံပို့ဆောင်ခဲ့ရပါတယ်။

နောက်၂ ဦးကတော့ သိပ်စိုးရိမ်စရာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

' ' ကျွန်တော်တို့ ရေလမ်းကြောင်းလုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို အေအေကနေ ပြီး မီးဝရဲ့ အနောက် ဘက်ကြောဘက်ကနေ လှမ်းပစ်တာ။ ပစ်တဲ့အတွက်ကြောင့် သူပစ်ကိုယ်ပစ်ပြန်ပစ်တာ တော့ရှိတယ်။ ရွာသားတွေမှန်တာတော့ မသိဘူး ။သိပ်တော့ မကြာဘူး ၁၅ မိနစ် မိနစ်၂၀ လောက်ပဲ''လို့ တိုက်ပွဲဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ဘီဘီစီကိုပြောပါတယ်။

ဘူးသီးတောင်မြို့နယ် တိုက်ပွဲကတော့ နွားရုံတောင်နဲ့ ကွမ်းတောင်ရွာအကြားမှာ တစ်နေ့ကုန်နီးပါး ဖြစ်ပွားခဲ့ပြီး အနီအနားရှိ စေတီတောင်ကျေးရွာ က တိုက်နယ်ဆေးရုံ ခေါင်မိုးပေါ်ထိ လက်နက်ကြီး ကျည်စတွေထိမှန်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အရပ်သားသေဆုံးမှုက ၈၀ ကျော်ရှိနေပြီး ဒဏ်ရာရ သူက ၁၀၀ ကျော်ရှိနေပြီ ဖြစ်တယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

"Safe Zone" တည်ထောင်ဖို့ တောင်းဆိုမှုတွေကိုလည်း ခွင့်ပြုမှာမဟုတ်

ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs Myanmar

ဓာတ်ပုံ ပုံစာ, "Safe Zone" တည်ထောင်ဖို့ တောင်းဆိုမှုတွေကိုလည်း ခွင့်ပြုမှာမဟုတ်

ICC ဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ကုလညီလာခံမှာ ဝန်ကြီးဦးကျော်တင့်ဆွေပြော

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ရခိုင်အရေးကိစ္စတွေကိုပြောကြားရာမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး ICC အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က ပြောကြားခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေရဲ့မိန့်ခွန်းမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အရည်အသွေးမြင့် ပညာရေးဖော်ဆောင်မှု၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့အခြေအနေတွေကို ဖြေရှင်းရေးအတွက်အစိုးရရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အဓိကထားပြောကြားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း "Safe Zone" တည်ထောင်ဖို့ တောင်းဆိုမှုတွေကိုလည်း ခွင့်ပြုမှာမဟုတ်သလို ဘယ်လိုနည်းနဲ့မျှ ဖြစ်နိုင်မှာလည်း မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့သလို ဘင်္ဂလားဒေ့ရှ်ရှိ နေရပ်စွန့်ခွာသူတွေပြန်လာဖို့အရေးနဲ့ပတ်သက်ပြီး တောင်းဆိုမှုအသစ်တွေ ခြွင်းချက်အသစ်တွေကိုလည်း လက်ခံမှာ မဟုတ်ဘူးဆိုတဲ့အကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ရေနံထောက်ပံ့မှုဟာလည်း ကစဉ့်ကလျား ဖြစ်လာနိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ရေနံထောက်ပံ့မှုဟာလည်း ကစဉ့်ကလျား ဖြစ်လာနိုင်

ရေနံဈေးတွေ အဆမတန်မြင့်တက်လာနိုင်တယ်လို့ ဆော်ဒီအိမ်ရှေ့စံပြောဆို

အီရန်နိုင်ငံနဲ့ ခြိမ်းခြောက်မှုတွေကို ကမ္ဘာတဝန်းက အတူမတုံ့ပြန်ဘူးဆိုရင် ရေနံဈေး အဆမတန်မြင့် တက်လာနိုင်သလို ကမ္ဘာ့ရေနံထောက်ပံ့မှုဟာလည်း ကစဉ့်ကလျား ဖြစ်လာနိုင်တယ်လို့ ဆော်ဒီအာရေးဗျ အိမ်ရှေ့စံမင်းမင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က ပြောပါတယ်။

CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ မင်းသားက အခုကို ပြောလိုက်တာဖြစ်ပါတယ်။

ဆော်ဒီနဲ့ အီရန်ကြား စစ်ဖြစ်ရင် နိုင်ငံတကာစီးပွားရေး ပျက်ကိန်းဆိုက်လိမ့်မယ်လို့လည်း သူကပြောပါတယ်။

အခုလ လယ်ပိုင်းတုန်း ကလည်း ဆော်ဒီရေနံချက်စက်ရုံ ၂ ခု တိုက်ခိုက်ခံခဲ့ရလို့ ကမ္ဘာတဝန်းရေနံဈေးနှုန်း ထိုးတက်သွားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ အီရန်ရှိတယ်လို့ အမေရိကန်က စွပ်စွဲပြောဆိုပေမဲ့ အီရန်နိုင်ငံကတော့ ငြင်းဆိုထားပါတယ်။