စည်ပင်ခွင့်ပြုချက်မယူထားတဲ့ တရုတ်ဆိုင်းဘုတ်တွေကို ဖြုတ်ဖို့ မြို့ခံတွေ လိုလား

တရုတ်ဘာသာစကားနဲ့ ဆိုင်းဘုတ်တွေကို စည်ပင်က ခွင့်ပြုထားခြင်း မရှိလို့ ဆို

ဓာတ်ပုံ ရင်းမြစ်, နေနော် (မြဝတီ)

ဓာတ်ပုံ ပုံစာ, တရုတ်ဘာသာစကားနဲ့ ဆိုင်းဘုတ်တွေကို စည်ပင်က ခွင့်ပြုထားခြင်း မရှိလို့ ဆို
ရေးသားခဲ့သည်။

မြဝတီမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံသားတွေမူးယစ်ရမ်းကားမှုဖြစ်စဉ်ကြောင့် မြို့ခံတွေ ဒေါသထွက်ခဲ့ပြီး နောက်ပိုင်းမှာ မြို့တွင်းက တရုတ်စာပါ ဆိုင်းဘုတ်တွေကို အာဏာပိုင်တွေက လိုက်လံ ဖယ်ရှားနေပါတယ်။

'စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်ပြီး လိုက်ဖြုတ်နေတယ်။ ဒီဆိုင်းဘုတ်တွေ စတပ်တုန်းက လည်း စည်ပင်သာယာနဲ့ ပတ်သက်တဲ့ဌာနတွေကို တင်ပြထားတာမျိုးမရှိတာ တွေ့ရတယ်။ နယ်စပ်ဖြစ် တဲ့အခါကျတော့ တချို့က ဥပဒေကို လေးစားလိုက်နာမှုမရှိဘူး' လို့ ကရင်ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်က ဘီဘီစီကိုပြောပါတယ်။

ဆိုင်းဘုတ်ဖြုတ်ချတာကို သက်ဆိုင်ရာ ဆိုင်တွေဘက်က တစ်စုံတစ်ရာ စောဒကတက်တာတော့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

တရုတ်စာပါလို့ ဆိုင်းဘုတ်တွေကိုလိုက်ဖြုတ်တာမဟုတ်ဘဲ စည်ပင်ခွင့်ပြုချက်ယူမထားတဲ့ ဆိုင်းဘုတ်တွေကိုအဓိကလိုက်ဖြုတ်တာဖြစ်တယ်လို့ မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီဦးစီးအရာရှိ ဦးစောရောဘတ်ထူးက ဘီဘီစီကို ပြောပါတယ်။

စည်ပင်ခွင့်ပြုချက်ယူဖွင့်လှစ်မယ်ဆိုရင် ဆိုင်းဘုတ်မှာ နိုင်ငံခြားဘာသာနဲ့လည်း ရေးသားနိုင်ပေမယ့် မြန်မာဘာသာကိုတော့ အဓိက ဦးစားပေးဖော်ပြဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့ ညက မြဝတီမှာ ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ တရုတ်လူမျိုး နှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, နေနော်(မြဝတီ)

ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၉ ရက်နေ့ ညက မြဝတီမှာ ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ တရုတ်လူမျိုး နှစ်ဦး

စက်တင်ဘာ ၁၃ ရက်က မြို့တွင်းမှာဖြစ်ပွားခဲ့တဲ့ ရမ်းကားမှုဖြစ်စဉ်မှာ ပါတဲ့ တရုတ်နိုင်ငံသား တချို့ကို ဖမ်းဆီးခဲ့ပေမယ့် အရေးယူမှုအပိုင်းနဲ့ပတ်သက်လို့ မြို့ခံတွေကြား ဝေဖန်မှုတွေမြင့် တက်ခဲ့ပါ တယ်။

ဒါကြောင့် တရားမဝင်နိုင်ငံခြားသား ဝင်ရောက်နေထိုင်မှုတွေကို စိစစ်ပေးဖို့ မြို့ခံတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေက စက်တင်ဘာ ၁၅ ရက်မှာ ဆွေးနွေးပွဲလုပ်ပြီး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

လူနှစ်ရာကျော်ပါတဲ့ ဒီဆွေးနွေးပွဲမှာ တရုတ်အပါအဝင် တရားမဝင်နိုင်ငံခြားသားဝင်ရောက်မှုကို စိစစ်ပေးဖို့၊ မြို့ထဲက တရုတ်စာပါတဲ့ဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းပေးဖို့နဲ့ ဒါတွေမလုပ်ပေးရင် ဆန္ဒဖော်ထုတ်မယ်လို့ အာဏာပိုင်တွေဘက်ကို ကော်မတီက သတိပေးခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာ ၁၈ ရက်မှာတော့ မြဝတီစည်ပင်သာယာနယ်နိမိတ်အတွင်းက တရုတ်စာ ပါတဲ့ ဆိုင်းဘုတ်၊ ဗီနိုင်းတွေနဲ့ ကြော်ငြာစာရွက်တွေကို စည်ပင်တာဝန်ရှိသူတွေက လိုက်လံဖြုတ်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် တရုတ်အပါအဝင် တရားမဝင် ဝင်ရောက်လာသူတွေကို စိစစ်ဖို့ မြို့ထဲ ညပိုင်းယာဉ်အဝင် အထွက်ကို မြဝတီရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေ ပူးပေါင်းစစ်ဆေးနေပါတယ်။

အဲဒီလိုစစ်ဆေးတဲ့အခါ စက်တင်ဘာ ၁၉ ရက်ညပိုင်းက ပြည်ဝင်ခွင့်၊ နေထိုင်ခွင့် အထောက်အထား လက်မှတ် မပါရှိတဲ့ တရုတ် လူမျို နှစ်ဦး ကို ဖမ်းမိခဲ့တယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

ခွင့်ပြုချက် မရှိဘဲ တပ်ဆင်ထားတဲ့ မြဝတီက စီးပွား လုပ်ငန်း ဆိုင်းဘုတ် တစ်ခုကို စည်ပင်က လိုက်လံ ဖြုတ်သိမ်းနေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, နေနော် (မြဝတီ)

ဓာတ်ပုံ ပုံစာ, ခွင့်ပြုချက် မရှိဘဲ တပ်ဆင်ထားတဲ့ မြဝတီက စီးပွား လုပ်ငန်း ဆိုင်းဘုတ် တစ်ခုကို စည်ပင်က လိုက်လံ ဖြုတ်သိမ်းနေတဲ့ မြင်ကွင်း

မြဝတီမြို့တွင်းက စီမံကိန်းတွေကြောင့် တရုတ်နိုင်ငံသားတွေ ဝင်ရောက်လာပြီး ပရမ်းပတာနေထိုင်မှုတွေရှိနေတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်ကလည်း ထောက်ပြထားပါတယ်။

မြန်မာ ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်က တရုတ် နိုင်ငံသားတချို့ မူးယစ်ရမ်းကားပြီး လူမြင်ကွင်းမှာ မဖွယ်မရာ ပြုလုပ်တဲ့ ဖြစ်စဉ်ကြောင့် လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ဒေသခံတွေနဲ့ ပဋိပက္ခ ဖြစ်မယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ ဖမ်းဆီးခဲ့တဲ့ တရုတ်တွေကို ရဲစခန်းမှာထိန်းသိမ်းထားစဉ်မှာ လက်နက်ကိုင်အဖွဲ့ဝင်တချို့ လာရောက်မှုကိုလည်း မြို့ခံတွေက မေးခွန်းထုတ်နေကြပါတယ်။

ဒီလက်နက်ကိုင်တွေက ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေဆီက သီးခြား အတည်ပြု ပြောကြားတာမျိုးတော့ မရှိသေးပါဘူး။