ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ငွေတွေနဲ့ စီးပွားရေးကို လှုံ့ဆော်နိုင်မလား
စည်းကြပ်မှုက လွတ်ကင်းနေတဲ့ငွေတွေအပေါ် အခွန်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က လက်ခံအတည်ပြုလိုက်တဲ့နောက် အိမ်ခြံမြေစျေးကွက်အပါအဝင် စီးပွားရေးအသိုင်းအဝိုင်းက စျေးကွက်ထဲမှာ အရောင်း အဝယ်တွေ အရင်ကထက် ပိုသွက်လာမယ်လို့ မှန်းဆနေကြပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြထားတဲ့ ၂၀၁၉ အခွန်ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ငွေတွေနဲ့ပတ်သက်ပြီး ၁ ကျပ် က သိန်း ၁၀၀၀ အထိ အခွန် ၃ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ က သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ က သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀၀ က သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ အထက် ငွေတွေအပေါ် ၃၀ ရာခိုင်နှုန်း စသဖြင့် အခွန်ကောက်မယ့်အကြောင်း ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာလ ၁၉ ရက်နေ့က သဘောတူ လက်ခံ အတည်ပြုလိုက်တာပါ။
အခုလို ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေတွေနဲ့ ပတ်သက်လို့ အရင်က သိန်း ၁၀၀၀ နဲ့အထက်ဆိုရင် အခွန်က ၃၀ ရာခိုင်နှုန်းဆောင်ရမှာမို့ သိန်း ၁၀၀၀ အထက် အိမ်ခြံမြေဝယ်မယ်ဆိုရင် ဝယ်မယ့်သူက သိန်း ၁၃၀၀ အနည်းဆုံး ကုန်ကျခံရမှာဖြစ်တဲ့အတွက် အရောင်းအဝယ်တွေ နှေးခဲ့ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒု ဥက္ကဌ ဦးသန်းဦးက ဘီဘီစီကို ပြောပါတယ်။
ဒီငွေတွေက အခွန်မဆောင်ခဲ့တဲ့ငွေတွေဖြစ်လို့ အခုလို အခွန်နှုန်းထားတွေကို လျှော့ချပေးလိုက်တဲ့ ကိစ္စက ငွေကြေးခဝါချသူတွေကို မျက်နှာသာပေးသလို ဖြစ်တယ် ဆိုတဲ့ ဝေဖန်မှုတွေကလည်း ရှိနေတာပါ။
ဦးသန်းဦးကတော့ မြန်မာပြည်စီးပွားရေး အခုလို နှေးကွေးနေတဲ့အချိန်မှာ အဝယ်လိုက်လာတွေဖြစ်လာနိုင်တာကြောင့် အိမ်ခြံမြေစျေးကွက်အပြင် ဆောက်လုပ်ရေးလုပ်ငန်း၊ ကားအရောင်းအဝယ် လုပ်ငန်းတွေကပါ ဒီလို အခွန်သတ်မှတ်မှု အသစ်ကို ကြိုဆိုနေကြတာလို့ ဆိုပါတယ်။
ဒီလိုအခွန်မျိုး သတ်မှတ်မှုက လာမယ့် အောက်တိုဘာလ ၁ ရက်မှာ စတင်မယ့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် တနှစ်အတွက်ပဲလို့ လည်း ဆိုပါတယ်။
အခုအစီအစဉ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ စီးပွားရေးကို ကြိုးစား နှိုးလှုပ်တဲ့ ကြိုးစားမှု တခုလို့ စီးပွားရေး ပညာရှင် ဒေါက်တာစိန်မင်းက မြင်ပါတယ်။
ဒါပေမဲ့ ဒါ့ကြောင့်တော့ မြန်မာ့စီးပွားရေးအခြေအနေကို အများကြီးပြောင်းလဲသွားနိုင်မှာ မဟုတ်ပါဘူးလို့လည်း သူက ကောက်ချက်ချပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်လာတာတွေက နည်းပါးနေသလို၊ ကုန်ထုတ်လုပ်ငန်း၊ တင်ပို့ကုန်လုပ်ငန်း စတဲ့ဘက်တွေမှာလည်း တုံ့နှေးနေတာမို့ အေးနေတဲ့ စျေးကွက်တွေအတွင်း ငွေတွေစီးဝင်လာဖို့ အိမ်ခြံမြေအရောင်းအဝယ် ဝန်ဆောင်မှု လုပ်ငန်းရှင် ဦးသန်းဦးက မျှော်မှန်းနေသလို ဒီပုံစံ အခွန်သတ်မှတ်မှု သက်တမ်းကို နောက်နှစ်တွေမှာ ဆက်ဆက်တိုးသွားဖို့ကိုလည်း သူက မျှော်လင့်နေပါတယ်။