ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သက်တမ်းလွန် ဘဏ်ချေးငွေတွေ အရေး
ဘဏ်ချေးငွေတွေအရေး အခုတလော သတင်းတွေ အတော်ထွက်လာနေပါတယ်။ ဒီအရေးက ဘယ်လိုပါလဲ၊ ဘီဘီစီက စောကြောကြည့်တော့ အခုလိုတွေ့ရပါတယ်။
သက်တမ်းလွန် ဘဏ်ချေးငွေတွေနဲ့ လုပ်ငန်းရှင်တွေ
မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတခုလုပ်ဖို့အတွက် လုပ်ငန်းရှင်တွေက ဘဏ်ကနေ ငွေတွေထုတ်ချေးတဲ့အခါ အိမ်ခြံမြေလို မရွှေ့မပြောင်းနိုင်တဲ့တန်ဖိုးရှိပိုင်ဆိုင်တဲ့အရာတွေကို အာမခံတင်ကာ ဘဏ်တွေက သတ်မှတ်တဲ့အတိုးပေးပြီးငွေချေးကြပါတယ်။
ဘဏ်တွေက စစ်ဆေးပြီး အာမခံတင်တဲ့ တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိ ထုတ်ချေးကြ ပါတယ်။
ဒီလိုငွေချေးတဲ့အခါ သတ်မှတ်ကာလမှာပြန်ဆပ်နိုင်တဲ့၊ ပြန်ဆပ်ကြတဲ့ လုပ်ငန်းရှင်တွေရှိသလို၊ မဆပ်နိုင်ကြတဲ့၊ မဆပ်တဲ့လုပ်ငန်းရှင်တွေလည်း ရှိနေပါတယ်။
အရင်ခေတ်ကာလက နိုင်ငံတကာစံတွေနဲ့ မလျော်ညီတဲ့ဘဏ်စနစ်တွေနဲ့ လည်ပတ်နေတဲ့အပေါ် အဲဒီလို မဆပ်ကြတဲ့အလေ့က ဘဏ်တချို့ကြား၊ လုပ်ငန်းရှင်တွေ အထူးသဖြင့် လုပ်ငန်းရှင်ကြီး တွေအကြား ရှိနေခဲ့ကြတာပါ။
Overdraft loan လို မိမိဘဏ်စာရင်းမှာ ရှိထားတဲ့ငွေထက် ပမာဏပိုပြီးထုတ်ချေးထားတဲ့ ချေးငွေမျိုးက ယာယီသာချေးနိုင်ပြီး တနှစ်လိုကာလအတွင်းမှာ ချေးသူကပြန်ဆပ်ကြရတာ လို့ ဘဏ်လုပ်ငန်းတခုရဲ့ အရာရှိတယောက်က ဘီဘီစီကို ပြောပါတယ်။
ဒီအပေါ် တကယ်စည်းမျဉ်းလိုက်နာတဲ့ ဘဏ်တွေက ချေးထားတဲ့လူတွေအပေါ် တင်းကျပ်ရ သလို ချေးထားသူကလည်း ပြန်ဆပ်ကြရတာပါ။
ဒီနေရာမှာ နိုင်ငံတကာက ဘဏ်စည်းမျဉ်းတွေအရ ဘဏ်က ထုတ်ချေးထားတဲ့ Overdraft loan နဲ့ စုစုပေါင်းထုတ်ချေးထားတဲ့ ချေးငွေ Loan ဟာ အချိုးအစားအရ ၂၀ ရာခိုင်နှုန်းရှိ သင့်ပေမဲ့ မြန်မာနိုင်ငံ ဘဏ်တချို့မှာ အဲဒီရာခိုင်နှုန်းတွေထက် ကျော်နေပြီး ၉၀ ရာခိုင်နှုန်းအထိ ရှိတာလည်းဖြစ်နေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံလွှတ်တော်မှာ လွှတ်တော်အမတ်တယောက် ကမေးတဲ့အမေးကို မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးသိန်းက ဖြေကြားတဲ့အထဲမှာ "ငွေကြေးတခုကို ထုတ်ချေးပြီဆိုရင် ဘဏ်တွေအနေနဲ့ Terms and Conditions (စည်းကမ်း သတ်မှတ်ချက်များ) အမြဲသတ်မှတ်ထားပါတယ်၊ အဲဒါက အခု ၃ နှစ် ထုတ်ချေးခွင့် ပေးထားတယ်၊ အဲဒီ ၃ နှစ်မှာ အရင်းပြန်မဆပ်ရတဲ့ ကာလက ၁နှစ်၊ အဲဒီကာလမှာ အတိုးပြန်ဆပ်ရမယ်၊ အဲဒီနောက်မှာ အတိုးနဲ့ အရင်းပြန်ဆပ်ရမယ်၊ ဒါပေမဲ့ တချို့ချေးငွေတွေက စပြီးယူသွားကတည်းက အတိုးရော၊ အရင်းရော ပြန်မဆပ်တဲ့ ချေးငွေတွေအမြောက်အများရှိပါတယ်၊ အဲဒါတွေကို ဘဏ်တွေက ဘယ်လောက်ကြာကြာ လျစ်လျူရှုထားနိုင်မလဲ" လို့ ပြောခဲ့ပါတယ်။
အတိုးလည်းမဆပ် အရင်းလည်းမဆပ်ပဲ နှစ်တွေ ကြာလာတဲ့ အခြေအနေတွေလည်း ရှိနေလို့ တချို့ဘဏ်တွေက ပြန်မဆပ်ကြတဲ့ သက်တမ်းလွန် ချေးငွေ Non performing loan အရေး ကြုံနေရသလို၊ မဆပ်တဲ့ လုပ်ငန်းရှင်ကြီးတွေလည်း ရှိနေတာပါ။
မြန်မာနိုင်ငံက ဘဏ်တချို့ရဲ့ လုပ်ငန်းရှင်တွေက ဘဏ်လုပ်ငန်းလည်းလုပ်သလို၊ တခြား စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဥပမာ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန်၊ လေကြောင်းလိုင်း စတဲ့ လုပ်ငန်းစုံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတာပါ။
ဘဏ်နဲ့နီးစပ်မှုအလိုက် ချေးငွေတွေယူပြီး ကိုယ့်လုပ်ငန်းမျိုးစုံမှာ ရင်းနှီးလုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်ကြီးတွေရှိတယ် ဆိုတာလည်း မြန်မာ့စီးပွားရေးလောကမှာ အတော်များများက သိကြပါတယ်။
အခု သက်တမ်းလွန်ချေးငွေတွေအားလုံးနီးပါးက ၂၀၁၂ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် ကာလ အတွင်း ချေးယူထားကြတွေ ငွေတွေလို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းတွေ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ စတာတွေဖက်မှာ လုပ်ငန်းတွေကျဆင်းတဲ့အရေးက လည်း လုပ်ငန်းရှင်တွေအဖို့ ဘဏ်ချေးငွေတွေ ပြန်ဆပ်ဖို့ အခက်အခဲများစွာရင်ဆိုင်နေကြရတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက ဆိုပါတယ်။
ဘဏ်စနစ်ပြုပြင်ပြောင်းလဲရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အာဏာရလာတဲ့နောက်ပိုင်း မြန်မာနိုင်ငံက ဘဏ်စနစ်တွေပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးပမ်းလာရာမှာ ဗဟိုဘဏ်က ၂၀၁၇ ဇူလိုင်လပိုင်းက ထုတ်တဲ့ ဘဏ်ဆိုင်ရာစည်းမျဉ်းတွေက ဘဏ်တွေအကြားပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ တွန်းထိုးပေးလာခဲ့တာပါ။
အဲဒီစည်းမျဉ်းနဲ့ နောက်ပိုင်း ဗဟိုဘဏ်က သက်တမ်းတိုးပေးမှုတွေအရ ပုဂ္ဂလိကဘဏ် တခုက ချေးထားတဲ့ Overdraft loan နဲ့ ထုတ်ချေးထားတဲ့ စုစုပေါင်းချေးငွေ Loan ဟာ အချိုးအစားအရ ၂၀၁၈ ခုနှစ် ဇူလိုင်မှာ ၅၀ ရာခိုင်နှုန်း၊ ၂၀၁၉ ဇူလိုင်မှာ ၃၀ ရာခိုင်နှုန်း၊ ၂၀၂၀ ဇူလိုင်မှာ ၂၀ ရာခိုင်နှုန်းအထိ ဘဏ်တွေအနေနဲ့ လျော့ချ ပြောင်းလဲသွားဖို့ပါ။
ဒီအပြင် နိုင်ငံတကာ ဘဏ်တွေရဲ့စံတွေနဲ့အညီ ငွေအရင်းအနှီးနဲ့ ချေးငွေဆိုင်ရာ အချိုးတွေ၊ ငွေပြန်ပေါ်လွယ်မှု (Liquidity) သတ်မှတ်မှုတွေ စသဖြင့် ချမှတ်လိုက်တဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာဖို့ကို ဘဏ်တွေအနေနဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လမှာ အပြီးလုပ်ဆောင်ကြဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ပေးထားတာပါ။
ဒီစည်းမျဉ်းတွေရဲ့ ကာလသတ်မှတ်ချက်ကို ဗဟိုဘဏ်ဖက်ကတော့ သက်တမ်းထပ်မံ မတိုးပေးတော့ဘူးလို့ ဦးစိုးသိန်းက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဘဏ်စနစ်ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လို နိုင်ငံတကာအဖွဲ့တွေကလည်း ကူညီအားပေးသလို၊ ပြည်တွင်းမှာ လိုက်ပါဆောင်ရွက်နိုင်နေတဲ့ ဘဏ်တွေ လည်းရှိပါတယ်။
ဘဏ်တခုက အရာရှိတယောက်က စည်းမျဉ်းတွေနဲ့အညီ ဘဏ်တွေကလုပ်ဖို့ လိုတယ်။ ဒီတော့ ထုတ်ချေးထားတဲ့ (သက်တမ်းလွန်) ချေးငွေတွေကို ပြန်တောင်းကြရမှာပဲ လို့ဆိုပါတယ်။
ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးစိုးသိန်း က "ဘဏ်ကထုတ်ချေးထားတဲ့ ပိုက်ဆံက ငွေကြေးက ဘဏ်ရဲ့ ပိုက်ဆံမဟုတ်ပါဘူး၊ ပြည်သူတွေက အပ်နှံထားတဲ့ပြည်သူ့ပိုက်ဆံဖြစ်ပါတယ်၊ ဘဏ်တွေရဲ့တာဝန်က ပြည်သူတွေ လာရောက်ပြီးယုံကြည်စွာ အပ်နှံထားတဲ့ ပြည်သူ့ပိုက်ဆံကို စနစ်တကျစီမံခန့်ခွဲဖို့က ဘဏ်ရဲ့တာဝန်ဖြစ်တယ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ တာဝန် ကလည်း အဲဒီဘဏ်တွေက သူတို့ငွေကြေးကို စနစ်တကျစီမံခန့်ခွဲမှု ရှိမရှိဆိုတာကို ကြည့်ကြပ်ကွပ်ကဲရမယ့် တာဝန်ရှိပါတယ်" လို့ လွှတ်တော်မှာ ပြောသွားပါတယ်။
ဘဏ်ထုတ်ချေးငွေတွေကို ပြန်မဆပ်ကြလို့ သက်ဆိုင်သူတွေကို ဘဏ်တွေက တရားရေးပိုင်းက လုပ်ဆောင်ရရင် လုပ်ငန်းရှင်ပေါင်း ၂၅၀၀ တရားရင်ဆိုင်ရမယ်၊ လုပ်ငန်းရှင်ပေါင်း ၂၀၀၀၀ လောက် တရားရင်ဆိုင်ရမယ် ဆိုတဲ့ သတင်းတွေထွက်တာမျိုးတွေ ရှိပေမယ့် ဘီဘီစီ က သိရသလောက် အဲဒီလိုကြုံရနိုင်တဲ့ လုပ်ငန်းရှင် ၅၀ နဲ့ ၁၀၀ အကြား ရှိပါတယ်။