ကျောက်မဲအဝင် အမြောက်တပ်ကို TNLA က အာပီဂျီ ၃ လုံးနဲ့ပစ် အပါအဝင် မနက်ခင်းသတင်းများ

တပ်မတော်အမြှောက်တပ်ကို အာပီဂျီ ၃လုံးနဲ့ TNLA ပလောင်လွတ်လပ်ရေးတပ်က ပစ်ခတ်ခဲ့တယ်

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, တပ်မတော်အမြှောက်တပ်ကို အာပီဂျီ ၃လုံးနဲ့ TNLA ပလောင်လွတ်လပ်ရေးတပ်က ပစ်ခတ်ခဲ့တယ်
ရေးသားခဲ့သည်။

ကျောက်မဲအဝင် အမြှောက်တပ်ကို TNLA က အာပီဂျီ ၃ လုံးနဲ့ ပစ်

သြဂုတ်လ ၁၆ ရက်နေ့၊ ည ၉နာရီလောက်မှာ ကျောက်မဲမြို့အဝင်က တပ်မတော်အမြောက်တပ် ကို အာပီဂျီ ၃ လုံးနဲ့ TNLA ပလောင်လွတ်လပ်ရေးတပ်က ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို သြဂုတ် ၁၇ ရက်နေ့ မနက်မှာအတည်ပြု ပါတယ်။

"အပစ်ခံရပေမယ့် တပ်ဝန်းထဲကိုမကျဘူး၊ ရှေ့ဖက်မှာပဲကျတယ်။ အထိအခိုက်လည်းမရှိဘူး။ ပစ်ခတ်ပြီးပြီး ချင်းလိုက်ရှင်းတယ်၊ ထိတွေ့မှုတော့မရှိဘူး။ အဲဒီဖက်မှာက TNLA ပဲရှိပါတယ်" လို့ သူကဆိုပါတယ်။

ကျောက်မဲမြို့အခြေစိုက် အဖြူရောင်နှလုံးသားအဖွဲ့ ပရဟိတအသင်းက ဥက္ကဋ္ဌ ဦးမြဝင်းကလည်း ကျောက်မဲ မှာ မနေ့က ညဖက် ၉နာရီခွဲ မှာတစ်ခါ ၁၀နာရီခွဲနဲ့ ၁၁နာရီလောက်မှာတစ်ခါ လက်နက်ကြီးသံတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးသံတွေအပြီး အပြန်အလှန်ပစ်ခတ်တဲ့ သေနတ်သံတွေကိုပါ ဆက်တိုက်ကြားရတယ် လို့ သူကဘီဘီစီကို သြဂုတ်လ ၁၇ရက် မနက်ပိုင်းမှာပြောပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ အခုလို အာပီဂျီနဲ့ လာပစ်တာက ပြင်ဦးလွင်၊ နောင်ချို နောက်ဆက်တွဲတိုက်ပွဲအပြီး ထပ်မံနှောင့်ယှက်ပစ်ခတ်တာလို့ ဆိုပါတယ်။ ပစ်ခံရတဲ့ တပ်မတော်အမြှောက်တပ်က ကျောက်မဲမြို့အဝင်၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတာဖြစ် ပါတယ်။

TNLA ကလာပစ်တာလို့ တပ်မတော်ဖက်က စွပ်စွဲပြောဆိုတဲ့အပေါ် မေးမြန်းနိုင်ဖို့ TNLA ပြောခွင့်ရသူကို ဘီဘီစီက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

သေဆုံးသူတွေအတွက် နစ်နာကြေးအဖြစ် တစ်ဦးကို ငါးသိန်းကျပ်စီထောက်ပံ့ထားတယ်

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department

ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေအတွက် နစ်နာကြေးအဖြစ် တစ်ဦးကို ငါးသိန်းကျပ်စီထောက်ပံ့ထားတယ်

မလတ်တောင်မြေပြိုမှု သေဆုံးသူ ၆၉ယောက်အထိ ရောက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာက မြေပြိုမှုဖြစ်ပွားခဲ့တဲ့နေရာကို ဆက်လက်ရှင်းလင်းရာ မနေ့က သြဂုတ်လ ၁၆ ရက်နေ့အထိ သေဆုံးသူ ရုပ်အလောင်း ၆၉လောင်းအထိ ရှာဖွေတွေ့ရှိထားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့၊ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနဲ့ မွန်ပြည်နယ်အစိုးရတို့ ပူးပေါင်းပြီး သေဆုံးသူတွေအတွက် နစ်နာကြေးအဖြစ် တစ်ဦးကို ငါးသိန်းကျပ်စီထောက်ပံ့ထားတယ်လို့ လည်း ဝန်ကြီးဌာနက သိရပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်တွေကိုလည်း ပြန်လည်နေရာချထားပေးဖို့ အစီအစဉ်ကို ဝန်ကြီးဌာနနဲ့ ပြည်နယ် အစိုးရတို့ပူးပေါင်းပြီး နောက်နောင် မြေပြိုမှုမဖြစ်နိုင်မယ့်နေရာမှာ ပြန်လည်နေရာချထားပေးဖို့ကို စီမံချက် အနေနဲ့ လုပ်ဆောင်သွားမှာလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့၊ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကိုပြောထားပါတယ်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာနားက မလတ်တောင်ရဲ့မြေသား အစိတ်အပိုင်းအချို့ သြဂုတ်လ ၉ရက်နေ့ ကပြိုကျခဲ့လို့ အဲဒီတောင်ခြေမှာရှိတဲ့ နေအိမ် ၂၇လုံးက လူဦးရေ ၁၆၇ယောက် ပျောက်ဆုံးနေရာ၊ မြေပြိုအပြီး အသက်ရှင်သန်သူ ၃၈ဦးနဲ့ သြဂုတ်လ ၁၆ရက်အထိ အသက်သေဆုံးသူ ၆၉ဦး၊ စုစုပေါင်း ၁၀၇ ဦးကို ပြန်လည်တွေ့ရှိထားပါတယ်။ ရှင်းလင်းရေးလုပ်ငန်းတွေကိုတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့အချို့က ဆက်လက်လုပ်နေပါတယ်။

ဟောင်ကောင်ရဲတွေကို ထောက်ခံပါတယ်၊ ငါ့ကိုကြိုက်သလောက် ရိုက်နှက်နိုင်တယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟောင်ကောင်ရဲတွေကို ထောက်ခံပါတယ်၊ ငါ့ကိုကြိုက်သလောက် ရိုက်နှက်နိုင်တယ်

ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံတယ်ဆိုတဲ့ တရုတ်မင်းသမီး ကန့်ကွက်ခံရ

ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံတယ်လို့ ပြောခဲ့တာကြောင့် ဟွာမုလန် တရုတ်ဒဏ္ဍာရီရုပ်ရှင်ဇတ်ကား ထဲက သရုပ်ဆောင် လုရိဖိန်ကို လူမှုကွန်ယက်စာမျက်နှာတွေမှာ သပိတ်မှောက်ကန့်ကွက်နေကြပါတယ်။

တရုတ်မင်းသမီး အမေရိကန်နိုင်ငံသားလျှောက်ထားရရှိထားသူ လုရိဖိန်က တရုတ်နိုင်ငံကလူသုံးအများဆုံး ဝိုက်ဘိုမှာ ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံကြောင်းပြောဆိုတဲ့ မှတ်ချက်ကို ရေးသားခဲ့တာပါ။

ဟောင်ကောင်မှာတော့ ရက်သတ္တပတ် ၁၀ပတ်ကျော်အထိ ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေသူတွေနဲ့ ရဲတွေအကြား အထိကရုဏ်းတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေပါတယ်။

ဗီဒီယို ပုံစာ, ဟောင်ကောင် ဆန္ဒပြသူတွေကို တရုတ်သတိပေး

ဟောင်ကောင်ရဲတွေကို ထောက်ခံပါတယ်၊ ငါ့ကိုကြိုက်သလောက် ရိုက်နှက်နိုင်တယ် လို့ တရုတ်ဘာသာနဲ့ ထုတ်တဲ့ ဘေဂျင်းသတင်းစာက ဖော်ပြခဲ့တာကို လုရိဖိန်က ဝိုက်ဘိုမှာ တင်ခဲ့တာပါ။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂကတော့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေအပေါ် ပြင်းပြင်း ထန်ထန် ကိုယ်တွင်ဖြေရှင်းနေတယ်လို့ ဝေဖန်ထားပါတယ်။

ဗီဒီယို ပုံစာ, ဟောင်ကောင် ဆန္ဒပြသူတွေ ပါလီမန်ကို ဘာကြောင့် စီးနင်းခဲ့သလဲ