အမြန်လမ်းဘေးက တောဆင်ရိုင်း နှစ်ကောင်ကိုဖမ်းပြီး ဘေးမဲ့တောပို့

မနက် ၈ နာရီလောက်မှာ မေ့ဆေးသေနတ်နဲ့ပစ်ဖမ်း။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မနက် ၈ နာရီလောက်မှာ မေ့ဆေးသေနတ်နဲ့ပစ်ဖမ်း။
ရေးသားခဲ့သည်။

ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၇) အနီးက တောဆင်ရိုင်း နှစ် ကောင်ကိုသြဂုတ် ၃ ရက် မနက် ၈ နာရီလောက်မှာ သစ်တော ကဆင်ဖမ်းတဲ့ အဖွဲ့တွေက မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းလိုက်ပြီဖြစ်ပါတယ်။

အဲဒီဆင်တွေကို ဖမ်းမိတဲ့နေရာကနေ မိုင်၁၀၀ ကျော်ဝေးတဲ့ သာယာဝတီခရိုင် မင်းလှမြို့နယ် မြောက်ဇာမရီ ဘေးမဲ့တောသို့ ပို့မှာဖြစ်ပါတယ်။

တောဆင်နှစ်ကောင်ဟာ ၅ နှစ်သားနဲ့ ၇ နှစ်သား ဖြစ် ပြီး အထီးနှစ်ကောင်ပါ။

မေ့ဆေးသေနတ်နဲ့ ပစ်ပြီး မေ့တော့မှ ကြိုးတုတ်ပြီးကားပေါ်တင်ခဲ့ရတာဖြစ်ပါတယ်။

သြဂုတ် ၃ ရက် မနက် ၁၀ နာရီလောက်မှာ ကားနဲ့ မြောက်ဇာမရီ ဘေးမဲ့တောကို ပို့ပါတယ်။

ဆင်နှစ်ကောင်ဟာ၅ နှစ်သားနဲ့ ၇ နှစ်သား ဖြစ် ပြီး အထီးနှစ်ကောင်ပါ။

ဓာတ်ပုံ ရင်းမြစ်, MMA

ဓာတ်ပုံ ပုံစာ, ဆင်နှစ်ကောင်ဟာ၅ နှစ်သားနဲ့ ၇ နှစ်သား ဖြစ် ပြီး အထီးနှစ်ကောင်ပါ။

ဒီ တောဆင်ရိုင်းနှစ်ကောင်ဟာ တိုက်ကြီးတောဘက်ကနေ ရောက်လာတာဖြစ်ပါတယ်။

အမြန်လမ်း မိုင်တိုင်အမှတ် (၁၇)နဲ့(၁၆)နား မှာရောက်နေတဲ့ဒီဆင်တွေကို မေ့ဆေး သေနတ်နဲ့ မိုင်တိုင်အမှတ် (၁၆) မိုင် ၄ ဖာလုံမှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်။

အမြန်လမ်းရဲတပ်ဖွဲ့ ကလည်း အမြန်လမ်း မိုင်တိုင် ၁၇ အနီး ညအချိန် တောဆင်ရိုင်းနှစ်ကောင် လမ်းဖြတ်ကူးနေတာကို တွေ့ရလို့ ကားတွေ အန္တရာယ်ရှိနိုင်တဲ့အတွက် သစ်တောဦးစီးဌာနကို အကြောင်းထားခဲ့ပါတယ်။

ဒီဆင်တွေကိုဖမ်းဖို့ သြဂုတ်လ၂ ရက်နေ့က စပြီးသစ်တောက ဝန်ထမ်းတွေ အရာရှိတွေ အဲဒီနေရာကိုရောက်နေ ကြတာဖြစ်ပါတယ်။

အနီးအနားက ရွာတွေက စိုက်ခင်းတွေကို ဝင်စားနေ

ဓာတ်ပုံ ရင်းမြစ်, MMA

ဓာတ်ပုံ ပုံစာ, အနီးအနားက ရွာတွေက စိုက်ခင်းတွေကို ဝင်စားနေ

အမြန်လမ်း မိုင်တိုင် ၂၆ ဝန်းကျင် မှာ တောဆင်ရိုင်းတွေ အရင်ကတည်းက သွားလာလေ့ရှိတယ် လို့လည်း သစ်တောဘက် ကပြောပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လ ၆ရက်၊ နံနက် ၃နာရီလောက် ကတော့ တိုက်ကြီးမြို့နယ် ကျွဲဘုတ်ကျေးရွာအုပ်စု မာဂရီသစ်တောကြိုးဝိုင်း ညောင်ခြေကွင်း(ဒေသအခေါ်) သစ်တောကွင်းအမှတ်(၃၇)မှာ အသက်(၂)နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက်(၂၆)နှစ်အရွယ် မိခင်တစ်ဦး တောဆင်ရိုင်းအနင်းခံရလို့ သေဆုံးခဲ့ပါတယ်။

"ကျွန်တော်တို့ရွာ ပတ်ဝန်ကျင်းမှာ တောဆင်ရိုင်းတွေ အုပ်စုလိုက် အစာရှာထွက်လေ့ရှိတယ်။ ခြောက်မောင်းရတာ ရှိသလို မြိုင်ဟေဝန် ဆင်စခန်းက ဆင်တွေနဲ့ ခြောက်မောင်းရတာတွေ ရှိတယ်။ တစ်ခါတစ်လေ ရွာတွေထဲအထိ လာရောက်အစားရှာတာတွေ ရှိတယ်။ ဘယ်လိုပဲ ခြောက်မောင်းပေမယ့် မရဘူး။ ပြန်လာတတ်ကြတယ်" လို့လည်း အမြန်လမ်းအနီး လှော်ကားမြို့နယ် ထဲမှာနေထိုင်ကြတဲ့ ရွာခံတစ်ဦးကပြောပါတယ်။

အခု တောဆင်ရိုင်းနှစ်ကောင်ဟာ အမြန်လမ်းကို ဖြတ်နေတာရယ်၊ အနီးအနားက ရွာတွေက စိုက်ခင်းတွေကို ဝင်စားတာတွေရှိတာကြောင့် ၊ ဖမ်းပြီး မိုင် ၁၀၀ ကျော် ဝေးတဲ့သာယာဝတီခရိုင် ထဲက သဘာဝထိန်းသိမ်းရေးနယ် မြေထဲကို ပို့မှာဖြစ်တယ်လို့လည်း မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန သာယာဝတီခရိုင်က လက်ထောက်မန်နေဂျာ ဦးသက်ဆွေအောင် က ဘီဘီစီကို ပြောပါတယ်။