ဘားအံမှာ လေပြင်းတိုက် သစ်ပင်ပိလို့ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦး သေဆုံး

သြဂုတ် ၂ ရက်နေ့ညက ဘားအံမြို့ပေါ်ကို လေပြင်းဝင်မွှေခဲ့

ဓာတ်ပုံ ရင်းမြစ်, Saw Myint Zaw

ဓာတ်ပုံ ပုံစာ, သြဂုတ် ၂ ရက်နေ့ညက ဘားအံမြို့ပေါ်ကို လေပြင်းဝင်မွှေခဲ့
ရေးသားခဲ့သည်။

ကရင်ပြည်နယ် ဘားအံမှာ သြဂုတ်လ ၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဖားကပ်ကျေးရွာအုပ်စု၊တောကြီးကုန်းကျေးရွာက နေအိမ်တစ်လုံးပေါ် သစ်ပင်လဲ ပြီးပိလို့ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးကိုတော့ ဘားအံဆေးရုံကြီးမှာ ပို့ဆောင်ကုသထားရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ဘီဘီစီကိုပြောပါတယ်။

"လူတွေအိပ်နေတုန်း သစ်ပင်က အိမ်ပေါ်ပိတာလေ၊ အတူ ၄ ယောက် အိပ်နေတာ၊ ၃ ယောက်ကတော့ ပွဲချင်းပြီးသေတယ်၊ ၁ ယောက်ကတော့ ဒဏ်ရာရတယ်" လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပါတယ်။

လေပြင်းဟာ ညဉ့်နက်သန်းခေါင်လောက်အထိ ၁ နာရီခွဲကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တာဖြစ်ပြီး တချို့နေအိမ်တွေဆို ခေါင်းမိုးတွေလန်၊ ဘေးအကာအရံ ပြိုကျခဲ့တာတွေ ရှိခဲ့ပါတယ်။

"ဘားအံမှာ အဲ့ဒီလောက် လေပြင်းတိုက်တာ တခါမှ မကြုံဖူးဘူး၊ မြို့တခုလုံးနီးပါး အပင်တွေလဲကုန်တယ်၊ မနက်ကတည်းက အခုထိ ရှင်းလင်းရေးတွေ လုပ်နေပါတယ်" လို့ ဘားအံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကလည်း ပြောပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်မှာ အခုရက်တွေအတွင်း မုတ်သုံမိုးဆက်တိုက်ရွာခဲ့လို့ ဘားအံ၊ လှိုင်းဘွဲ့မြို့တွေက ရပ်ကွက် နဲ့ ကျေးရွာတချို့မှာ မြစ်ချောင်းတွေ ရေလျှံခဲ့ပြီး နေအိမ်တွေထဲအထိ ရေတွေဝင်နေလို့ ပြောင်းရွှေ့နေရတာတွေလည်း ရှိနေပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကတော့ "လှိုင်းဘွဲ့ဘက်မှာတော့ တောင်ကျရေ အဆက်မပြတ်ဝင်နေလို့ ရေကြီးနေပေမယ့် စိုးရိမ်စရာ အခြေအနေမရောက်သေးပါဘူး" လို့ ပြောပါတယ်။

လှိုင်းဘွဲ့မှာလည်း ရေကြီးနေ

ဓာတ်ပုံ ရင်းမြစ်, Saw Chaint Phaung

ဓာတ်ပုံ ပုံစာ, လှိုင်းဘွဲ့မှာလည်း ရေကြီးနေ

လက်ရှိမှာလည်း မြဝတီမြို့နယ်က သောင်ရင်းမြစ်က စိုးရိမ်ရေမှတ်ကျော်နေလို့ အနိမ့်ပိုင်းဒေသတွေနဲ့ မြစ်ကမ်းအနီးမှာ ရေကြီးမှုဒဏ် ကြုံနေရပါတယ်။

ကရင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကတော့ သံလွင်မြစ်ရေဟာ အခုတော့ တဖြည်းဖြည်းတက်လာနေပြီး၊ နောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ် လို့ ပြောထားပါတယ်။

လက်ရှိမှာတော့ ဘားအံကလေပြင်းတိုက်လို့ သစ်ပင်တွေ လဲခဲ့တဲ့နေရာမှာ ရှင်းလင်းရေးတွေ လုပ်နေပြီး နေအိမ်တွေ ပြိုကျပျက်စီးခဲ့တဲ့ မိသားစုဝင်တွေကိုလည်း ကူညီမှုတွေ ပေးနေတယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပါတယ်။