သတင်းသိရှိခွင့်ကို ထပ်ပြီးကန့်သတ်မယ့် ဥပဒေ လွှတ်တော်အတည်ပြု

သတင်းရယူခွင့်တဲ့ တောင်းဆိုကြတဲ့ သတင်းသမားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သတင်းရယူခွင့်တဲ့ တောင်းဆိုကြတဲ့ သတင်းသမားများ
ရေးသားခဲ့သည်။

ပြည်သူတွေ သတင်းသိရှိခွင့်နဲ့ သတင်းအချက်အလက် အခွင့်အရေးကို နောက်ဆုတ်သွားစေနိင်တဲ့ဥပဒေကြမ်း အသစ်တစ်ခုကို နေပြည်တော် သြဂုတ်လ ၆ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။။

အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်း ဥပဒေသစ် လို့ဖော်ပြထားတဲ့ ဒီဥပဒေကို ဥပဒေကြမ်းကော်မတီက တင်ပြထားတဲ့ အတိုင်းလွှတ်တော်ဆိုင်ရာနည်းဥပေဒ ၁၉၁ အရ ဆက်လက်ဆောင်ရွက်မယ်လို့လည်း သြဂုတ်လ ၆ ရက်နေ့ ပြည်သူ့လွှတ်တော်က ကြေညာခဲ့ပါတယ်။

ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီက ဇူလိုင်၁၈ ရက်နေ့က ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီးအစီရင်ခံစာတင်သွင်းခဲ့ပေမယ့်ဥပဒေကြမ်း ကိုပြင်ဆင်ဖို့ ပယ်ဖျက်ဖို့ အဆိုတင်သွင်းသူမရှိတာကြောင့်ပြည်သူ့ လွှတ်တော် က သြဂုတ်လ ၆ ရက်နေ့ က အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဥပဒေဟာ အရင် အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်း ဥပဒေကို အစားထိုးဖို့ဖြစ်ပြီး စီပွားရေးနဲ့ဘဏ္ဍာရေးဖွံဖြိုးတိုးတက်မှုကော်မတီက တင်သွင်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်းဥပဒေကို၁၉၉ဝ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀ဝ၇ ခုနှစ်မှာ ပြန်လည် ပြင်ဆင်ခဲ့ပါတယ် ။

အဲဒီဥပဒေကို အသစ် အစားထိုးဖို့ အခုလိုလွှတ်တော်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်းဥပဒေသစ်သာ အခုမူကြမ်းအတိုင်း အတည်ပြုနိုင်ခဲ့ရင် အစိုးရက သတင်းအချက်လက်တွေ အားလုံးကို လုံးဝ ထိန်းချုပ်လိုက်ပြီး အများပြည်သူ သိရှိခွင့်ကို လိုအပ်သလို ထိန်းနိုင်တဲ့ အခွင့်အရေးတွေ ရသွားနိုင်တယ်လို့ ဥပဒေကြမ်းတွေကို စောင့်ကြည့် လေ့လာနေတဲ့ "လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ"(Free Expression Myanmar) က ဒါရိုက်တာ ဒေါ်ယဉ်ရတနာသိန်း က ဘီဘီစီကို ပြောပါတယ်။

အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းအချက်လက်တွေကို ခွင့်ပြုချက် မရဘဲသတင်းအချက်အလက်ကို ရယူရင် ထောင်ဒဏ် ကျခံရဖို့ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းအချက်လက်တွေကို ခွင့်ပြုချက် မရဘဲ သတင်းအချက်အလက်ကို ရယူရင် ထောင်ဒဏ် ကျခံရဖို့ ရှိပါတယ်။

အဲဒီဥပဒေကြမ်းကို လွှတ်တော် ဥပဒေကြမ်း ကော်မတီက လေ့လာသုံးသပ်ခဲ့ပြီး သုံးသပ်ချက်နှင့်အတူ လွှတ်တော်ကို တင်ခဲ့တာလည်းဖြစ်ပါတယ် ။

ဥပဒေကြမ်းမှာ ဒီမိုကရေစီနည်းနဲ့ ဆန့်ကျင်တယ်ဆိုတဲ့ ပြဌာန်းချက်တွေ ပါနေတယ်လို့ဒေါ်ယဉ်ရတနာသိန်း က ပြောပါတယ်။။ အဓိက အရေးကြီးတဲ့ ပြဌာန်းချက် နှစ်ခုကတော့ ဘယ် သတင်း အချက်အလက်ကို မဆို အစိုးရက"ထိပ်တန်းလျှို့ဝှက်အဆင့်" အဖြစ် သတ်မှတ်ပြီး ဒီအချက်အလက်ကို နှစ်ပေါင်း ၂၀ ကျော်လောက် ထိန်းချုပ် ဖုံးကွယ်ထားနိုင်တဲ့ အချက်နဲ့ အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းအချက်အလက်တွေကို ခွင့်ပြုချက် မရဘဲ သတင်း အချက်အလက်ကို ရယူရင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမယ် ဆိုတဲ့ အချက် ဖြစ်ပါတယ် လို့ သူကရှင်းပြပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အစိုးရ ချုပ်ကိုင်ထားတဲ့ အခြေခံ သတင်းအချက်အလက် ရယူဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ ဖော်ပြနေတယ်လို့ ဒေါ်ယဉ်ရတနာသိန်းကပြောပါတယ်။ အရင်ဥပဒေထက် ပိုပြီး တင်းကျပ်လာတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သတင်းအချက်အလက် ရယူပိုင်ခွင့် ဥပဒေ မရှိသေးချိန်မှာ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းကို ပြဌာန်းဖို့ မသင့်တော်ဘူး လို့လည်း သူက ပြောပါတယ်။

ဥပဒေကြမ်းအရ ဝန်ကြီးဌာန တစ်ခုချင်းစီရဲ့ သတင်းအချက်လက်တွေကို မှတ်တမ်းလို့ သတ်မှတ်လို့ ရသလို မော်ကွန်းလို့လည်း သတ်မှတ်လို့ ရမှာ ဖြစ်ပြီး အစိုးရဘက်က အရာရှိတွေ အဓိက ပါဝင်တဲ့ ကြီးကြပ်ရေးအဖွဲ့က ထိန်းသိမ်းတာ ကြည့်ရှုခွင့် ပေးတာတွေကို ဆုံးဖြတ်ခွင့် ပြုမှာဖြစ်ပါတယ် ။အခုဥပဒေကြမ်းအရ အစိုးရဟာ ဘယ်သတင်းအချက်အလက်ကိုမှ ထုတ်ပြန်ဖို့ တာဝန်မရှိတော့ဘဲ လျှို့ဝှက် အဆင့် တန်းကို ကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ခွင့် ရှိ သွားမှာ ဖြစ်ပါတယ်။အခုဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုဒ်မှာ ဥပဒေကြမ်းအဖြစ် ဖော်ပြထားတာတွေ့ရပါတယ် ။

ဥပဒေကြမ်းကို လွှတ်တော် တစ်ရပ်စီ တင်ပြီးဆွေးနွေးကြဖို့ရှိပေမယ့်ပြည်သူလွှတ်တော် မှာတော့ ဖြည့်စွက် ပြင်ဆင်တာတွေ မရှိပဲ အတည်ပြု လိုက်ကြပါတယ်။

လွှတ်တော် နှစ်ရပ် သဘောထား မတူရင်တော့ ပြည်ထောင်စု လွှတ်တော်တင် မဲခွဲ ကာ အတည်ပြုကြပြီး သမ္မတဆီပို့ရမှာပါ ။ အဲဒီနောက်သမ္မတက ဖြည့်စွက် ပြင်ဆင်တာတွေ လုပ်ပြီးရင်၊လွှတ်တော်က ပြင်ဆင် စရာမရှိရင် အတည် ဖြစ်ပါတယ်။ဥပဒေကြမ်းဖြစ်လို့ အဆင့်တွေ ကျန်သေးတယ် ဆိုပေမဲ့ လွှတ်တော် အခြေခံဥပဒေပြင် ဆင်ရေး လှိုင်းအာက်မှာ ပျောက်သွားနိုင်လို့သတိပေးရတာလို့ ဒေါ်ယဉ်ရတနာသိန်းကပြောပါတယ်။

"Right to information law" သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ မထွက် လာသေးခင်မှာ အခုလို မော်ကွန်းဥပဒေဆို ပြီး ထွက်လာတာကတော့ ကောင်းတဲ့ အလားလာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ တခြားဒီမိုကရေစီနိုင်ငံတွေလို သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ မရှိသေးဘဲ သတင်းမီဒီယာသမားတွေဟာ အခုအစိုးရလက်ထက်မှာ သတင်းအချက်လက်ရယူတဲ့နေရာမှာ အကန့်အသတ်တွေပိုများလာတယ်လို့ ရန်ကုန် အခြေစိုက် သတင်းသမားတစ်ဦးကပြောပါတယ်။