ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ မြန်မာလူငယ်နှစ်ဦး ဥရောပတိုက်ထဲဝင်လာပြီ၊

ရေးသားခဲ့သည်။

ပြီးခဲ့တဲ့ မေလ၂၆ ရက်နေ့ မနက်က ရန်ကုန်မြို့ကနေ ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ဖို့ထွက်လာတဲ့ မြန်မာလူငယ်နှစ်ဦးဟာ အခုဆိုရင် ဥရောပတိုက်ထဲကို ဝင်လာပါပြီ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ကတော့ သူတို့ဟာ ရုရှနိုင်ငံ မော်စကိုမြို့ကို ရောက်နေတာ ဖြစ်ပြီးတော့ အဲ့ဒီကနေ ဘယ်လာရုစ်နိုင်ငံထဲ ဖြတ်မောင်းနေတာ ဖြစ်ပါတယ်။

အဲဒီကနေ ပိုလန်၊ တခါ ဂျာမနီ ၊ပြီးတော့ ပြင်သစ်ကနေ အင်္ဂလန်ကို ရောက်လာဖို့ စီစဉ်ထားပါတယ်။

လွန်ခဲ့တဲ့ရက်ပေါင်း ၅ဝလောက်က စခဲ့တဲ့ မော်တော်ဆိုင်ကယ် ကိုယ်စီနဲ့ နိုင်ငံပေါင်း ၃၀ ၊ မိုင်ပေါင်း၃သောင်းကျော် ကမ္ဘာပတ်မယ့် ခရီးစဉ်ဟာ လမ်းတစ်ဝက် လောက်နီးနီး ရောက်လာပြီဖြစ်ပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်၊ မွန်ဂိုလီးယားနဲ့ ရုရှ တို့ကို ဖြတ်လာအပြီးမှာ သူတို့ ခရီးဟာ ကီလိုမီတာ ၁၇ဝဝဝ ကျော်၊ မိုင်ပေါင်း တစ်သောင်းကျော် လာပြီဖြစ်ပါတယ် ။

ဘီအမ်ဒဘလျု ဆိုင်ကယ်တွေနဲ့ ကမ္ဘာပတ်မယ့် ဒီခရီးဟာ လွန်ခဲ့တဲ့ နှစ်၆၀ ကျော်က ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်ခဲ့တဲ့ ကမ္ဘာလှည့်ဒေါ်တင်တင်စိန် အပြီးမှာ တကျော့ပြန် ကြိုးစားတဲ့ ခရီးဖြစ်တယ်လို့ ခရီးစဉ်အစမှာ သူတို့က ပြောပါတယ်။

"ကျွန်တော်တို့ ဒီနေ့ (ဇူလိုင် ၁၉ ) ဘီလာရုစ်ကို ဖြတ်ပြီး ပိုလန်နယ်စပ် ကနေ ဝါဆောကို မောင်းပါမယ် " လို့ စိုင်းဇွန်ဖက ဆိုင်းကယ် မောင်းနေရင်းပဲ မက်ဆင်ဂျာ ကနေ တဆင့် ဘီဘီစီကို စကားပြောပါတယ်။

ပိုလန်နိုင်ငံ ဝါဆော မြို့တော်ကို စနေနေ့ ဇူလိုင် ၂ဝ မှာ ရောက်ဖို့ မှန်းတယ်လို့လည်း သူကပြောပါတယ်။

ဝါဆောကို ရောက်လာရင်တော့ လန်ဒန်ကို လာဖို့ မိုင်ပေါင်း တစ်ထောင်ကျော်လောက်ပဲ လိုပါတော့တယ်။

သူတို့ခရီးက ရန်ကုန်မှာ စပြီး လန်ဒန်မှာ ခရီးတစ်ဝက်ဆုံးမှာပါ။ ဆိုင်ကယ်နဲ့ ကမ္ဘာကို ပထမဆုံးပတ်ခဲ့တဲ့ ကမ္ဘာလှည့် ဒေါ်တင်တင်စိန်လမ်းကြောင်းတွေနဲ့ နည်းနည်းတော့ဆင်ပါတယ်။ ဒေါ်တင်တင်စိန်က မြန်မာ ပြည်ကနေ အိန္ဒိယကို သင်္ဘောနဲ့ ပထမဆုံး စထွက်ပြီး အဲဒီကနေမှ ဆိုင်ကယ်ခရီး စခဲ့တာပါ။ အာရှတိုက်ရဲ့ စွန်းစားသူများစာရင်းဝင် ကမ္ဘာလှည့် ဒေါ်တင်တင်စိန်ကတော့ နိုင်ငံပေါင်း၂၄ နိုင်ငံကို ဘီစက်အေ ဆိုင်ကယ်နဲ့ ပတ်ခဲ့တာဖြစ်ပါတယ်။

အခု လူငယ် နှစ်ယောက်ကတော့ ရန်ကုန်ကတည်းက ဘီအမ်ဒဘလျု ဆိုင်ကယ်ကိုယ်စီနဲ့ စထွက်လာတာဖြစ်ပြီး ထိုင်း၊ လာအို ကနေ တဆင့် တရုတ်ဘက်ကနေ သွားကြတာ ဖြစ်ပါတယ်။

လန်ဒန်ရောက် ဖို့ ၃ လလောက် ကြာမယ် မှန်းထားတယ်လို့ သူတို့က ခရီးအစမှာ ပြောထားပါတယ်။ ဒါပေမယ့် သူတို့ အခုလို မောင်းပုံနဲ့ ဆိုရင်တော့ ၃ လမတိုင်မှီ လန်ဒန်ကို ဝင်လာဖို့ ရှိပါတယ်။

ရန်ကုန်ကနေ လန်ဒန်ကို ရောက်ဖို့က သူတို့ ပထမအဆင့်ရည် မှန်းချက်ဖြစ်ပြီးတော့ လန်ဒန်ကနေ ရန်ကုန်ပြန် လာဖို့ကတော့ အလာခရီးနဲ့ မတူတဲ့ လမ်းကြောင်းကနေ သွားကြဖို့ ဒုတိယအဆင့်အနေနဲ့ မှန်းထားတယ် ဆိုပြီး သူတို့ ကပြောပါတယ် ။

အပြန်ကို အီတလီ၊ တူရကီ၊ အီရန်၊ အိန္ဒိယ ကနေ တဆင့် မိုးရေး တမူးဘက်ကနေ မြန်မာပြည်ထဲ ပြန်ဝင်လာကြမှာ ဖြစ်တယ်လို့ သူတို့က ရှင်းပြထားပါတယ်။

အီရန်ထဲ သူတို့ ဆိုင်ကယ်တွေဝင်ဖို့ အခက်ခဲရှိနိုင်တာကြောင့် ခရီးသွားနေရင်းပဲ စီစဉ်ရဖို့ရှိတယ်လို့လည်း သူတို့ကဆိုပါတယ်။ ဥရောပနဲ့ အခြားနိုင်ငံတွေကတော့ ဗီဇာယူထားရင် ဖြတ်သန်းသွားလာဖို့ အခက်အခဲမရှိ ပါဘူးလို့လည်း သူတို့ကပြောထားပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ ကတော့ သူတို့ မော်စကိုကို ရောက်လာခဲ့ပြီး အဲဒီက မြန်မာတွေနဲ့ ထမင်းလက်ဆုံ စားခဲ့ကြပါတယ်။

အခုမြင်ရတဲ့ ပုံထဲက ဆိုင်ကယ် နဲ့ ကမ္ဘာပတ်နေတဲ့လူငယ် နှစ်ဦး ကတော့ စိုင်းဇွမ်ဖ နဲ ကိုအောင်ကျော်ဝင်းတို့ ဖြစ်ပါတယ် ။ သူတို့ နှစ်ယောက် စလုံးက ဒီဇိုင်း ပညာရှင်တွေဖြစ်ကြပါတယ် ။

စိုင်းဇွမ်ဖက စင်ကာပူနဲ့ သြစတေးလျ က ဒစ်ဂျစ်တယ် မီဒီယာဒီဇိုင်းနဲ့ ကျောင်းပြီးခဲ့တာဖြစ်ပြီး စကိုင်းနက်ရဲ့ ချန်နယ် နိုင်း ရုပ်သံမှာလုပ်ပါတယ်။

ကိုအောင်ကျော်ဝင်း ကတော့ အဆောက်ဦး အတွင်းပိုင်း ဒီဇိုင်း ပညာရှင် ဖြစ်ပါတယ် ။

သူတို့ရဲ့ ခရီးစဉ်ဟာ မော်တော်ဆိုင်ကယ်နဲ့ ခရီးသွားပြီး လူမျိုးအသစ်၊ ယဉ်ကျေးမှု အသစ်၊ ရေမြေအသစ်တွေကို လေ့လာမူလုပ်တာ ဖြစ်တယ်လို့လည်း ဆိုင်ကယ်နဲ့ ကမ္ဘာလှည့်မယ့် လူငယ်တွေကပြောပါတယ် ။

မြန်မာနိုင်ငံက ချန်နယ်နိုင်း ရုပ်သံအတွက် မှတ်တမ်းရုပ်ရုင်ရိုက်ဖို့ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။ သူတို့ကတော့ ဒီခရီးစဉ်အတွက် ငွေကြေး စုဆောင်းထားကြသလို အကူညီပေးတဲ့ အဖွဲ့ တွေလည်း ရှိတော့ တချို့နေရာတွေမှာ အဲ့ဒီနိုင်ငံတွေက ခရီးသွားကုမ္မဏီ တွေနဲ့ ချိတ်ဆက်ပြီး စီစဉ်ထားတယ်လို့လည်း သူတို့ကပြောပါတယ် ။