အိုးဘိုထောင်မှာ အောင်သပြေရွာသား သေဆုံးမှုကို လူသတ်မှုအဖြစ် ပြောင်းလဲ အမှုဖွင့်

ကိုထွန်းမြင့်ဝင်း ဟာ ခန္ဓာကိုယ်မှာ ညိုမဲဒဏ်ရာများစွာကိုတွေ့ရှိရတယ်လို့ မိသားစုကပြောပြီးနောက်ပိုင်း အကျဉ်းဦးစီးဌာနက သေဆုံးမှုကို စစ်ဆေးမယ်လို့ ထပ်မံထုတ်ပြန်ခဲ့တာပါ။
ဓာတ်ပုံ ပုံစာ, ကိုထွန်းမြင့်ဝင်းရဲ့ ခန္ဓာကိုယ်မှာ ညိုမဲဒဏ်ရာများစွာကိုတွေ့ရှိရတယ်လို့ မိသားစုကပြောပြီးနောက်ပိုင်း အကျဉ်းဦးစီးဌာနက သေဆုံးမှုကို စစ်ဆေးမယ်လို့ ထပ်မံထုတ်ပြန်ခဲ့တာပါ။
ရေးသားခဲ့သည်။

အိုးဘိုထောင်မှာ သေဆုံးခဲ့တဲ့ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း သေဆုံးမှုကို ဇူလိုင်လ ၆ရက်နေ့ က လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တယ်လို့ အောင်မြေသာစံမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးညွန့်က ဘီဘီစီကို အတည်ပြုပါတယ်။

အောင်သပြေကျေးရွာ အနီး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခ ဖြစ်စဉ်မှာ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းဟာ ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခံရ ပြီး ရဲစခန်းအချုပ်နဲ့ အိုးဘိုအကျဉ်းထောင်မှာ သုံးရက်ကြာ ချုပ်နှောင် ခံရပြီး ဇွန်လ ၅ ရက်နေ့က သေဆုံးခဲ့တာဖြစ်ပါတယ်။

"လူသတ်မှုနဲ့ပြောင်းဖွင့်ထားတာ ဟုတ်တယ်။ စစ်ဆေးရေးအဖွဲ့က စစ်မှာမို့လို့ ကျန်တာတွေတော့ ပြောလို့မရသေးပါဘူးလို့ "ရဲအုပ်မျိုးညွန့်က ပြောပါတယ်။

အဲဒီ ပဋိပက္ခဖြစ်စဉ်မှာပါဝင်ခဲ့တယ်ဆိုပြီးတော့ ကို ထွန်းမြင့်ဝင်း (ခ) ကိုထွန်းမြင့်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။

အကျဉ်းဦးစီးဌာနက ထုတ်ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, Myanmar Prision Department Facebook

ဓာတ်ပုံ ပုံစာ, အကျဉ်းဦးစီးဌာနက ထုတ်ပြန်ချက်

ကိုထွန်းမြင့် ဝင်းအပါဝင် အောင်သပြေကျေးရွာသားတွေ အပေါ်စွဲဆိုထားမှုတွေနဲ့ပတ်သက် ပြီးလိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးစည်သူကတော့ အခုလို လူသတ်မှုနဲ့ ဖွင့်ထားတာ မှန်ကန်ကြောင်းနဲ့ ရဲက တရားခံကို စုံစမ်းနေဆဲလို့ သိရှိထားကြောင်းဘီဘီ စီကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ရက်နေ့မှာတော့ ကိုထွန်းမြင့်ဝင်း အဖမ်းခံခဲ့ရပြီး သူ့ကို အောင်သပြေနားက ကြာနီကန် ရဲစခန်းမှာ စစ်ဆေးကာ အဲဒီနေ့ ညနေပိုင်းမှာ ပုသိမ်ကြီး မြို့မ ရဲစခန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

ကိုထွန်းမြင့်ဝင်း ရဲ့ အမှုကို အဓိက ကိုင်တွယ်စစ်ဆေး အမှုဖွင့်ထားခဲ့သူကတော့ ပုသိမ်ကြီး ခရိုင် ရဲမှူးမျိုးညွန့်သန်း ဖြစ်ပါတယ်။

ကိုထွန်းမြင့်ဝင်း သေဆုံးပြီး တပတ်တိတိ ပြည့်တဲ့ မနက်မှာတော့ ရဲမှူး မျိုးညွန့်သန်း အလောင်းကို သူ့နေထိုင်ရာ ရဲလိုင်းခန်းမှာ သေနတ် တလက်နဲ့အတူ တွေ့ခဲ့ရပါတယ်။

ရဲမှူး သေဆုံးမှုနဲ့ပတ်သက်လို့ သူ့ကိုယ်သူ သေကြောင်းကြံတာလို့ ပြောကြတာတွေ ရှိပါတယ်။

ကိုထွန်းမြင့်ဝင်းသေဆုံးမှုမှာ အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က အရက်ကြောင်ပြီး ဖျားနာသေဆုံးခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ် ။

ကိုထွန်းမြင့်ဝင်း ဟာ ခန္ဓာကိုယ်မှာ ပွန်းပဲ့၊ ပေါက်ပြဲ၊ ပြတ်ရှနဲ့ ညိုမဲဒဏ်ရာများစွာကိုတွေ့ရှိရတယ်လို့ မိသားစုကပြောပြီးနောက်ပိုင်း အကျဉ်းဦးစီးဌာနက သေဆုံးမှုကို စစ်ဆေးမယ်လို့ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

အခုလိုထုတ်ပြန်ပြီး တစ်လအကြာအမှာ ရုပ်အလောင်းကို စစ်ဆေးခဲ့တဲ့ စစ်ဆေးမှုရလဒ်ထွက်ပေါ်လာခဲ့ပြီး ရင်ခွဲစစ်ဆေးရေးအဖွဲ့က မှတ်ချက်ပြုတဲ့အတွက် လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်တာဖြစ်တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရပါတယ် ။

အောင်သပြေကျေးရွာအနီး မြင့် ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ပူးပေါင်းလုပ်ကိုင်တဲ့ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံစီမံကိန်း တည်ဆောက်နေမှုကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့် ဒေသခံများက ကန့်ကွက်နေကြပြီးပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒေသခံ ၄၂ ဦးခန့်ကို ရဲတပ်ဖွဲ့၊ ထွေ/အုပ်၊ လမ်းတံတားဦးစီးဌာနနှင့် ကုမ္ပဏီဘက်က ပုဒ်မများတပ်ကာ အမှုဖွင့်ထားပြီး ဒေသခံတချို့လည်း ဖမ်းဆီးခံထားရပါတယ်။