နေပြည်တော် မူကြိုကျောင်းသူအမှု ရန်ကုန်မှာ ဆန္ဒဖော်ထုတ်မယ်

မင်းပြားမြို့နယ်မှာလည်း တိုက်ပွဲတွေဆက်

ဓာတ်ပုံ ရင်းမြစ်, NARINJARA

ဓာတ်ပုံ ပုံစာ, မင်းပြားမြို့နယ်မှာလည်း တိုက်ပွဲတွေဆက်
ရေးသားခဲ့သည်။

ရခိုင်မှာ တိုက်ပွဲတွေဆက်နေလို့ လယ်ယာလုပ်ငန်းတွေရပ်ဆိုင်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာ ဇူလိုင်၄ရက်နေ့မှာတော့ ဘူးသီးတောင် မြို့နယ် တောင်ပိုင်းမှာ တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

မင်းပြားမြို့နယ်မှာဆိုရင်လည်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ အတွက် ရွာသားတွေ ရွာပြင် မထွက်ဝံ့ကြတာကြောင့် လယ်ယာလုပ်ငန်းတွေရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင်တပ်တော် အေအေတို့အကြား ဒီကနေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာမှာ နံနက် ၅ နာရီကျော်မှာ သုံးဆယ့်တစ်ပုံအနီး ထိပ်ထူးပေါက်တံတား အနီးမှာ တပ်မတော်စစ်ကြောင်း တစ်ခု မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသလို နံနက် ၉ နာရီခန့်မှာတော့ သပြေဆိပ်နဲ့ သိုင်းတစ်ပုတ်ကျေးရွာအကြား အပြန်အလှန် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် သပြေဆိပ်ကျေးရွာက ရွာသားတွေဟာ ဇေယျာမြိုင်၊ အိုးဖောက် နဲ့ အုန်းချောင်း စတဲ့ ကျေးရွာတွေကို ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။

မင်းပြားမြို့နယ် ကပ်ပဲကျေးရွာအနီးမှာဆိုရင်လည်း ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိူင်လ ၃ ရက်နေ့ထိ ၄ ရက်တိုင်တိုင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ဒီလို တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ အတွက် စားနပ်ရိက္ခာတွေ အခက်အခဲရှိနေသလို လယ်ယာလုပ်ငန်းတွေ အကုန်လုံး ရပ်ဆိုင်းထားရတယ်လို့လည်း ကပ်ပဲ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နေပြည်တော် မူကြိုကျောင်းသူအမှု တရားမျှတရေးအတွက် ရန်ကုန်မှာ ဆန္ဒဖော်ထုတ်မယ်

Victoria လို့ ပြည်သူက ဝိုင်းအမည်ပေးထားတဲ့ နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်း မှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးရဲ့ သက်ငယ်မုဒိမ်းပြုကျင့်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး ဇူလိုင် ၆ရက်နေ့ ရန်ကုန် မှာ ဆန္ဒဖော်ထုတ်သွားကြဖို့ရှိတယ်လို့ ဆန္ဒပြပွဲအတွက်ဦးဆောင်သူ အချို့ကထုတ်ဖော်ပြောကြားထားပါတယ်။

အဆိုပါမိန်းကလေးငယ်အတွက် တရားမျှတမှုရရှိစေဖို့နဲ့ နောက်ထပ် ဒီလိုမိန်းကလေးငယ်တွေထပ် မရှိ လာစေဖို့ ရည်ရွယ်ပြီးစီစဉ်နေတာလို့ လည်း သိရပါတယ်။

ရန်ကုန်မှာ ဆန္ဒထုတ်ဖော်ပွဲအတွက် စုရပ်ကို ကျောက်တော်ကြီးဘုရားကနေ အင်းစိန်မြို့ ရှိ မှုခင်းအထူး တပ်ဖွဲ့ရုံး ( စီအိုင်ဒီ) ရှေ့အထိ လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်သွားကြမှာဖြစ်တယ်လို့သိရပါတယ်။

ဒီအမှုအတွက် သံသယရှိတရားခံအဖြစ် အဲဒီမူကြိုကျောင်းက ကြီးကြပ်ရေးမှူး ဆရာမရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီး ဆိုသူကို ဇူလိုင် ၄ရက်နေ့က ဖမ်းဆီးပြီး နေပြည်တော် ဒက္ခိဏ ခရိုင် တရားရုံးမှာ တရားစွဲဆိုထားပြီဖြစ်ပါတယ်။

သူဟာ ပထမဦးဆုံး သံသယရှိသူအဖြစ် မှုခင်းရဲတပ်ဖွဲ့ စီအိုင်ဒီက မေလ ၃၀ ရက်မှာ ဖမ်းဆီး စစ်ဆေးပြီး ခံရပြီးမှ အမှုပေါ်ပေါက်တာမရှိလို့ဆိုပြီးတော့ ဇွန်လ ၂၄ရက်နေ့က ပြန်လွှတ်ပေးခံခဲ့ရသူ လည်းဖြစ်ပါတယ်။

ဆိပ်ကမ်းမဲဆန္ဒနယ်က ပြည်ခိုင်ဖြိုးအမတ် အယူခံထပ်ရှုံး

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမဲဆန္ဒနယ်ကနေ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ဖွံ့ ဖြိုးတိုးတက်ရေးပါတီကိုယ်စားပြု အမတ် ဦးနေမျိုးအောင်ကို မဲဆွယ်ကာလအတွင်းဥပဒေနဲ့ မညီတာ တွေလုပ်ခဲ့တယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ဒီအမှုအတွက် ဒီချုပ်ပါတီကိုယ်စားလှယ်ရဲ့တိုင်တန်းချက်ကို ရွေးကောက်ပွဲကော်မရှင်က အနိုင်ပေးခဲ့ပြီး နောက် အယူခံတက်ရာမှာ မနေ့က ဇူလိုင် ၄ရက်နေ့မှာ အယူခံရှုံးနိမ့်ကြောင်း အဖြေထပ်ထွက်လာပြီး အမတ်အဖြစ်ကနေ ရုပ်သိမ်းခံရတော့မှာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးနေမျိုးအောင်ဟာ ဆိပ်ကမ်းမြို့နယ်မှာ တရားမဝင်ချေးငွေလုပ်ငန်းဆောင် ရွက်တာ၊မဲဆွယ်ကာလမှာဘာသာရေးကိုအကြောင်းပြုပြီးမဲဆွယ်တာ၊ရွေးကောက်ပွဲဆိုင်ရာငွေစာရင်းတစ်ချို့ပျက်ကွက်ခဲ့တယ်ဆိုပြီး ဒီချုပ်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ကန့်ကွက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ့ကန့်ကွက်ချက်ပါ အချက်တွေကို စစ်ဆေးပေါ်ပေါက်တာခဲ့တာကြောင့် ဒီလိုဆုံးဖြတ်ချက်အမိန့်ချခဲ့တာ လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်ရဲ့ငွေစာရင်းရှင်းတမ်းကိုစစ်ဆေးကြည့်တဲ့အခါ မှာလည်း ရွေးကောက်ပွဲအသုံးစရိတ် သိန်းတစ်ရာထဲကမှ တစ်ဝက်လောက်ကို အလှူအတန်းပြု လုပ်ခဲ့ တာတွေတွေ့ရတယ်လို့လဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေသိရပါတယ်။

အသွင်ကူးပြောင်းရေးကာလအုပ်ချုပ်ရေး တစ်ရပ်ဖွဲ့စည်းဖို့ သဘောတူညီချက်ရရှိ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အသွင်ကူးပြောင်းရေးကာလအုပ်ချုပ်ရေး တစ်ရပ်ဖွဲ့စည်းဖို့ သဘောတူညီချက်ရရှိ

ဆူဒန်မှာ အသွင်ကူးပြောင်းရေးကာလအတွင်း စစ်တပ်နဲ့ အရပ်သားအစိုးရ တလှည့်စီအုပ်ချုပ်ဖို့ သဘောတူ ညီချက်ရ

ဆူဒန်နိုင်ငံမှာတော့ အာဏာရ စစ်ကောင်စီနဲ့ အတိုက်အခံ ဆန္ဒပြခေါင်းဆောင်တွေဟာ အသွင်ကူးပြောင်းရေးကာလအုပ်ချုပ်ရေး တစ်ရပ်ဖွဲ့စည်းဖို့ သဘောတူညီချက်ရရှိ သွားပြီဖြစ်ပါတယ်။

၃ နှစ် ဒါမှမဟုတ် ၃ နှစ်ကျော်ကာလအတွင်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့အထိ စစ်တပ် နဲ့ အရပ်သား အုပ်ချုပ်ရေးအဖွဲ့ဟာ တလှည့်စီ တာဝန်ယူသွားကြဖို့ ဖြစ်ပါ တယ်။

၂ ရက်ကြာပြီး အခြေအ တင်ဆွေးနွေးခဲ့တဲ့ ဒီတွေ့ဆုံဆွေးနွေးမှုကို အာဖရိကနိုင်ငံများသမဂ္ဂအဖွဲ့သံတမန်က ကြားဝင်ညှိနှိုင်းပေးခဲ့တာပါ။ ဆူဒန်နိုင်ငံမှာ နိုင်ငံကို ကာလရှည်ကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာအယ်လ် ဘာရှီယာကို လူထုတောင်းဆိုမှုနဲ့ စစ် တပ်ကဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် အာဏာရ စစ်ကောင်စီအနေနဲ့ အရပ်သားတွေလက်ထဲ အာဏာပြန်လွှဲပေးဖို့ အတိုက်အခံတွေက ဦးဆောင် ဆန္ဒပြကြရာကနေ အခုလို ဆွေးနွေးပွဲတွေ ပေါ်ထွက်လာတာပါ။