ရခိုင်မှာ လူ့အခွင့်အရေးချိုးဖောက်တာတွေ ဖုံးကွယ်ရာရောက်မှာကို ယန်ဟီလီးစိုးရိမ် အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, UN Photo/Jean-Marc Ferre
ရခိုင်မှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ ဖုံးကွယ်ရာရောက်မှာကို ယန်ဟီလီးစိုးရိမ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီလီးက ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ အပါအဝင် မြို့နယ် ကိုးခုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖုံးဖိထားတာတွေ ဖြစ်လာနိုင်တာကိုစိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာ အစိုးရတပ်က အဲဒီဒေသတွေမှာ အင်တာနက် ဆက်သွယ်မှုတွေကို ဖြတ်တောက်ပစ်လို့အခုလို စိုးရိမ်တယ်လိုပြောတာလည်း ဖြစ်ပါတယ်။
စစ်တပ်က အဲဒီမှာ နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ သတင်းရရှိတယ်လို့လည်း မစ္စ ယန်ဟီလီးက ပြောပါတယ်။
ဒီလို စစ်ဆင်ရေးတွေဟာ အရပ်သားတွေအပေါ် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက် နေတာတွေကို ဖုံးဖိထားတာတွေ ဖြစ်တတ်တယ် ဆိုပြီးလည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY IMAGES
အဲဒီနယ်မြေမှာ ရှိတဲ့ အရပ်သားတွေ အားလုံးအတွက် စိုးရိမ်တယ်လို့လည်း ယန်ဟီလီးက ပြောပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ငြိမ်းချမ်းရေးလုပ်ငန်းလုပ်ဆောင်နေကြတဲ့ တပ်မတော်အရာရှိအငြိမ်းစားတွေကလည်း အဲဒီဒေသမှာ အင်တာနက်ဆက်သွယ်မှုတွေ ဖြတ်တောက်ဖို့ အစိုးရကို ပြီးခဲ့တဲ့နှစ်တွေကတည်းက အကြံပြုထားတယ်လို့ ဗိုလ်ချုပ်ကြီး အငြိမ်းစားတစ်ဦး ထံကသိရပါ တယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ရခိုင်က ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာ အစိုးရတပ်က လူမျိုးတုံး သုတ်သင်မှုတွေ လုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SUSANNE KEMPEL
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်း ဇွန်လကုန်ကစတင်ပြုစုမယ်
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းကောက်ယူရေးလုပ်ငန်းကို ဇွန်လအကုန်မှာ စတင်လုပ်ဆောင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောခွင့်ရသူ ဦးမြင့်နိုင်က ဇွန်လ ၂၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရန်ကုန်တိုင်းအတွင်းနိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှာပါဝင်ပက်သက်သူတွေနဲ့ ဇွန်လ ၂၄ရက်၊ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာတွေ့ ဆုံစဉ်ပြောဆိုခဲ့တာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ မဲစာရင်းပြုစုရာမှာ လူဦးရေးစာရင်းကို အခြေခံပြုစုရတာ ဖြစ်လို့၊ မြို့နယ်အတွင်းမှာရှိတဲ့ အမှန်တကယ်နေထိုင်သူလူဦးရေစာရင်းကို ဇွန်လကုန်မှစတင်ကာ သုံးလအတွင်း ကောက်ယူပြီး အဲဒီနောက် မဲစာရင်းပြုစုမယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။
ရရှိလာတဲ့ လူဦးရေးစာရင်းကိုအခြေခံကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် အချိန်မှာ အသက် ၁၈နှစ်ပြည့်မယ့်သူ အရေအတွက်၊ မဲပေးနိုင်သူ ဦးရေတို့ကိုတွက်ချက်ပြီး မဲစာရင်းကိုထုတ်ပြန်မှာလည်း ဖြစ်ပါတယ်။
အဲဒီလိုပြုစုပြီးနောက်ပိုင်း ရရှိထားတဲ့ မဲစာရင်းတွေကို ၂၀၂၀ခုနှစ်ထဲမှာ တစ်နိုင်ငံလုံးကို ထုတ်ပြန်ပေးမယ် လို့ ဦးမြင့်နိုင်ကပြောပါတယ်။
လက်ရှိရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကော်ပွဲ နှစ်ခုကိုကျင်းပပေး ထားပါတယ်။ အဲဒီကြားဖြတ်ရွေးကောက်ပွဲတွေကိုတော့ လူထုစိတ်ဝင်စားမှုကျဆင်းတာအပြင် မဲလာပေးသူ ရာခိုင်နှုန်းတွေလည်း နည်းခဲ့ပါတယ်။
အီစတာနေ့ ဗုံးပေါက်မှုအတွက် ကာကွယ်ရေးဝန်ကြီးဟောင်းကို တရားစွဲဖို့ပြော
သီရိလင်္ကာနိုင်ငံမှာ အီစတာ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲမှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဟောင်း ဟီမာစရီ ဖာနန်ဒိုကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုသင့်တယ်လို့ အစိုးရ ရှေ့နေချုပ်က ပြောဆို လိုက်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို မဖြစ်အောင်၊ အထိအခိုက် အပျက်အစီးနည်းအောင် တားဆီးဖို့ မစ္စတာ ဖာနန်ဒို ပျက်ကွက်ခဲ့တယ်လို့ သီရိလင်္ကာ သမ္မတရဲ့ စုံစမ်းရေး ကော်မရှင်က တွေ့ရှိခဲ့တယ် ဆိုပြီး အစိုးရ ရှေ့နေချုပ်က အခုလိုပြောတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဧပြီလ တိုက်ခိုက်မှု ဖြစ်ပြီး မကြာခင်ပဲ ကာကွယ်ရေးဝန်ကြီးရာထူးကနေ ဖာနန်ဒိုနုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ တရားစွဲခံရရင်တော့ ဖာနန်ဒိုဟာ ရာထူးအကြီးဆုံးထဲက တရားအစွဲခံရသူ ဖြစ်လာနိုင်ပါတယ်။
အိန္ဒိယ အစိုးရက ပို့တဲ့ အစ္စလာမ္မစ် တိုက်ခိုက်မှု အန္တရာယ် သတိပေးချက်တွေကို လျစ်လျူရှုထားခဲ့တာ ကိုလည်း သီရိလင်္ကာ အစိုးရက ဝန်ခံထားပါတယ်။










