ရိုဟင်ဂျာပြဿနာနဲ့ အာဆီယံမှာလည်နေတဲ့ မြန်မာ

အာဆီယံ အစည်းဝေးကနေ အစိုးရကို အပြုသဘောဆောင်တဲ့ အကူညီတွေ ရနိုင်တယ်

ဓာတ်ပုံ ရင်းမြစ်, ASEAN

ဓာတ်ပုံ ပုံစာ, အာဆီယံ အစည်းဝေးကနေ အစိုးရကို အပြုသဘောဆောင်တဲ့ အကူညီတွေ ရနိုင်တယ်
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လျက်ရှိပါတယ်။

ဇွန်လ ၂၂ ရက်မှာ စတင်ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အပြီးထုတ်ပြန်ချက်မှာ ပါလာဖို့ရှိတယ်လို့လည်း ထိုင်းနိုင်ငံ ရောက်နေကြတဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

ဒုက္ခသည်တွေအရေး မြန်မာနဲ့ ဘင်္ဂလားဒေရှ်တို့ကြား သဘောထားကွဲလွဲနေမူကို အာဆီယံ အစည်းဝေးကနေ အစိုးရကို အပြုသဘောဆောင်တဲ့ အကူညီတွေ ရနိုင်တယ်လို့ မဟာဗျုဟာ နဲ့ မူဝါဒလေ့လာရေး အဖွဲ့က ဒါရိုက်တာ ဦးအောင်သူငြိမ်းက ဘီဘီစီကို ပြောပါတယ်။

ဒီအာဆီယံဆွေးနွေးပွဲမှာ အရေးတကြီး ဆွေးနွေးကြတဲ့ အကြောင်းအရာ သုံးခုထဲမှာ ရခိုင်က ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ ကိစ္စလည်း ပါပါတယ်

ဓာတ်ပုံ ရင်းမြစ်, ASEAN

ဓာတ်ပုံ ပုံစာ, ဒီအာဆီယံဆွေးနွေးပွဲမှာ အရေးတကြီး ဆွေးနွေးကြတဲ့ အကြောင်းအရာ သုံးခုထဲမှာ ရခိုင်က ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ ကိစ္စလည်း ပါပါတယ်

ဒီအာဆီယံဆွေးနွေးပွဲမှာ အရေးတကြီး ဆွေးနွေးကြတဲ့ အကြောင်းအရာ သုံးခုထဲမှာ ရခိုင်က ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေ ကိစ္စလည်း ပါပါတယ်။ နောက် အာဆီယံ နိုင်ငံတွေနဲ့ တရုတ်တို့ တောင်တရုတ်ပင်လယ်က ရေပိုင်နက် အငြင်းပွားမှု ကိစ္စနဲ့ ပလပ်စတစ်ပြဿနာတွေလည်း ဆွေးနွေးဖို့ ရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာပြည်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ဖိနှိပ်သူတွေကို တရားဥပဒေအရ အရေးယူရမယ်လို့ မလေးရှားနိုင်ငံဘက်က ပြောပါတယ်။ ဒါဟာ ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ် ဆွေးနွေးကြတဲ့ အာဆီယံ ထိပ်သီးပွဲတွေနဲ့ မတူတဲ့ မြင်ကွင်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာပြည် ပြန်ပို့မယ့် ကိစ္စမှာ နိုင်ငံသားပေးတဲ့ ကိစ္စပါ ပါရမယ်လို့လည်း မလေးရှား ဝန်ကြီး ဆိုင်ဖုဒင် ဘင် အဗ္ဗဒူလာက ပြောကြောင်း မလေးရှား နိုင်ငံခြားရေးရုံးရဲ့ တွစ်တာ ဝက်ဆိုက်မှာ ရေးသား ပါတယ်။

နိုင်ငံသားပေးတဲ့ ကိစ္စ ဟာ မြန်မာနဲ့ဘင်္ဂလားဒေရှ်တို့ အကြား ဒုက္ခသည်အရေးမှာ အဓိကကွဲလွဲနေတဲ့ကိစ္စ ဖြစ်ပြီးတော့ မလေးရှားဟာ ဒီကိစ္စ မှာ သဘောထားတင်းမာတဲ့ သဘောရှိတယ်လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

မြန်မာက သဘောထားပျော့ပြောင်းတဲ့ အင်ဒိုနီးရှားတို့ ၊ ကိုယ်တိုင်ပြဿနာရှိတဲ့ ဖိလစ်ပိုင်တို့နဲ့ ပူးပေါင်းလို့ ရနိုင်တယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ ဒီထိပ်သီးဆွေးနွေးပွဲက အမြင်တွေ ဖလှယ်ဖို့ အရေးကြီးတဲ့ အစည်းအဝေးလို့ပဲ ပြောကြားခဲ့ပါတယ်။

၇ သိန်းကျော်တဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လက်ခံရေးအတွက် အစိုးရကလုပ်နေပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၇ သိန်းကျော်တဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လက်ခံရေးအတွက် အစိုးရကလုပ်နေပါတယ်

အာဆီယံလူ ဦးရေ သန်း ၆၄၀ ကျော်မှာ ၄၀ ရာခိုင်နှုန်းလောက်က မူဆလင်တွေ ဖြစ်ပါတယ်။ အာဆီယံစတင်ဖွဲ့စည်းရာ မှာပါတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှား ပေါင်းရင် သန်း၂၉ဝ ကျော်လောက်ရှိပါတယ်။မြန်မာနိုင်ငံမှာက မွတ်ဆလင် နှစ်သန်းလောက်ရှိမယ်လို့မှန်းကြပါတယ်။

အာဆီယံကို အတွင်းက ခိုင်ခံ့အောင် တည်ဆောက်ပြီး အနာဂတ် လုံခြုံရေးအတွက် အုတ်မြစ် ဖြစ်လာနိုင်တယ်လို့လည်း မစ္စတာ ပရာယွတ်က ပြောပါတယ်။

နောက် ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေကို အာဆီယံက ထောက်ခံထားတာကို ပြန်စဉ်းစားဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုထားတာလည်း ရှိပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာပြည် ပြန်ပို့ရင် သူတို့ ခွဲခြားဆက်ဆံခံရတာနဲ့ ဖိနှိပ်ညှဉ်းပန်းခံရတာတွေ ဖြစ်လာနိုင်တယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက ကန့်ကွက်နေကြပါတယ်။

ဒီအစည်းအဝေးမှာတော့ မြန်မာဘက်က ဒုက္ခသည်အရေး မြန်မာအစိုးရက ဘယ်လိုပြင်ဆင်နေတာတွေကို ရှင်းပြဖို့ရှိလာနိုင်တယ်လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။

အရင်မတ်လက အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို ချီးကျူးထားတဲ့ အချက်တွေ ပါနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ASEAN

ဓာတ်ပုံ ပုံစာ, အရင်မတ်လက အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို ချီးကျူးထားတဲ့ အချက်တွေ ပါနေပါတယ်။

အရင်မတ်လက အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို ချီးကျူးထားတဲ့ အချက်တွေ ပါနေလို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြတာပါ။

၇ သိန်းကျော်တဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လက်ခံရေးအတွက် အရေးကြီးတဲ့ အဆင့်တွေကို လုပ်ဖို့လိုတယ် လို့ ထိုင်းနိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး မစ္စဘူဆာဒီးက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီမှာ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့နဲ့ နောက်အဆင့်တွေ ဆက်တက်ချင်တဲ့ စိတ်ရှိဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ဆွေးနွေးပွဲ ပထမနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းဝေး အပြီးမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး မြန်မာနဲ့ ဘင်္ဂလားဒေရှ်တို့ကြား အချိန် တစ်ခုသတ်မှတ်ပြီး ဆောင်ရွက်ဖို့ အာဆီယံ ဘက်က ဆန္ဒရှိနေတယ် လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတဲ့ ဒီအာဆီယံထိပ်သီးအစည်းဝေးမှာ တောင်တရုတ်ပင်လယ် အရေးလိုပဲ ရိုဟင်ဂျာ အရေးကလည်း ထိပ်တန်းက နေရာယူထားပါတယ်။

အာဆီယံဟာ သူတို့ချင်းကြားတစ်နိုင်ငံအရေးတစ်နိုင်ငံ ကဝင်မစွက်ရေးမူ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ASEAN

ဓာတ်ပုံ ပုံစာ, အာဆီယံမှာ သူတို့ချင်းကြား တစ်နိုင်ငံအရေး တစ်နိုင်ငံက ဝင်မစွက်ရေးမူ ရှိပါတယ်။

အာဆီယံမှာ သူတို့ချင်းကြား တစ်နိုင်ငံအရေး တစ်နိုင်ငံက ဝင်မစွက်ရေးမူ ရှိပါတယ်။

မြန်မာနိုင်ငံက၂ဝဝ၈ ခုနှစ်မှာ လက်မှတ်ရေးထိုးထားတဲ့ အာဆီယံ ပဋိညာဉ်အရ အာဆီယံဒေသအတွင်း မည်သည့်အိမ်နီးချင်းနိုင်ငံကမှ နိုင်ငံတစ်နိုင်ငံရဲ့အရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိလို့ ဖော်ပြထားပါတယ် ။

သို့သော်လည်း အာဆီယံက ခုလို မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ထိပ်တန်းတင်လာတာကလည်း စိတ်ဝင်စားဖွယ်ရာဖြစ် ပါတယ်။

မြန်မာ အစိုးရက ဒုက္ခသည်တွေ ပြန်လာရေး အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ၂ဝ၁၇ ထဲက သဘောတူညီမှု ယူထားပေမယ့် လူနည်းနည်းလေးပဲ ပြန်လာခဲ့ပါတယ်။

ဘယ်သူမှ မြန်မာပြည် မပြန်ချင်ဘူး ၊ ပြန်ရင် သေမှာ၊ ထပ်အဖမ်းခံရတာတွေ ဖြစ်မှာ ကြောက်နေကြတယ်လို့ ထိုင်းက ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဋ္ဌ ဆာယိဒ် အလမ်က ပြောပါတယ်။

မြန်မာအစိုးရနှင့် ရိုဟင်ဂျာ ကိစ္စလက်ရှိ ပြသနာကို အရေးတယူကိုင်တွယ်နေတာကို အာဆီယံအနေနဲ့ အသိမှတ်ပြုတယ်လို့လည်း ဒီနေ့အစည်ဝေး အပြီးသတင်းတွေက ရေးပါတယ်။

အာဆီယံ ၁ဝ နိုင်ငံမှာ မှာ တရုတ် နဲ့ အမေရိကန်တို့ က လွှမ်းမိုးရေး ကြိုးပမ်းတာတွေရှိသလို လက်ရှိ တရုတ်နဲ့ အမေရိကန်တို့ရဲ့ စီးပွားရေးပဋိပက္ခမှာ အာဆီယံ အနေနဲ့ ဘက်မလိုက်သင့်ဘူး ဆိုတာတွေလည်း ရှိပါတယ်။

" ဒီလိုအာဆီယံ နိုင်ငံတကာ သံခင်းတမန်ခင်းတွေမှာ မြန်မာအနေနဲ့ ဘယ်လိုနေရာ ရပ်မလဲ၊ ဘာတွေပြောမလဲ၊ ဘာတွေဆွေးနွေးမလဲ ဆိုတာထက် ကိုယ့်ရဲ့ပြဿနာနဲ့ကို လည်နေတုန်းပဲ " လို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။