မြန်မာလေကြောင်းပိုင် လေယာဉ် မန္တလေးမှာ အရေးပေါ် ဆင်းသက်ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Sit Thway Kyaw
ရန်ကုန်ကနေ ပျံသန်းလာတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ပိုင် လေယာဉ် တစ်စင်း မေလ ၁၂ ရက်နေ့ မနက်က မန္တလေးလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
မနက် ၈ နာရီ လောက်က မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် ကို အဆင်းမှာ ရှေ့ဘီးမကျလို့ လေကြောင်းထိန်းမျှော်စင်နဲ့ ဆက်သွယ်ပြီး အရေးပေါ် ရှပ်ပြေး ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
အဲဒီလေယာဉ်ကို ညနေပိုင်းလောက်မှာ ပြေးလမ်းပေါ်ကနေ ဖယ်ရှားလိုက်ပြီလို့ မန္တလေး တံတားဦးလေဆိပ်ရုံးရဲ့ တာဝန်ကျ ဝန်ထမ်း ဦးနေဝင်းအောင်ဆီက သိရပါတယ်။
လေယာဉ်မှူးအပါအဝင် လေယာဉ် ဝန်ထမ်း ၇ ယောက်နဲ့ ခရီးသည် ၈၂ ယောက်တို့ လိုက်ပါလာကြပြီး တချို့ အနည်းပါး ထိခိုက်မိတာကလွဲလို့ အားလုံး အန္တရယ် ကင်းခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Lay Nwe
အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ အဲဒီ လေယာဉ်ပေါ်မှာ ရုပ်ရှင် အဖွဲ့သား တချို့နဲ့ အတူ လိုက်ပါလာတဲ့ သရုပ်ဆောင် ခင်လေးနွယ်က "လေယာဉ် ဘီး ချလို့ မရဘူးလို့ လေယာဉ်မယ်က ကြေညာလိုက်တဲ့ အချိန်မှာ စိတ်က ဘယ်လိုဖြစ်သွားမှန်း မသိဘူး။ ဘယ်သူမှ ကယ်လို့ မရတော့ဘူး၊ ဘယ်ကွင်းမှလည်း ဆင်းလို့ မရတော့ဘူးလို့ တွေးမိသွားခဲ့တယ်" လို့ ပြောပါတယ်။
သူငယ်ချင်း လေယာဉ်မယ်တွေ ပြောခဲ့ဖူးတဲ့ လေယာဉ်မောင်းတဲ့ လေယာဉ်မှူး ဆုံးဖြတ်ချက် မှန်ကန်ဖို့ အရေးကြီးတယ် ဆိုတာကို သတိရပြီး သူ့ဆုံးဖြတ်ချက် မှန်ပါစေ ဆိုတာ တစ်ခုတည်းကိုပဲ ဆုတောင်းနေခဲ့တယ်လို့ ခင်လေးနွယ်က ပြောပါတယ်။
လေယာဉ် ဆင်းသက်ချိန်မှာ လေယာဉ်မှူးက ကျွမ်းကျင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ ခင်လေးနွယ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sit Thway Kyaw
မန္တလေး လေဆိပ်ကိုလေယာဉ် ဆင်းသက်ချိန် လေယာဉ်ဘီးချရာမှာ Nose Landing Gear မကျတဲ့ အတွက် ဆီကုန်တဲ့ အထိလေယာဉ်ကို ၂ ကြိမ် ပတ် ပျံသန်းပြီးမှ လေကြောင်းထိန်း မျှော်စင်နဲ့ ဆက်သွယ်ပြီး အရေးပေါ် ရှပ်ပြေး ဆင်းသက်ခဲ့ရတယ်လို့ MNA လေကြောင်းလိုင်းက သတင်းထုတ်ပြန် ပါတယ်။
လေယာဉ် ရပ်တန့်တဲ့ အခါမှာလည်း ဦးစိုက်အနေအထားနဲ့ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။
လေယာဉ် အရေးပေါ် ဆင်းသက်ချိန်မှာ လေယာဉ်ဝမ်းဗိုက်နဲ့ ပွတ်တိုက်ပြီး မီးတောက် ထွက်ရာကနေ မီးလောင်မှု မဖြစ်အောင် မီးသတ်ကားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့က စောင့်ဆိုင်းပြီး အခြားလေယာဉ်တွေ အဆင်းအတက်ကို ခေတ္တ ပိတ်ထား ခဲ့ရတယ်လို့ မန္တလေး တံတားဦးလေဆိပ်ရုံးရဲ့ တာဝန်ကျ ဝန်ထမ်း ဦးနေဝင်းအောင်က ပြောပါတယ်။
လေယာဉ်ဟာ ပြေးလမ်းပေါ်မှာ ရှိနေဆဲအချိန်တုန်းကတော့ တံတားဦး လေယာဉ်ကွင်းမှာ ကန့်သတ်မှု တချို့နဲ့ လေယာဉ် အသေးတွေကိုသာ ဆင်းသက်ခွင့် ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sit Thway Kyaw
အခု ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနဲ့ အတူ စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ MNA လေကြောင်းလိုင်းရဲ့ သတင်း အချက်အလက် ထုတ်ပြန်ရေး ဌာနက ပြောပါတယ်။
MNA ရဲ့ လေယာဉ်ခရီးစဉ် တချို့ကိုလည်း အချိန်လွှဲပြောင်းပေးခဲ့ပါတယ်။








