ချောက်မှာ နေ့ဘက် ရေမချိုးဖို့ အစိုးရ သတိပေး

ချောက်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှာ လိုက်လံ သတိပေးမှုတွေလုပ်နေပါတယ်

ဓာတ်ပုံ ရင်းမြစ်, NAY NAING

ဓာတ်ပုံ ပုံစာ, ချောက်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှာ လိုက်လံ သတိပေးမှုတွေလုပ်နေပါတယ်
ရေးသားခဲ့သည်။

အရင်နှစ်တွေထက် စောပြီး နေ့အပူချိန် မြင့်တက်လာတာလို့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီကြား ရေမချိုးဖို့ နဲ့ အပူဒဏ်ကာကွယ်ရေး သတိပေးချက်တွေ လိုက်နာဖို့ ချောက်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှာ လိုက်လံ သတိပေးနေတယ်လို့ ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဘီဘီစီကို ပြောပါတယ်။

ချောက်မှာ အခုရက်ပိုင်း ၄၄.၆ ၂ ဒီဂရီ စင်တီဂရိတ်( ၁၁၂ ဒီဂရီ ဖာရင်ဟိုက်) ရှိနေပြီး ဒီ့ထက်ပိုပြီးနေ့အပူချိန် တိုးလာနိုင်တာကြောင့် အခုလို သတိပေးနေရတာဖြစ်တယ်လို့လည်း ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဦးစီးမှူးဦးလှိုင်မြင့်ဟန် ကပြောပါတယ်။

ချောက်မြို့ပေါ်မှာရှိတဲ့ အဓိက မြစ်ဆိပ် ရေချိုးဆိပ်လေးနေရာမှာတော့ အနီရောင် နောက်ခံပေါ်မှာ အဖြူရောင် စာလုံးတွေနဲ့ မနက် ၁၀ နာရီမှ ညနေ ၅ နာရီကြားရေမချိုးဖို့ သတိပေးစာသားပါ ဗီနိုင်းတွေ ကို ပြည်သူ့ကျန်းမာရေးက လိုက်ချိတ်နေတာ တွေ့ရတယ်လို့လည်းမြို့ခံတွေက ပြောပါတယ်။

မကွေးတိုင်း ချောက်မြို့ဟာ မြန်မာနိုင်ငံမှာ အပူဆုံးဒေသထဲမှာ တစ်ခုပါဝင်ပြီး ၂၀၁၀ ပြည့်နှစ် ကတော့ ၄၆ဒီဂရီ စင်တီဂရိတ် (၁၁၄ ဒီဂရီ ဖာရင်ဟိုက်) လောက် အထိ ရောက်ခဲ့တယ် လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကပြောပါတယ်။

အပူဒဏ်ခံရရင်ဘာတွေဖြစ်နိုင် လဲ

ချောက်မြို့ပေါ်မှာရှိတဲ့ အဓိက မြစ်ဆိပ် ချိုးဆိပ်လေးနေရာ သတိပေးစာသားပါ ဗီနိုင်းတွေ ကို ကျန်းမာရေးဝန်ထမ်းတွေကလိုက် ချိတ်နေတာ ပါ

ဓာတ်ပုံ ရင်းမြစ်, NAY NAING

ဓာတ်ပုံ ပုံစာ, ချောက်မြို့ပေါ်မှာရှိတဲ့ အဓိက မြစ်ဆိပ် ချိုးဆိပ်လေးနေရာ သတိပေးစာသားပါ ဗီနိုင်းတွေ ကို ကျန်းမာရေးဝန်ထမ်းတွေကလိုက် ချိတ်နေတာ ပါ

"အပူဒဏ်အန္တရာယ်ကို ခံရတယ်ဆိုရင် လူက ချွေးမထွက်တော့ဘူး။ ခန္ဓာကိုယ်က ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အချိန်မှာ ညောင်းတာတွေ၊ မောတာတွေ၊ ချွေးမထွက်တော့တာတွေ၊ အပူချိန်တွေ တက်ပြီးတော့ သတိလစ်တယ်။ နောက်ဆုံး ဆေးရုံဆေးခန်း အချိန်မီ မရောက်ရင် သေတဲ့အထိ အန္တရာယ်ဖြစ်နိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နေပူနဲ့ မထိအောင် နေဖို့လိုပါတယ် "ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဦးစီးမှူး ဦးလှိုင်မြင့်ဟန် ကပြောပါတယ်။

အခုလို အစိုးရက သတိပေးပေမဲ့ လက်လုပ်လက်စား တွေကတော့ အတိအကျ လိုက်နာဖို့ အခက်ခဲရှိတယ် လို့ လည်း ချောက်ဒေသခံတွေ ကပြောပါတယ် ။

ချောက်မှာ အခုရက်ပိုင်း နေ့လယ်အချိန်ရေမချိုး ဖို့ သတိပေးနေပေမဲ့ အနီးတစ် ဝိုက်မြို့နယ်တွေမှာတော့ အခုလို သတိပေးတာတွေ မရှိသေးပါဘူး။

ချောက်မြို့မှာတော့ မေလကုန်လောက် အထိ အခုလို သတိပေးမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

ဘာတွေသတိထားဖို့လိုလဲ

အပူဒဏ်ကြောင့် အသက် ဆုံးရှုံး နိုင်တဲ့ အထိ အန္တရာယ် ရှိနိုင်တယ်

ဓာတ်ပုံ ရင်းမြစ်, NAY NAING

ဓာတ်ပုံ ပုံစာ, အပူဒဏ်ကြောင့် အသက် ဆုံးရှုံး နိုင်တဲ့ အထိ အန္တရာယ် ရှိနိုင်တယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက် အရတော့ အပူချိန်ဟာ အနည်းဆုံး ၂၉ ဒီဂရီ စင်တီဂရိတ် အထက်ကို ရောက်သွားပြီး လေထဲမှာ ရေငွေ့ပါနှုန်း တနည်းအားဖြင့် လေထု စိုထိုင်းဆ ၄ ရာခိုင်နှုန်းကျော်ပြီ ဆိုရင် လူတွေ သတိထားရမယ့် အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို လေအပူအချိန်နဲ့ ရေငွေ့အပူချိန် နှစ်ရပ်ပေါင်းတဲ့ ဒဏ်ကို ခံရနိုင်တဲ့ အခြေအနေဟာ မိုးဝင်မလာမချင်း မေလ အကုန်ထိ ဖြစ်နေနိုင်တယ်လို့ ဒေါက်တာ ထွန်းလွင်က သုံးသပ်ထားပါတယ်။

ဒီလို အပူဒဏ် ခံရတဲ့အခါ အပူဒဏ်ကြောင့် အသက် ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ် ရှိနိုင်တယ်ဆိုပြီး ကျန်းမာရေး ပညာပေးသတင်းဆောင်းပါးတွေ ရေးသားတဲ့ ဒေါက်တာ မြင့်ဦးက ပြောပါတယ်။

ဒါကြောင့် အပူဒဏ် မြင့်နေချိန်မှာ အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၆ဝ အထက် အရွယ်တွေ အထူး ဂရုစိုက် သင့်သလို သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါအတွက် ဆေးဝါးသောက်သုံး နေရသူတွေ အနေနဲ့လည်း ပိုပြီး ဂရုတစိုက် နေသင့်တယ်လို့ ဒေါက်တာ မြင့်ဦးက သတိပေးပါတယ်။

နေ့ခင်း အေးမြတဲ့ အရိပ်အာဝါသအောက် နေတာမျိုးနဲ့ ရေကို ပုံမှန်ထက် ပိုသောက်ဖို့ အကြံပြု ထားသလို မဖြစ်မနေ နေပူထဲ ထွက်ရမယ် ဆိုရင်လည်း ထီးဆောင်းတာ၊ ဖိနပ်စီးတာတို့ လုပ်ပြီးမှ ထွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။

ဘယ်လိုနေသင့်သလဲ

အရင်နှစ်တွေထက် ပိုပြီးပူမယ် လို့သိရတဲ့အတွက် အခုလို ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကြိုတင် သတိပေးရတာဖြစ်တယ်

ဓာတ်ပုံ ရင်းမြစ်, NAY NAING

ဓာတ်ပုံ ပုံစာ, အရင်နှစ်တွေထက် ပိုပြီးပူမယ် လို့သိရတဲ့အတွက် အခုလို ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကြိုတင် သတိပေးရတာဖြစ်တယ်

သင်္ကြန်မတိုင်မီ ခုလိုကာလတွေမှာ မြန်မာပြည် အလယ်ပိုင်း ဒေသတွေမှာပါ မက ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းထဲက တချို့နေရာတွေ မှာပါ အပူချိန်တွေဟာ ၄၀ ဒီဂရီ စင်တီဂရိတ် ရှိလေ့ရှိပါတယ် ။

အခုလို မုတ်သုံရာသီ အကြို ကာလ တွေမှာ တကယ် ဖြစ်နေတဲ့ အပူချိန်ထက်ကို ပိုပြီး လူတွေ ခံစားရလေ့ ရှိတဲ့အတွက် ဂရုတစိုက် နေထိုင်ကြဖို့ ကျွမ်းကျင်သူ ပညာရှင်တွေကလည်း သတိပေးနေပါတယ်။ အခု လ အတွင်း မကွေးနဲ့ မန္တလေးတိုင်းထဲက တချို့ ဒေသတွေမှာ အပူချိန်ဟာ ၄၄ ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်အထိ မြင့်တက်နေပါတယ်။

အရမ်းပူတဲ့နေရာက ပြန်လာပြီး မချိုးဖို့နဲ့ မနက် ၁၀နာရီနဲ့ ၅နာရီကြား လွင်တီးခေါင် မြစ်ဆိပ်၊ ရေချိုးဆိပ်နေရာတွေမှာ ရေမချိုးဖို့ ချောက်မြို့ မှာဖြန့်ဝေတဲ့ လက်ကမ်းစာစောင် မှာကျန်းမာရေးဝန်ကြီးဌာန ကသတိပေးထားပါတယ်။

အခုနှစ်မိုးလေဝသ သတင်းတွေအရ အရင်နှစ်တွေထက် ပိုပြီးပူမယ် လို့သိရတဲ့အတွက် အခုလို ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကြိုတင် သတိပေးရတာဖြစ်တယ်လို့လည်း ကျန်းမာရေးဦးစီးမှုး ဦးလှိုင်မြင့်ဟန် ကပြောပါတယ်။

"နေ့လယ် ပိုင်းဆိုရင် အပြင် သိပ်မထွက်ကြဘူး။ လမ်းပေါ်သွားလာ လှုပ်ရှားတဲ့သူက တော်တော်လေး နည်းပါတယ်။ ကပ်မိကပ်ရာ နေကြတဲ့ လူတွေပဲများတယ်။ ခေျာက်မြို့ပေါ်ဆိုရင် မြို့ကျက်သရေဆောင် မဟာအေးစေတီဘုရားစောင်းတန်းတွေမှာ အနေများတယ်။ ဓမ္မာရုံ တွေမှာ နေကြတယ်။ သစ်ပင်အရိပ်ကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ နေကြတယ်လို့ "ချောက်မြို့ဒေသခံတစ်ဦးကပြောပါတယ်။