မြန်မာနိုင်ငံ ပြန်လာချင်တဲ့ ဟိန္ဒူဒုက္ခသည်တွေရဲ့ ရှေ့ရေး မသေမချာဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူးပလောင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဟိန္ဒူ ဒုက္ခသည် ၄၀၀ ကျော်ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လာဖို့ စီစဉ်ထားပြီးမှ မပြန်နိုင် ဖြစ်ခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား သဘောတူထားတဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေး အစီအစဉ်အရ နိုဝင်ဘာလ ၁၅ရက်နေ့မှာ မြန်မာနိုင်ငံဘက် ပြန်ပို့မယ့် ဒုက္ခသည် ပထမအသုတ်နဲ့အတူ သူတို့ ပြန်ဖို့ အစီအစဉ် လုပ်ထားပြီးမှ အစီအစဉ် ပျက်သွားတဲ့အတွက် မပြန်နိုင် ဖြစ်ခဲ့ရတယ်လို့ ကူတူးပလောင် ဒုက္ခသည်စခန်းက ဟိန္ဒူ ခေါင်းဆောင် တဦးက ဘီဘီစီကို ပြောပြပါတယ်။
သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာထက် သူတို့ရဲ့ နဂိုမူလ နေရပ် ကျေးရွာတွေမှာ ပြန်လည် နေထိုင်ပြီး အေးအေးဆေးဆေး လုပ်ကိုင် စားသောက်လိုတဲ့ ဆန္ဒ ရှိတယ်လို့ သူက ပြောပါတယ်။
အဲဒီနေ့မှာ ပြန်ရမယ်လို့ ပြောတဲ့အတွက် အစီအစဉ် လုပ်ပြီး စောင့်နေပေမယ့် သူတို့ကို လာမခေါ်ခဲ့ကြောင်းနဲ့ ဘာ့ကြောင့် လာမခေါ်တာလဲ ဆိုတာကိုလည်း တိတိကျကျ မသိဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ပြန်နိုင်ဖို့အတွက် UNHCR ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ စကား ပြောချင်ပေမယ့် ဘယ်လို ဆက်သွယ်ရမလဲ ဆိုတာကိုလည်း မသိဘူးလို့ ပြောပြပါတယ်။
နှစ်နိုင်ငံအကြား သဘောတူထားတဲ့ Physical Arrangement နဲ့အညီ စိစစ်ပြီး ဖြစ်တဲ့ နေရပ်စွန့်ခွာသူ ၂၂၆၁ ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်လက်ခံဖို့ မြန်မာ အစိုးရ တာဝန်ရှိသူတွေ တောင်ပြိုလက်ဝဲ ချစ်ကြည်ရေး ဂိတ်ကနေ မနက်ကတည်းက စောင့်ဆိုင်းနေခဲ့ကြပေမယ့် အဲဒီနေ့က တယောက်မှ ရောက်မလာကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, AFP
အဲဒီနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း လွှဲပြောင်းရေး ဂိတ်စခန်းနားက အထူးစခန်းတခုမှာ မြန်မာပြည်ဘက်ခြမ်း ပြန်ပို့မယ့် အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အမျိုးသမီးတွေ ကလေးတွေ အပါအ၀င် ဒုက္ခသည် တထောင်ကျော်လောက်က နိုင်ငံသား ဖြစ်ခွင့်နဲ့ နိုင်ငံသား အခွင့်အရေးတွေ မရမချင်း ပြန်မှာ မဟုတ်ဘူးလို့ ရေးထားတဲ့ စာတမ်းတွေ ကိုင်ဆောင်ပြီး အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။
ဒါပေမယ့်လည်း နေရပ်စွန့်ခွာသူ တဦးမှ လာရောက်ခြင်း မရှိတာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဒီ Physical Arrangement ကို လိုက်နာဆောင်ရွက်မှု အားနည်းခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပြီး ပထမအကြိမ် ပေးအပ်ခဲ့တဲ့ ဒုက္ခသည် ၈၀၂၃ ဦးရဲ့ ပုံစံတွေကို ဖြည့်စွက်ရာမှာ ဒုက္ခသည်စခန်းတွေက ကာယကံရှင် ပုဂ္ဂိုလ်တွေ ကိုယ်တိုင် ဖြည့်စွက်ရတာ မဟုတ်တဲ့အတွက် အခုလို မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်ရတာလို့ မြန်မာ အစိုးရဘက်က ပြောပါတယ်။
အဲဒီနောက်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက သူတို့နိုင်ငံမှာ လာမယ့် ဒီဇင်ဘာလအတွင်း အထွေထွေ ရွေးကောက်ပွဲကြီး ရှိနေတဲ့အတွက် နေရပ်စွန့်ခွာသူတွေ ပြန်ပို့ဖို့ အစီအစဉ်ကို ရွေးကောက်ပွဲ ပြီးချိန်မှ ပြန်စဖို့ အကြောင်းကြားလာတယ်လို့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီ ကို ပြောခဲ့ပါတယ်။








