ဘားအံမြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရေဘေး ဒုက္ခခံစားနေရ

ဓာတ်ပုံ ရင်းမြစ်, EPA
ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်နေ့ ကစပြီး ကရင်ပြည်နယ် နေရာတော်တော်များများမှာ ရေကြီး ရေလျှံမှုတွေ ပြန်ဖြစ်ခဲ့ရာမှာ ဘားအံ မြို့နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော် ရေကြီးမှုကို ခံစားနေရပြီး ကယ်ဆယ်ရေး စခန်း ၈ ခု အထိ ပြန်ဖွင့်ထားရတယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
အခုတခေါက် ရေကြီးတာက အရင်တခေါက်ကလောက် မဆိုးပေမယ့် ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းပြီးမှ တခါပြန်ဖွင့်ရတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။
ဘားအံနဲ့ ရွှေဂွန်းမြို့မှာ ရေတက်တာပိုများပြီး အရင်ကလို ၃ ပေအထိ တခါတည်း တက်တာမဟုတ်ဘဲ တနေ့ကို ၃ စင်တီမီတာ ၄ စင်တီမီတာကနေ တဖြည်းဖြည်း တက်လာတာလို့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
ဘားအံမှာ နှစ်စဉ်အခုလို ရေကြီးတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့နေရတာကြောင့် ခုလို ဖြစ်တာဟာ ထူးခြားတဲ့ ဖြစ်စဉ်တခု မဟုတ် သလို စိတ်ပျက်တာတွေ၊ စိတ်ညစ်တာတွေ မရှိဘူးလို့ ဘားအံမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
ဒါပေမယ့် စားသောက် သွားလာဖို့ အခက်တွေ ရှိသလို အနိမ့်ပိုင်းမှာ နေတဲ့သူတွေ ပိုပြီး အခက်အခဲ ရင်ဆိုင်ရတယ်လို့ ဆိုပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, SAW CHAINT PHAUNG
ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတဲ့သူတွေကို အနယ်နယ်အရပ်ရပ်က လာရောက် လှူဒါန်းတာတွေ ရှိသလို၊ အစိုးရအနေနဲ့ ဆန်နဲ့ ရေဘေးသင့်တဲ့ သူတွေကို ငွေကြေးထောက်ပံ့ပေးတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ရွှေဂွန်းမြို့မှာဆိုရင် ကယ်ဆယ်ရေး စခန်းတွေ မရှိလို့ တချို့ဆိုရင် အိမ်တွေမှာ စင်ထိုးပြီးနေနေရတာ၊ တချို့အိမ်တွေမြုပ်သွားရင် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ သူက ဆိုပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ ရေကျလို့ ရေဘေးသင့်သူတွေ အိမ်ပြန်ရင် ကယ်ဆယ်ရေး စခန်းမှာ အလှူရှင်တွေက လှူဒါန်းထားတဲ့ အသုံးအဆောင်တွေကို ထည့်ပေး လိုက်မှာ ဖြစ်တဲ့ အပြင် လှူဒါန်းထားတဲ့ငွေကြေးတွေကို ရေဘေးဒုက္ခသည် တဦးကို ဘယ်လောက် ပေးနိုင်မလဲ ဆိုတာကို တွက်ချနေတယ်လို့ ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
လယ်သမားတွေအတွက် မျိုးစပါးတွေကို ပျက်တဲ့ ဧကပေါ်မူတည်ပြီး ချပေးနေတယ် လို့လည်း ဆိုပါတယ်။
လက်ရှိ အခြေအနေမှာတော့ ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ထားနိုင်ပေ မယ့် ပြန်လည် ထူထောင်ရေးကို ဘယ်လောက်ထိ ဆောင်ရွက်နိုင်မလဲ ဆိုတာကို စိုးရိမ်မိတယ်လို့ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ခံ ကိုစည်သူက သူတို့မြို့ရဲ့ ကမ်းနားပိုင်းနဲ့ အထက်ပိုင်း ကြားထဲမှာ ရေမြုပ်နေပြီး လက်ရှိမှာ မြို့ရဲ့ ၃ ပုံ ၁ ပုံလောက် ရေမြုပ်နေပြီ ပြောပါ တယ်။
ရေကြီးလို့ ကျောင်းတွေ ပြန်ပိတ်ထားရသလို ကုန်ဈေးနှုန်းတက်တာတွေ ရှိတာ ကြောင့် အခက်အခဲတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။








