ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇီဝမျိုးစုံကာကွယ်ရေး ဥပဒေပြဋ္ဌာန်း
မြန်မာနိုင်ငံမှာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။
အဲသလို ပြဋ္ဌာန်းလိုက်တာကို ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ WWF ကကြိုဆိုလိုက်ပါတယ်။
အရင်က မြန်မာနိုင်ငံမှာ တောရိုင်းတိရစ္ဆာန်များ ကာကွယ်ရေး ဥပဒေသာရှိခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန်များလို့ ဆိုတဲ့ အတွက် သစ်လုပ်ငန်းအတွက် မွေးမြူထားတဲ့ လုပ်ငန်းသုံးဆင်တွေ မပါဝင်ဘဲ ဖြစ်နေတာဟာ ဥပဒေရဲ့ အားနည်းချက်တခုလို ဖြစ်နေခဲ့ပါတယ်။
အခု ဥပဒေကတော့ အဲဒီအားနည်းချက်ကို ဖာထေး ပြုပြင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့အတွက် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ လန်ဒန်မြို့မှာ ပြုလုပ်ကျင်းပမယ့် တောရိုင်းတိရစ္ဆာန်တရားမဝင် ကုန်သွယ်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်ကို ဒေသတွင်းချန်ပီယံ နိုင်ငံအဖြစ် တက်ရောက်ခွင့် ရတော့မှာလို့လည်း WWF ကဆိုပါတယ်။
မြန်မာနိုင်ငံဟာ ပတ်ဝန်းကျင်နိုင်ငံတွေလိုပဲ ရှားပါးတိရစ္ဆာန်၊ ရှားပါးသစ်ပင် စတဲ့ ဇီဝမျိုးစုံကို တွေ့ရှိနိုင်တဲ့ ဒေသတခုဖြစ်ပါတယ်။
ဒါပေမယ့် တချို့ ရှားပါးမျိုးစိတ်တွေဟာ မျိုးတုံးမယ့် အန္တရာယ် ရင်ဆိုင်နေရပါတယ်။
မျိုးတုံးမယ့် အန္တရာယ်ရင်ဆိုင်နေရတဲ့ အထဲမှာ ဆင်၊ ကျား၊ ကျားသစ်၊ မိကျောင်း၊ ဝက်ဝံ၊ သင်းခွေချပ်တို့လို တိရစ္ဆာန်တွေလည်း ပါဝင်နေတယ်လို့ WWF ရဲ့ ဆက်သွယ်ရေးနဲ့ ဆက်ဆံရေး အရာရှိ ဦးရဲမင်းသွင်က ဘီဘီစီကို ပြောပါတယ်။