ဇီဝမျိုးကွဲနှင့် သဘာဝနယ်မြေ ဥပဒေ အတည်ပြု

ရေးသားခဲ့သည်။

ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝ နယ်မြေများဆိုင်ရာ ဥပဒေကြမ်းရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် တခုက တောရိုင်း တိရစ္ဆာန်တွေကို ကာကွယ် ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းလို့ အရင်က ခေါ်ခဲ့ပြီး အခု အမည် ပြောင်းလဲ ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

အဓိကကတော့ ရှားပါး တိရစ္ဆာန်တွေကို နယ်စပ် ဖြတ်ကျော် ကုန်သွယ်မှု၊ သဘာဝနယ်မြေတွေ သတ်မှတ် စီမံခန့်ခွဲတဲ့ အစီအမံတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စည်းမျဉ်းနဲ့ လိုက်လျော ညီထွေဖြစ်အောင် ဒီဥပဒေကြမ်းမှာ ထည့်သွင်း ရေးသားထားတယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောပါတယ်။

၂၀၁၇ခုနှစ် ဇန်နဝါရီတုန်းကမှ လက်မှတ်ထိုးခဲ့တဲ့ မျိုးဆက် ပျက်သုဉ်းလုဆဲ တောရိုင်းတိရိစ္ဆာန်နှင့် သစ်ပင်ပန်းမန် နိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ် ထိုးထားပြီး အခု ဥပဒေကြမ်းမှာ ဒီအချက်တွေကိုလည်း ထည့်သွင်းထားတယ်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျား၊ ဆင် အပါအဝင် တောရိုင်း တိရိစ္ဆာန်တွေကို သတ်ဖြတ်ပြီး အရေခွံ၊ အစွယ်၊ သွေး စတာတွေကို တရားမဝင် ကုန်သွယ်တဲ့ ပြဿနာက အရေးကြီးဆုံး ပြသနာဖြစ်ပြီး အခုချိန်အထိ ထိန်းချုပ်ရ ခက်နေဆဲပဲ ဖြစ်ပါတယ်။

သာမန် အမဲလိုက်ပြီး စားသုံးကြတဲ့ ရိုးရာအမဲလိုက် သမားတွေကြောင့် တောရိုင်းတိရစ္ဆာန်တွေ အပေါ် သိသာတဲ့ ထိခိုက်မှု မရှိပေမယ့် တောရိုင်း တိရစ္ဆာန်တွေကို သတ်ဖြတ် ကုန်သွယ်မှုကြောင့် မျိုးသုဉ်းတဲ့ အန္တရာယ်အထိ ကျရောက်နိုင်တယ်လို့ Smithsonian Institute ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး ကိုအောင်မျိုးချစ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျားကောင်ရေ ဆယ်ဂဏန်းသာ ကျန်ရှိတော့သလို အရင်က ပေါများခဲ့တဲ့ သင်းခွေချပ်လို သတ္တဝါတွေဟာ အခုချိန်မှာ အကောင်ရေ မသိလောက်အောင် ရှားပါးကုန်ပြီမို့ ဒီဥပဒေကြမ်း ထွက်ပေါ်လာရင်တော့ ထိထိရောက်ရောက် ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကိုအောင်မျိုးချစ်က ပြောပါတယ်။