ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ်အမျိုးသမီးတွေ ဘာကြောင့်အမျိုးသားအဝတ်အစားပိုဝတ်လာတာလဲ
နွေရာသီရောက်လာချိန်မှာ ကေးရှင် တစ်ယောက် သူ့အဝတ်အစားတွေကိုရှင်းနေတုန်း ထူးခြားတာ တစ်ခုကို သတိပြုမိခဲ့ပါတယ်။ သူ့ အဝတ်ဗီရိုထဲမှာ "ယောက်ျားဝတ်" အဝတ်အစားတွေက အမျိုးသမီးဝတ်ထက် ပိုများနေပါတယ်။ ရှပ်အင်္ကျီတွေ၊ တီရှပ်တွေ၊ ဘောင်းဘီတိုတွေက သူ့ချစ်သူ ဒါမှမဟုတ် သူ့ အဖေအတွက် ဝယ်ထားတာမဟုတ်ဘဲ သူကိုယ်တိုင်ဝတ်ဖို့ ဝယ်ထားတာတွေပါ။
ဒါမျိုးက မိသားစုနာမည်ကို မဖော်ပြချင်တဲ့ ကေးရှင် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့လိုပဲ တရုတ်လူငယ်အမျိုးသမီးတွေ တော်တော်များများရော သူ့လူမှုဝန်းကျင်ထဲမှာရော အွန်လိုင်းမှာပါ အမျိုးသမီးတွေက ယောက်ျားဝတ် အဝတ်အစားတွေကို စတင်ရွေးချယ်လာကြတယ်လို့ ပြောပါတယ်။
ဒီလိုဖြစ်လာတဲ့ အကြောင်းရင်းတွေကတော့ အရည်အသွေးပိုကောင်းတာ၊ စျေးပိုသက်သာတာ၊ ဝတ်ရတာပိုသက်တောင့်သက်သာဖြစ်တာနဲ့ ခန္ဓာကိုယ်ပုံစံအပေါ် ဖိအားနည်းတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလို trend တစ်ခု ဖြစ်လာရတဲ့ အဓိကအကြောင်းရင်းက ဘာလဲ။
တရုတ်နိုင်ငံရဲ့ လူကြိုက်များတဲ့ လူမှုကွန်ရက်အက်ပ် "ရှောင်ဟုန်ရှူး" (RedNote လို့လည်း ခေါ်ကြပါတယ်) မှာ"ယောက်ျားဝတ်အဝတ်အစား ဝတ်ဆင်သော အမျိုးသမီးများ"ဆိုတဲ့ hashtag သုံးသူ ၈၂ သန်းကျော် ရှိပြီး ''ကျားမခွဲခြားမှုမရှိသော အဝတ်အစားဝတ်ဆင်ပုံ" hashtag ကတော့ သန်း ၉၀ ကျော်အထိ ရောက်ရှိထားပါတယ်။
အဲဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ပို့စ်တွေကလည်း တဖြည်းဖြည်း ပိုများလာပြီး အများစုက ယောက်ျားဝတ်အဝတ်အစားတွေမှာ ချည်နဲ့ လီနင်ပါဝင်မှု ပိုများတာ၊ ဒီဇိုင်းပိုရှင်းတာ၊ အိတ်အရွယ်ပိုကြီးတာ၊ ချုပ်ရိုးပိုချောမွေ့တာ၊ အရည်အသွေးပိုကောင်းတာနဲ့ စျေးပိုသက်သာတာတွေကို အားသာချက်အဖြစ် ပြောဆိုနေကြပါတယ်။
ကေရှင်း ကတော့ သူ့ ရဲ့ အဝတ်အစားရွေးချယ်မှု ပြောင်းလဲတာက ၂၀၂၃ ခုနှစ်မှာ စခဲ့တယ်လို့ ပြန်ပြောပြပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ဒုံရင်း (တရုတ် TikTok ဗားရှင်း) ထဲမှာ ယောက်ျားဝတ်တီရှပ် တွေကို ရောင်းချတဲ့ livestream တွေ ပေါ်လာခဲ့တာကြောင့် ဖြစ်ပါတယ်။
အစပိုင်းမှာ သူ့အတွက် အံ့သြစရာဖြစ်ခဲ့ပါတယ်။ ကေရှင်းအနေနဲ့ အဖေ ဒါမှမဟုတ် ချစ်သူအတွက်တောင် အဝတ်မဝယ်ဖူးတာကြောင့် ဒီလိုကြော်ငြာတွေကို အယ်လ်ဂိုရစ်သမ်က ဘာလို့ပြသနေလဲဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။
သူက ဒါကို "ခဏပေါ်လာတာ"လို့ပဲ ထင်ခဲ့ပေမယ့် တစ်နေ့မှာတော့ livestream တခုထဲရောက်သွားပါတယ်။ အဲဒီ livestream ထဲမှာ "မိန်းကလေးတွေက ဒီလိုဆိုက်အသေးတွေ ဝတ်လို့ရတယ်'' ဆိုပြီး "ဒါက unisex ပါ။ မိန်းကလေးတွေလည်း ဝတ်လို့ရတယ်" ဆိုတဲ့ စကားတွေကို မကြာခဏ ထပ်ခါထပ်ခါ ပြောနေတာကြားရပါတယ်။
အမျိုးသမီးတွေအတွက် ရည်ရွယ်ရောင်းချတဲ့ အွန်လိုင်းပေါ်က စျေးရောင်းတဲ့ livestream အများစုနဲ့ ဒီ အမျိုးသားအင်္ကျီတွေရောင်းတဲ့ livestream ကို နှိုင်းယှဥ်ကြည့်ရင် ကွာခြားမှုတွေရှိပါတယ်။
အမျိုးသမီးတွေအတွက် livestream တွေက ခန္ဓာကိုယ်ကို ပိုသေးသွယ်အောင်ပြောတာ၊ အပြစ်အနာအဆာတွေကို ဖုံးကွယ်ဖို့ အလေးပေးတာ၊ နူးညံ့ပြီး အမျိုးသမီးဆန်တဲ့ စံနှုန်းကို ပုံဖော်တာတွေများပါတယ်။
အမျိုးသားအင်္ကျီတွေရောင်းတဲ့ livestream ကတော့ အဓိကအားဖြင့် အထည်အရည်အသွေးနဲ့ ပစ္စည်းအမျိုးအစားကိုပဲ အာရုံစိုက်ပြောကြပါတယ်။
"အဲဒါက ကျွန်မကို တကယ်ဆွဲဆောင်ခဲ့တယ်" လို့ ကေရှင်း က ပြောပါတယ်။ "အမျိုးသမီးဝတ်အဝတ်အစားတွေက အမြဲတမ်း "လူအများလက်ခံထားသော အလှအပစံနှုန်း" တွေကို ဖိအားပေးနေသလိုပဲ။ အထူးသဖြင့် ဒီဇိုင်းတွေက မသက်တောင့်သက်သာဖြစ်တာများတယ်။"
စျေးနှုန်းကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ရှပ်အများစုက ၁၀၀ ယွမ် (၁၄ ဒေါ်လာ ၁၄၊ ၁၁ ပေါင် ခန့်) အောက်ပဲရှိတာကြောင့်ပါ။ မကြိုက်လို့ ပြန်ပေးရမယ်ဆိုရင်တောင် ပြဿနာမရှိဘူးလို့ သူကပြောပါတယ်။
သူက ပထမဆုံး "ယောက်ျားဝတ်" တီရှပ်တစ်ထည် ဝယ်ဝတ်ကြည့်ခဲ့ပြီး အံ့သြသွားခဲ့ပါတယ်။ အရင်က သူဝယ်ခဲ့တဲ့ စျေးသုံးဆလောက်ပေးခဲ့ရတဲ့ အမျိုးသမီးအဝတ်တွေထက်တောင် ပိုသက်တောင့်သက်သာရှိ၊ ပိုထူပြီး လေဝင်လေထွက်လည်း ပိုကောင်းနေတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ သူက ယောက်ျားဝတ်အဝတ်အစားတွေကို ဆက်ဝယ်ခဲ့ပြီး မသက်မသာခံစားရမှုရှိမလားလို့ စိုးရိမ်ခဲ့ပေမဲ့ သူ့အတွက်အတော်ကို အဆင်ပြေခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ဒီအဝတ်အစားတွေက သူ့ရဲ့ဗီရိုကို တဖြည်းဖြည်း သိမ်းပိုက်သွားသလို ဖြစ်လာပြီး "အရင်ရှိနေတဲ့အရာတွေကို တဖြည်းဖြည်း ဖယ်ထုတ်သွားတဲ့ "ကျူးကျော်မျိုးစိတ်"လိုပဲ လို့ သူက ပြောပါတယ်။
အသုံးလျော့လာ
ဒီ trend က COVID-19 ကန့်သတ်ချက်တွေ ရုပ်သိမ်းခဲ့တဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး အားနည်းလာတဲ့အခြေအနေနဲ့လည်း ဆက်စပ်နေပါတယ်။
ရှန်ဟိုင်း မှာ "996" (မနက် ၉ နာရီကနေ ည ၉ နာရီထိ၊ တစ်ပတ် ၆ ရက်) လိုဖိအားများတဲ့အလုပ်လုပ်နေတဲ့ ကေရှင်း လို လူတွေအတွက်တော့ ငွေကြေးသုံးစွဲရာမှာ သတိထားရတာက ပုံမှန်အခြေအနေ ဖြစ်လာပါတယ်။
သူ အလုပ်ပြောင်းဖို့လည်း အရင်လို မလွယ်လွယ်ကူကူ မလုပ်တော့ဘဲ၊ အဝတ်အစားလို မဖြစ်မနေလိုအပ်တဲ့ အသုံးစရိတ်တွေမှာလည်း အများကြီး မသုံးချင်တော့ပါဘူး။
ဒီလိုအခြေအနေထဲမှာ စားသုံးသူတချို့က "အသုံးစရိတ်ကို ပြန်လည်ချိန်ညှိပြီး တန်ဖိုးနဲ့ ကြာရှည်ခံမှုကို ဦးစားပေးတဲ့ ပုံစံ" ကို လက်ခံလာကြပါတယ်။ အဲဒီမှာတော့ ခေတ်ပေါ် ဖက်ရှင်ထက် တန်ဖိုးရှိမှုနဲ့ ကြာရှည်ခံမှုကို ပိုအလေးထားလာကြပါတယ်။
"အမျိုးသားဝတ်က မတော်ရင် ပြန်ပေးလို့လည်း လွယ်တယ်" လို့ ကေရှင်း က ပြောပါတယ်။ "အခုတော့ အဝတ်အစားတွေမှာ ငွေအများကြီးသုံးရမယ့် အခြေအနေ ကို မမြင်တော့ဘူး။ တကယ်တော့ ကျွန်မက အဝတ်တစ်ထည်ကို ရာသီတစ်ခုထက်ပိုပြီး မဝတ်ဖြစ်ပါဘူး။"
အရွယ်အစား - ဆိုက် ပြဿနာ
လူအများစုအတွက် ဒီလို အကြိုက်ပြောင်းလဲမှုက ကျားမ ကွဲလွဲမှုကို အထူးတလည် ဖော်ပြလိုတာထက် လက်တွေ့အသုံးဝင်မှု ကို ပိုဦးစားပေးလာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ အမျိုးသမီးဝတ်အဝတ်အစားတွေထဲမှာ ဆိုက်အရွယ်အစားကိစ္စက အများဆုံးဝေဖန်ကြတဲ့ အပိုင်းဖြစ်ပါတယ်။
ဒုံရင်းနဲ့ "ရှောင်ဟုန်ရှူး" လို လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ပိန်ပိန်ပါးပါး အင်ဖလူရန်ဆာတွေက "ဆိုက်ကြီး" လို့ ထင်ထားတဲ့အဝတ်အစားတွေက တကယ်ဝတ်ကြည့်ရင်မတော်ဘူးဆိုတာကို လက်တွေ့ ဝတ်ရိုက်ပြတဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ် မကြာခဏတင်ကြပါတယ်။
XL လို့ ဆိုက်ကြီး တံဆိပ်တပ်ထားတဲ့ အမျိုးသမီးဝတ် အဝတ်တွေက တကယ်ဝတ်ကြည့်ရင် ပေါင်တဖက်ပဲ ဖုံးလောက်အောင်သေးနေတာတွေရှိပါတယ်။ အဲဒီလိုဆိုက်စနစ်ကြောင့် ခန္ဓာကိုယ်က သာမန်လောက်ပဲရှိတဲ့ အမျိုးသမီးတွေတောင် "အသေးဆုံးဆိုက်" ထဲကို ထည့်သတ်မှတ်ခံရတာမျိုးတွေ ဖြစ်နေပါတယ်။ တစ်ဖက်မှာတော့ အရပ်ရှည်တဲ့ အမျိုးသမီးတွေဆိုရင် အရွယ်အစားကြီးဘက်ကိုပြောင်းသွားရတဲ့ အခြေအနေတွေရှိပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ဘလော့ဂါတစ်ယောက်က L size အင်္ကျီကို သူ့ poodle ခွေးကို ဝတ်ပေးကြည့်တဲ့အခါ တင်းတင်းကျပ်ကျပ်ဖြစ်နေကြောင်း ရိုက်ပြထားပါတယ်။
ရှန်ဟိုင်းအခြေစိုက် အမျိုးသမီး ရှေ့နေ လီ (သူ့ ကို မိသားစုနာမည်နဲ့သာ ဖော်ပြရန်တောင်းဆိုထားသူ) ကတော့ သူဟာ အစောပိုင်းကတည်းက ယောက်ျားဝတ်အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်လာခဲ့တာက အမျိုးသမီးဝတ်တွေက သူနဲ့ မတော်နိုင်အောင် သေးတာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ အရပ်က ၁၇၀ စင်တီမီတာရှိပြီး ပခုံးလည်း ကျယ်ပါတယ်။ ဥရောပမှာ ကျောင်းတက်နေချိန်မှသာ ဆိုက် M (Medium) ဆိုတဲ့ အရွယ်အစားက သူ့ အတွက် တကယ်တော်တယ်ဆိုတာကို သိခဲ့ရတာ ဖြစ်ပါတယ်။
"ဒီမှာရှိတဲ့ အမျိုးသမီးဝတ်အဝတ်အစားတွေက ကျွန်မလို ခန္ဓာကိုယ်ပုံစံရှိတဲ့ လူတွေအတွက် မထုတ်လုပ်ထားသလို ခံစားရတယ်" လို့ သူက ပြောပါတယ်။
သူက ယောက်ျားဝတ်အဝတ်အစားတွေရဲ့ လက်တွေ့အသုံးဝင်မှုကိုလည်း ထောက်ပြပါတယ်။ ယောက်ျားဝတ် M size ဘောင်းဘီတစ်ထည်ရဲ့ အိတ်တွေထဲမှာ ၁၁ လက်မ tablet နဲ့ စာအုပ်တစ်အုပ်ကို ထည့်ထားလည်း ဘောင်းဘီပုံစံမပျက်သွားပါဘူး။
"အမျိုးသမီးဝတ်အဝတ်အစားတွေက ဒီလိုလုပ်နိုင်လား။ နှုတ်ခမ်းနီလေးတောင် ထည့်ထားရင် ခန္ဓာကိုယ်က ပိုကြီးသလို ထင်ရတယ်" လို့ သူက ဆိုပါတယ်။
ဈေးကွက်က ပေးတဲ့ ဖိအားများ
အလတ်စားဖက်ရှင် ဘရန်းတခုက ဒီဇိုင်နာ ဝမ် ရဲ့အဆိုအရ ဆိုက်စနစ်နဲ့ အရည်အသွေးပြဿနာတွေဟာ အထည်ထုတ်လုပ်ငန်းတစ်ခုလုံးကို ဖိအားပေးလာတယ်လို့ ဆိုပါတယ်။
COVID-19 ကာလနောက်ပိုင်းကစပြီး တရုတ်နိုင်ငံရဲ့ အဝတ်အထည်လုပ်ငန်းက သိသိသာသာ ကျဆင်းလာခဲ့ပြီး ထုတ်လုပ်မှုနဲ့ တင်ပို့မှုတွေ လျော့ကျသွားပါတယ်။ လက်လီရောင်းအားလည်း ကျဆင်းလာပြီး ၂၀၂၃ ခုနှစ်မှာ ၁၅ % လောက်တိုးခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာတော့ ၀.၁% သာ တိုးလာခဲ့ပါတယ်။
အခုအချိန်မှာ ကုမ္ပဏီတွေက ဒီဇိုင်းအသစ်တွေကို အရင်လို မထုတ်လုပ်တော့ဘဲ ဝယ်သူတွေကလည်း အဝတ်အစားတွေကို လုံလောက်အောင် ပိုင်ဆိုင်ထားပြီးသားဖြစ်တာကြောင့် အသုံးစရိတ်ကို လျှော့ချလာကြပါတယ်။
ကုန်ကျစရိတ်လျှော့ချဖို့အတွက် အချို့ brand တွေက ကိုယ်ပိုင်ဒီဇိုင်းတွေ မဖန်တီးတော့ဘဲ အရှေ့တောင်အာရှကနေ အဆင်သင့် ချုပ်လုပ်ပေးတဲ့ ဒီဇိုင်း တွေကို ဝယ်ယူအသုံးပြုလာကြပါတယ်။
ဒါပေမယ့် အဲဒီ ဒီဇိုင်းတွေက တရုတ်နိုင်ငံရဲ့ ခန္ဓာကိုယ်ပုံစံနဲ့ မကိုက်ညီတာတွေရှိတာကြောင့် အဝတ်အစားမတော်မှုတွေ ဖြစ်ပေါ်လာပြီး "ကလေးအရွယ်အစားလို သေးငယ်တဲ့ အမျိုးသမီးဝတ်" တွေ ပိုများလာစေပါတယ်။
ဒီဇိုင်းရွေးချယ်မှုတွေကလည်း စီးပွားရေးအခြေအနေအပေါ် မူတည်နေပါတယ်။ ခန္ဓာကိုယ်သေးသေးလေးအတွက် အဝတ်အစားတွေက ထုတ်လုပ်ရလွယ်ကူပြီး စျေးသက်သာပါတယ်။ ဒါပေမယ့် ဆိုက်ကြီးတဲ့ အဝတ်အစားတွေကတော့ ချုပ်လုပ်မှု ပိုရှုပ်ထွေးပြီး ကုန်ကျစရိတ်လည်း ပိုမြင့်ပါတယ်။
"အရွယ်ကြီး ၂၀ ရောင်းရတာနဲ့ အလတ်စား ၂၀၀ ရောင်းရတာ စရိတ်တူတူပဲဆိုရင် ကုမ္ပဏီတွေက အရွယ်ကြီးတွေကိုပဲ ဖြုတ်ပစ်လိုက်မယ်" လို့ ဝမ် က ပြောပါတယ်။
အခုအချိန်မှာ အထည်ပစ္စည်းစျေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာတာကြောင့် ထုတ်လုပ်သူတွေဟာ ဖိအားအသစ်တွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သူက ပြောပြီး နောက်နှစ်တွေမှာ အဝတ်အစားတွေက ပိုပါးလွှာလာနိုင်တယ်လို့ သတိပေးထားပါတယ်။
ကေရှင်း လို စားသုံးသူတွေအတွက်တော့ ဒီအခြေအနေက သူ့ ရဲ့ ဗီရိုထဲမှာ ဖြစ်နေပြီးသား ပြောင်းလဲမှုကို ပိုပြီး အရှိန်မြှင့်ပေးနိုင်ပါတယ်။
Luis Barrucho က ပေါင်းစပ်ရေးသားထားပါတယ်။