လင်းခေး ဆွေးနွေးပွဲ ဆိုင်းငံ့မယ်လို့ RCSS ပြော

၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပြန်လည် ကျင်းပတဲ့ အခါ ရှမ်းတိုင်းရင်းသားတွေရဲ့ အသံကို တင်ပြနိုင်ဖို့ ရည်ရွယ်ပြီး လင်းခေးမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရှမ်းလူမျိုးပေါ် အခြေခံတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တောင်ပိုင်းတပ် RCSS/SSA က ကြေညာပါတယ်။
ရှမ်းလူထုတွေနဲ့ အကြို ဆွေးနွေးပွဲတွေ ကျင်းပခွင့် တောင်ကြီးမြို့ အပါအဝင် နေရာတချို့မှာ အစိုးရနဲ့ စစ်တပ်ဘက်က ခွင့်မပြုခဲ့တာကြောင့် လင်းခေး ဆွေးနွေးပွဲကို ဆိုင်းငံ့ လိုက်တာလို့ RCSS က ဘီဘီစီကို ပြောပါတယ်။
ရှမ်းလူထုနဲ့ တွေ့ဆုံခွင့် မရ ဖြစ်လာတာကြောင့် အမျိုးသား အဆင့် ဆွေးနွေးပွဲ ကျင်းပမယ် ဆိုရင်လည်း လူထု ဆီက လာမယ့် အသံတွေ ပါဝင် နိုင်မှာ မဟုတ်ဘူး ဆိုပြီး RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ဆိုပါတယ်။

မူလ အစီအစဉ်အရ တော့ လင်းခေး ဆွေးနွေးပွဲကို ၂ဝ၁၈ ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၁၄ ရက် အထိ ကျင်းပဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA အရ NCA ထဲ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိတဲ့ ဒေသတွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျင်းပရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် မတိုင်ခင်ကလည်း RCSS ဦးဆောင်တဲ့ ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲကို ကျင်းပခွင့် မရခဲ့ဘူးလို့ ဘီဘီစီသတင်းထောက်က ဆိုပါတယ်။
ရှမ်း နိုင်ငံရေး အင်အားစုတွေ ပြောနေတဲ့ ၈ ပြည်နယ် ဖက်ဒရယ်မူ အပေါ် တပ်မတော် အနေနဲ့ စိုးရိမ်မှု ရှိနေနိုင်တယ် ဆိုပြီး မူဝါဒရေးရာ မဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးမင်းဇင်က ဘီဘီစီကို ပြောပါတယ်။
ငြိမ်းချမ်းရေး ဆိုပြီး ဘက်အသီးသီးက ပြောဆို နေကြပေမယ့် ပြည်ထောင်စုကို ဘယ်လို တည်ဆောင်မလဲ ဆိုတဲ့ ကိစ္စ အပေါ်မှာတော့ ရှုမြင် မြော်မြင်ပုံတွေ ကွဲလွဲနေကြတယ်လို့လည်း ဦးမင်ဇင်က ပြောပါတယ်။
လတ်တလောမှာပဲ NCA လက်မှတ်ထိုး အဖွဲ့ အပစ်ရပ်တွေထဲ အင်အားကြီး အဖွဲ့ဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ လက်နက်ကိုင် စစ်တပ်ဖြစ်တဲ့ KNLA က ၂၁ ပင်လုံ အစည်းအဝေးတွေ ရွှေ့ဆိုင်း ပေးသင့်တယ် ဆိုပြီး တိုက်တွန်းထားပါတယ်။









