ဘက်စုံကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ဘက်စုံကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေသူ အားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
အစိုးရအနေနဲ့ လာမဲ့ ၂၀၁၈ ခုနစ်အတွင်း ဖက်ဒရယ် အခြေခံ ဥပဒေရဲ့ အခြေခံတွေချမှတ်နိုင်ရေး ရည်မှန်းထားတာ ဖြစ်တယ်လို့ နေပြည်တော်မှာ ဒီကနေ့ ( အောက်တိုဘာလ ၃၀ ရက် ) ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးဟာ နိုင်ငံရေး သဘောတူညီချက် ရရှိမှုအပေါ်မူတည်နေတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်ဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့ အားလုံးပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
၂၀၁၈ ခုနစ်အတွင်းမှာ ဖက်ဒရာယ် အခြေခံမူတွေ ချမှတ်နိုင်ရေးအတွက် ရည်မှန်းထားတယ်လို့ ပြောပေမဲ့လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ အတွက်ကတော့ အချိန်လုံလောက်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
နေပြည်တော်မှာ ၂ ရက်တာ ကျင်းပမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC ) ရဲ့ ၁၂ ကြိမ်မြောက်အစည်းအဝေးမှာ ၂၁ ရာစုပင်လုံညီလာခံရဲ့တတိယအကြိမ်မှာဆွေး နွေးမဲ့ခေါင်းစဉ်တွေသတ်မှတ်ဖို့၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ များကျင်းပရေးနဲ ့ ကျင်းပမည့်နေရာ ကျင်းပမယ့် ပုံစံ တို့ပါဝင်ပါတယ်။ ဒါ့အပြင် ၂၁ ရာစုပင်လုံညီလာခံ ရဲ့ဒုတိယအကြိမ်အစည်းအဝေးမှာ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ( ၁ ) အားပြည်ထောင်စု လွှတ်တော်သို ့တင်သွင်းရန် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘာင်နဲ့ လုပ်ငန်းလမ်းညွန်တွေ ပြန်လည်သုံးသပ်ရေး တို့ကိုဆွေးနွေးမှာကြမှာ ဖြစ်ပါတယ်။
အစည်းအဝေးကို ၂ ရက်တာကျင်းပဖို့ သတ်မှတ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်တွေဖက်ကတော့ NCA လက်မှတ်ရေးထိုးထားပြီး အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမကျင်းပရသေးတဲ့ဒေသတွေမှာ ကျင်းပပေးဖို ့ဆွေးနွေးနေပါတယ်။
၂၁ ပင်လုံ ဒုတိယ အကြိမ်က ရလာဒ်တွေကို အတည်ပြုဖို့ ဆိုတဲ့ ကိစ္စကတော့ အစည်းအဝေးအတွင်း အကြိတ်အနယ်ဆွေးနွေးနေရတဲ့ အချက်ဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်သူအချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၁ ပင်လုံ ဒုတိယ အကြိမ်မှာ အတည်ပြုခဲ့တဲ့ သဘောတူညီချက် ၃၇ ချက်ဟာ ညီလာခံတက်တဲ့ အစုအဖွဲ့တွေအလိုက် အားလုံး သဘောတူညီချက်မပါပဲ အစုအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ရဲ့ သဘောနဲ့သာ အတည်ပြုခဲ့တယ်ဆိုပြီး ရှမ်းလက်နက်ကိုင် နဲ့ နိုင်ငံရေးပါတီအချို့က ထောက်ပြဝေဖန်မှုတွေ ထားကြတာပါ။
အဲဒီ ဒုတိယ အကြိမ်ညီလာခံမတိုင်ခင်တုန်းက အကြိုအစည်းအဝေးတွေမှာတော့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို အတည်မပြုနိုင်သေးတဲ့အတွက် အားလုံး သဘောတူမှ အတည်ပြုမယ်လို့ သဘောတူထားခဲ့တာဖြစ်ပါတယ်။
လေ့လာသူတွေကတော့ အန်စီအေ အပစ်ရပ်စာချုပ်အရ လုပ်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ မပြီးပြတ်သေးသလို ရလာတဲ့ တစိတ်တပိုင်း ရလာဒ်တွေကို လွှတ်တော်မှာ အလျင်စလို အတည်ပြုဖို့ ကြိုးစားနေတာဟာ အန်စီအေ စာချုပ်ပါ ပြဌာန်းချက် အကောင်ထည်ဖော်မှုနဲ့ ဥပဒေကြောင်းအရပါ မေးခွန်းထုတ်စရာရှိတဲ့အပြင် အငြင်းပွားစရာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။
ရှမ်း ၊ ရခိုင် စတဲ့ ဒေသတွေမှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ရသေးတဲ့ အတွက် ဒေသခံတွေရဲ့ သဘောဆန္ဒမပါဝင်သလို အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး မလုပ်ရသေးတဲ့ အဖွဲ့တွေလည်း ရှိနေချိန်မှာ ခုလို လွှတ်တော်မှာ အမြန်အတည်ပြုဖို့ ကြိုးစားတာဟာ အစိုးရ- တပ်မတော်ဘက်က တဘက်သတ်ဖိအားပေးနေတဲ့ သဘောသက်ရောက်သွားနိုင်တယ်လို့ မူဝါဒရေးရာနဲ့ မဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ မြန်မာကွာတာလီ မဂ္ဂဇင်း အယ်ဒီတာ ကိုနေထွန်းနိုင်က သုံးသပ်ပါတယ်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို ညီလာခံက တံခါးဖွင့်ကြိုဆိုနေပြီး လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေပါဝင်လာဖို့ UPDJC က ကြိုးပမ်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
နေပြည်တော်မှာ ကျင်းပနေတဲ့ UPDJC အစည်းဝေးကို အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်နေပါတယ်။








