မတ်လ ၁၆ရက် ထိပ်တန်းသတင်းများ - ရွေးကောက်ခံအမတ်တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှု နိုင်ငံတကာပါလီမန်များညီလာခံမှာတင်ပြခဲ့

ရေးသားခဲ့သည်။

မတ်လ ၁၁ရက်ကနေ ၁၅ရက်နေ့အထိ ၅ရက်ကြာ ဘာရိန်းနိုင်ငံ၊ မနားမားမြို့မှာ ကျင်းပတဲ့ (၁၄၆) ကြိမ် မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဒေါက်တာဝင်းမြင့်အေးဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က လေ့လာသူအဖြစ် တက်ရောက်နေတာပါ။

မတ်လ ၁၄ရက်နေ့မှာတော့ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲကနေ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၅ ဦးအား ဥပဒေမဲ့ ဖမ်းဆီးခဲ့ပြီး အခုအချိန်အထိ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၈၇) ဦးလည်း ဖမ်းဆီးခံထားရဆဲ အကြောင်း နိုင်ငံတကာပါလီမန်များအစည်းအဝေးမှာ တင်ပြခဲ့တယ်လို့သိရပါတယ်။

မတရားဖမ်းဆီးခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များတွေရဲ့ အခြေအနေတွေ၊ မိသားစုဝင်တွေ၊ ဆွေမျိုးတွေအပေါ် ခြိမ်းခြောက်ဖမ်းဆီးတာ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးသိမ်းယူတာ၊ ဖမ်းဆီးပြီးနောက် လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း အပါအဝင် တိမ်းရှောင်နေစဉ်အတွင်း ဆေးကုသမှုအခက်အခဲကြောင့် သေဆုံးခဲ့ကြသူ တွေစတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလည်း နိုင်ငံတကာပါလီမန်များညီလာခံမှာ မြန်မာကိုယ် စားလှယ်အဖွဲ့က တင်ပြခဲ့ပါတယ်။

အဲဒါအပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က မတ်လ ၁၅ရက်နေ့မှာတော့ ကိုရီးယား၊ ပြင်သစ်၊ ဆွီဒင်၊ အရှေ့တီမောနဲ့ အင်ဒိုနီးရှား လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ အ‌ခြေအနေ တွေကို ရှင်းလင်းပြောဆိုခဲ့သလို ဆက်လက်နှစ်ဖက်ပူးပေါင်းလုပ်ဆောင်နိုင်ရေးတွေကိုလည်း ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

CNO/CNDF တပ်ဖွဲ့ဝင် ၂ဦး ရွှေဘိုနဲ့ ဘုတလင်ကြား ပစ်ခတ်ခံရပြီး သေဆုံးခဲ့

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ရဲ့ တပ်ဖွဲ့ဝင် ၂ဦး ဖြစ်တဲ့ ဆလိုင်းဟာခွီအွမ် ခေါ် ဇာနည်အောင် နဲ့ ဆလိုင်းဒေးဗစ် လာလ်ထန်လျန် တို့နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရမိသွားပြီးနောက် သတ်ဖြတ်ခံခဲ့ ရတယ်လို့ CNO/CNDF က မတ်လ ၁၅ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

‌ရွှေဘိုနဲ့ ဘုတလင်းမြို့နယ်ကြား ဆက်သွယ်ရေးလမ်းမပေါ် တနေရာမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ CNO/CNDF တပ်ဖွဲ့ဝင် ၃ ဦးထဲက အဲဒီ ၂နှစ်ကို စစ်တပ်က သတင်းရရှိပြီး ပိတ်ဆို့ပစ်ခတ်ခဲ့တာလို့ CNO/CNDF ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်းက ဘီဘီစီကိုပြောပါတယ်။

CNO/CNDF တာဝန်ထမ်းဆောင်ပြီး ပြန်လာသူ ၃ဦးထဲမှာ ၁ဦးကတော့ ဖြစ်စဥ်မတိုင်ခင်က အခြားနေရာ တစ်ခုကို သွားရောက်ခဲ့တာကြောင့် လွတ်မြောက်ခဲ့တာလို့သိရပါတယ်။

“ကျွန်တော်တို့ CNO/CNDF ရွှေဘိုနဲ့ ဘုတလင်ကြားမှာ မစ်ရှင်တစ်ခုတာဝန်ထမ်းဆောင်ပြီး ပြန်လာတာ၊ ဇရပ်တခုမှာနားနေချိန်မှာ ဘယ်လိုသတင်းရသွားတယ်ဆိုတာတော့မသိသေးဘူး။ အဲဒီမှာဝိုင်းပြီး ပစ်ခံရတာ” လို့ ဆလိုင်းကျုံးငိုင်းက ဘီဘီစီကိုပြောပါတယ်။

ဖြစ်စဥ်ရဲ့ အခြားအသေးစိတ်အကြောင်းအရာနဲ့ သတင်းပေါက်ကြားမှုရှိမရှိစတဲ့ အကြောင်းအရာတွေကို ထပ်မံစုံစမ်းတာတွေကိုလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ရွာမီးရှို့ခံရချိန် သက်ကြီးရွယ်အိုလင်မယားနဲ့ လေဖြတ်နေသူအဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးအမြန်လမ်းဘေး၊ မုံရွာမြို့နယ်ထဲက ထနောင်းတောတောင်ရွာမီးရှို့ခံရချိန်၊ အိမ်သာအတွင်း ပိတ်မိပြီး အသက် ၇၀ကျော်အရွယ် အဘိုး၊အဘွားနှစ်ဦးနဲ့ အခြား အသက် ၇၀ကျော် လေဖြတ်နေတဲ့ အဘိုးအိုတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ကယ်ထုတ်ဖို့ကြိုးစားခဲ့သူတွေထံကသိရပါတယ်။

ထနောင်းတောတောင်ရွာကို မတ်လ ၁၅ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ပြီးနောက် မီးရှို့ခဲ့တာလို့ မီးရှို့ခံရမှုကိုသိရှိကြတဲ့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

မနက် ၆နာရီလောက်မှာ ရွာအနီးက စက်သုံးဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ် ဖောက်ပြီး ထနောင်းတောတောင်ရွာကို ဝင်ရောက်လာတာလို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနောက် မနက် ၇နာရီမှာ ကျေးရွာရဲ့ အရှေ့ပိုင်းကအိမ်တွေကို မီးရှို့ခဲ့တာလို့ ပြောကြပါတယ်။

နေ့လယ် ၁၁နာရီမှာတော့ ထနောင်းတောတောင်ရွာအနီးက တောပုမြောက်ပိုင်း အရပ်အခေါ် ပျူကျေးရွာကို ဝင်သွားကာ အဲဒီကတစ်ဆင့် ဆိုင်ကယ်၁၅စီးနဲ့ သူတို့တပ်စွဲထားတဲ့ စက်သုံးဆီဆိုင်ကိုပြန်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်သားတွေ ပြန်ထွက် သွားချိန်မှာ ထွက်ပြေးခဲ့ကြတဲ့ဒေသခံတွေက ရွာအတွင်း မီးငြိမ်းသတ် တာတွေကိုလုပ်ဆောင်ချိန် အခုလို ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို တွေ့ရှိခဲ့တာလို့သိရပါတယ်။

သူတို့ကို ကယ်ထုတ်နေချိန်မှာ စစ်တပ်ပြန်ဝင်လာတယ်ဆိုတဲ့ သတင်းကြောင့် အိမ်သာတွင်းပိတ်မိနေသူ ၂ဦးကိုသာ ထုတ်ယူနိုင်ခဲ့ပြီး အသက်ကယ်ဆယ်ရေးလုပ်ပေးချိန်မှာတော့ သေဆုံးနေခဲ့ပြီလို့ ကယ်ထုတ်ရာမှာ ပါဝင်သူ တွေက ဘီဘီစီကိုပြောပါတယ်။

နောက်ထပ် လေဖြတ်နေတဲ့ အသက် ၇၀ ကျော်အဖိုးအိုကတော့ စစ်တပ်ပြန်ဝင်လာတယ်ဆိုတဲ့အတွက် အားလုံး ရွာအတွင်းကနေ ပြန်ထွက်ပြီးနောက်၊ စစ်တပ်မရှိတော့တဲ့သတင်းထပ်မံရရှိတဲ့နောက်မှ သေဆုံးနေ တာကို တွေ့ရှိခဲ့ရတာလို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့မှုကြောင့် နေအိမ် ၅၉လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ မတ်လ ၁၆ရက်နေ့ မနက်ပိုင်းအထိ စာရင်းတွေအရသိရပါတယ်။ ဒါကြောင့်နေအိမ်တွေဆုံးရှုံးသွားတဲ့ ဒေသခံတွေအတွက် နေထိုင်ရေးနဲ့၊ စားရေးအခက်အခဲတွေလည်းရှိလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ထနောင်းတောတောင်ရွာထဲကို ဝင်ရောက်ခဲ့တဲ့အကြောင်းအရာနဲ့ မီးရှို့ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ တစုံတရာထုတ်ပြောတာမျိုးမရှိသေးပါဘူး။

မန္တ‌လေးက ဒေသကာကွယ်ရေးအဖွဲ့ဝင် ၅ယောက်နဲ့ အရပ်သား ၂ယောက် ဖမ်းခံရ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၅ယောက်နဲ့ အရပ်သား ၂ယောက်ကို စစ်ကောင်စီအဖွဲ့က မတ်လ ၁၄ရက် ည၉နာရီခန့်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ နယ်မြေ သတင်းပေးဒေသခံတစ်ဦး ဦးဆောင်ပြီး ကျေးရွာထိပ်ကို ပိတ်ကာ မီးဖျက်ပြီး ဝင်ရောက်ဖမ်းဆီးတာလို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူထဲမှာ ဒုဌဝတီတော်လှန်ရေးအင်အားစု facebook page ပြန်ကြားရေးတာဝန်ခံပါ ဖမ်းဆီးခံရမှုကို သိရှိသူတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ မန္တလေးမြို့တွင်း အဖမ်းခံရတဲ့ ယူဂျီတွေရှိခဲ့သလို ဖမ်းခံရပြီး ချိန်ကစလို့ အခုချိန်ထိ သတင်းအစအနမကြားရတော့ဘဲ ပျောက်နေတာမျိုးတွေရှိခဲ့ပါတယ်။

ဒါကြောင့်အခုလိုအလားတူ အဖမ်းခံရသူတွေအတွက်လဲ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် စိုးရိမ်ရ နေရတယ်လို့ ဖမ်းခံရတဲ့အဖွဲ့တွေဘက်က ပြောကြပါတယ်။

“အခုအခါ မန္တလေးမြို့တွင်း စစ်ကောင်စီထောက်တိုင်တွေ ဖယ်ရှားရာမှာ ပြည်သူတွေ ပူးပေါင်းပါဝင်မှု အားနည်းတာနဲ့ လက်နက်အင်အား အခက်ခဲတွေ ရှိလာလို့ တချို့ယူဂျီတွေက မြို့ပြင်ထွက် လှုပ်ရှားမှုတွေ ရှိသလို တချို့အဖွဲ့တွေက မြို့တွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးကို အရှိန်ဟုန်မြှင့် လုပ်နိုင်ဖို့ ပြင်ဆင်ထားတယ်”

၂၀၂၂ခုနှစ် နိုဝင်ဘာကနေ ဒီနှစ် ဇန်နဝါရီလအထိ မန္တလေးမြို့က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို မြို့တွင်း သွားလာနေချိန်၊ ဆေးကုသနေချိန်တွေအပြင် စိစစ်ဖမ်းဆီးမှုတွေကြောင့် ကာကွယ်ရေးအဖွဲ့ဝင် ၄၀ လောက် အဖမ်းခံထားရတယ်လို့ သိရပါတယ်။

မန္တလေးမြို့တွင်း စစ်အာဏာသိမ်း တော်လှန်ရေး တပ်ဖွဲ့နဲ့ မြို့နေ အရပ်သားပြည်သူတွေရဲ့ မြေပြင် ဖမ်းဆီးခံရမှုတွေ စစ်တမ်းကောက်ယူတဲ့ voice of mandalay အဖွဲ့စည်း ထုတ်ပြန်ချက်အရ ၂၀၂၂ခုနှစ်အတွင်း ဖမ်းဆီးခံရသူပေါင်း ၁၂၆၇ ဦးရှိပြီး သေဆုံးသူ ၂၂ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ရရှိတဲ့စာရင်းသာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။