ရုရှားက ဟန်ဂေရီမှာ နျူးကလီးယား ဓာတ်ပေါင်းဖို ဆောက်မယ်

ရေးသားခဲ့သည်။

ရုရှားရဲ့ နျူကလီးယား ကုမ္ပဏီကြီးဖြစ်တဲ့ Rosatom ဟာ ဟန်ဂေရီနိုင်ငံမှာ လာမယ့် ရက်သတ္တပတ်တွေ အတွင်း နျူကလီးယားဓာတ်ပေါင်းဖို နှစ်ခု ဆောက်လုပ်မှာ ဖြစ်တယ်လို့ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီယားတိုးက ပြောပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဟန်ဂေရီနဲ့ ရုရှားတို့ဟာ အခုလို ဆောက်လုပ်ဖို့ ၂၀၁၄ ခုနှစ်ကတည်းက သဘောတူခဲ့တာ ဖြစ်ပြီး ဟန်ဂေရီက ရှိပြီးသား Pak နျူကလီးယားစက်ရုံကို တိုးချဲ့ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်တာတွေ ရှိပေမယ့် ရုရှားရဲ့ နျူးကလီးယားကဏ္ဍကတဲ့ အခုလို ပိတ်ပင်တဲ့အထဲမှာ မပါဝင်ပါဘူး။

ယူကရိန်းကို ကျူးကျော်စစ်ကြောင့် ရုရှားကို ဝိုင်းကြဉ်ကြဖို့ ဥရောပသမဂ္ဂက လုပ်ဆောင်မှုတွေမှာ ပါဝင်ဖို့နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရုရှားက တင်ပို့မှုတွေကို စီးပွားရေးဒဏ်ခတ်ဖို့ ကိစ္စတွေမှာ ဟန်ဂေရီက ချွင်းချက်မရှိ မထောက်ခံတဲ့ ရပ်တည်ချက် ရှိထားတာ ဖြစ်ပါတယ်။ အခုလို ရုရှားက နျူးကလီးယား ဓာတ်ပေါင်းဖို တိုးချဲ့ပေးမယ့် Pak နျူကလီးယားစက်ရုံဟာ လက်ရှိအနေအထားမှာ ဟန်ဂေရီနိုင်ငံ လျှပ်စစ်ထုတ်လုပ်မှုရဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိ Pak နျူကလီးယားစက်ရုံမှာ ဆိုဗီယက်ပြည်ထောင်စု လက်ထက်က ဆောက်လုပ်ခဲ့တဲ့ နျူကလီးယား ဓာတ်ပေါင်းဖို လေးခု ရှိနေပြီး အခုလို နောက်တိုးဆောက်လုပ်မှုကြောင့် စွမ်းအင်ထုတ်လုပ်နိုင်အား နှစ်ဆကျော် အထိ တိုးတက်လာမှာ ဖြစ်ပါတယ်။

အခုလို နျူကလီးယားစက်ရုံ တိုးချဲ့ ဆောက်လုပ်မယ့် ကိစ္စဟာ ကြီးမားအရေးပါတဲ့ သမိုင်းဝင်ခြေလှမ်းတရပ် ဖြစ်တယ်လို့ မစ္စတာ ဆီယားတိုးက ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားပါတယ်။ အခုလို ဆောက်လုပ်နိုင်ခြင်းဟာ ဟန်ဂေရီရဲ့ ရေရှည် စွမ်းအင်လုံခြုံရေးကို အာမခံပေးနိုင်မှာဖြစ်ပြီး စွမ်းအင်ဈေးနှုန်း အလွန်အမင်း အတက်အကျများတဲ့ ဒဏ်ကိုလည်း ဟန်ဂေရီနိုင်ငံသားတွေ ခံနိုင်ရည်ရှိစေမှာ ဖြစ်တယ်လို့လည်း မစ္စတာ ဆီယားတိုးက ပြောဆိုခဲ့ပါတယ်။ ယူရိုငွေ ၁၂.၅ ဘီလျံ ကုန်ကျမယ့် ဒီစီမံကိန်းရဲ့ ကုန်ကျစရိတ်အများစုကို ရုရှားက အကုန်အကျခံမှာဖြစ်ပြီး ၂၀၃၀ မတိုင်ခင်မှာ စတင်လည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။ ယူကရိန်းမှာ စစ်ပွဲ ဖြစ်ပွားလာပြီးနောက်ပိုင်းမှာ လက်ရှိ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဟာ စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး ရုရှားအပေါ် မှီခိုနေရတာတွေကို လျှော့ချဖို့ ကြိုးစားနေကြပါတယ်။