ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရာသီဥတုပြောင်းလဲမှု - ဥရောပမှာ စွမ်းအင်စရိတ်တက်ချိန် ရုရှားက ဓာတ်ငွေ့တွေ မီးရှို့ပစ်နေ
ဥရောပတလွှားမှာ စွမ်းအင်သုံးစွဲမှု ဈေးတွေ ထောင်တက်လာနေချိန်မှာ ရုရှားကတော့ သဘာဝဓာတ်ငွေ့အများအပြားကို မီးရှို့ ပစ်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဖင်လန်နဲ့ နယ်စပ်အနီးမှာ ရှိတဲ့ စက်ရုံဆီကနေ တနေ့ကို ဒေါ်လာ ၁၀ သန်းဖိုးလောက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို မီးရှို့ပစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီမီးရှို့ပစ်နေရတဲ့ ဓာတ်ငွေ့တွေဟာ တချိန်က ဂျာမနီကို တင်ပို့နေတာတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ယူကေဆိုင်ရာ ဂျာမနီသံအမတ်ကြီးကတော့ ရုရှားဟာ သူ့ သဘာဝဓာတ်ငွေ့တွေကို ဘယ်ကိုမှ ရောင်းမရတော့တာကြောင့် အခုလို မီးရှို့ပစ်နေရတာ ဖြစ်ကြောင်း ဘီဘီစီကို ပြောပါတယ်။
သိပ္ပံပညာရှင်တွေက အဲဒီက ထွက်လာနေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်တွေနဲ့ အညစ်အကြေးတွေကြောင့် အာတိတ် ရေခဲပြင်အရည်ပျော်နေတဲ့ ဖြစ်စဉ်တွေ ပိုဆိုးလာနိုင်တဲ့ အတွက် စိုးရိမ်နေကြပါတယ်။
Rystad Energy ရဲ့ လေ့လာမှုအရ စိန့်ပီတားဘတ်ဂ်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ပေါ်တိုဗာယာမှာ တည်ထားတဲ့ သဘာဝဓာတ်ငွေ့ရည် စက်ရုံသစ်ဆီကနေ တနေ့ကို သဘာဝဓာတ်ငွေ့ ကုဗမီတာ ၄.၃၄ သန်းလောက်ကို မီးရှို့ပစ်နေတာ ဖြစ်ပါတယ်။
အဲဒီလို တခုခုလွဲချော်နေပြီ ဆိုတာကို စပြီး သတိပြုမိတာကတော့ ဖင်လန်ပြည်သူ တွေဖြစ်ပါတယ်။ ဒီနှစ် နွေရာသီမှာ နယ်စပ်အနီး မိုးကုပ်စက်ဝိုင်းတနေရာမှာ မီးတောက်မီးလျှံကြီးတွေ တက်လာတာကို စမြင် ခဲ့ကြရပါတယ်။
ပေါ်တိုဗာယာဟာ ဂျာမနီကို ဓာတ်ငွေ့တင်သွင်းဖို့ အတွက် ပင်လယ်အောက်က ဖြတ်ပြီး တည်ဆောက်ထားတဲ့ Nord Stream 1 ပိုက်လိုင်းအစ ဓာတ်ငွေ့ ဖိသိပ်တဲ့ စက်ရုံအနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လလယ်ပိုင်းက စပြီး အဲဒီက ဓာတ်ငွေ့ ထုတ်လုပ်တင်ပို့မှုတွေ လျော့ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ရုရှားဘက်ကတော့ ဒါဟာ စက်ချွတ်ယွင်းမှုကြောင့် ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ ဂျာမနီကတော့ ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲပြီးနောက်ပိုင်း ဖြစ်လာတဲ့ နောက်ဆက်တွဲ နိုင်ငံရေး ကစားကွက် တခုသာဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လပိုင်းကစပြီး အဲဒီ စက်ရုံဆီကနေ အပူဓာတ် ထုတ်လွှတ်မှုတွေ တိုးလာနေတာကို လေ့လာသူတွေက သတိပြုမိခဲ့ကြပါတယ်။ ဒါဟာ သဘာဝဓာတ်ငွေ့တွေကို မီးရှို့ပစ်နေတာကနေ ထွက်လာတာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။
ဒီလို သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့ စက်ရုံတွေမှာ စက်မှုနည်းပညာအရ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုအတွက် စသည်ဖြင့် ဓာတ်ငွေ့တွေကို မီးရှို့ပစ်ကြရတာဟာ မဆန်းလှပေမယ့် အခု ရှို့ပစ်နေတဲ့ ပမာဏကတော့ ကျွမ်းကျင်သူတွေကိုပါ တော်တော် အတွေးရခက်သွားစေခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု အိုးဟိုင်းယိုး ပြည်နယ်မှာ ရှိတဲ့ မိုင်ယာမီ တက္ကသိုလ်က ဂြိုဟ်တုက ရရှိတဲ့ အချက်အလက်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျက်ဆီကာ မက္ကာသီကတော့ ဒီလောက်များများ မီးရှို့ပစ်တာမျိုး မမြင်ဖူးသေးဘူးလို့ ပြောပါတယ်။
ဇွန်လပိုင်းမှာ စတွေ့ရတာ မီးတောက်ကြီး စတက်လာတာကို ဇွန်လပိုင်းမှာ စတွေ့ရတယ်။ ခုထက်ထိ မပျောက်သွားသေးဘူး။ အကြီးအကျယ်ကို ဆက်လောင်နေတုန်းပဲလို့ သူက ပြောပါတယ်။
ဓာတ်ငွေ့ မီးလောင်မှုတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးတဲ့ Capterio ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် မာ့ခ်ဒေးဗစ္စကတော့ အခု မီးတောက်ကြီးက မတော်တဆမှုကြောင့် ဖြစ်လာတာ မဟုတ်ဘဲ စက်ရုံလည်ပတ်မှုအတွက် လိုအပ်လို့ စဉ်းစား ဆုံးဖြတ်ပြီး ရှို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ငွေ့ထုတ်လုပ်သူ တွေက စက်ရုံတွေကို ပိတ်ပစ်ဖို့ စို့းရွံ့ တတ်ကြတယ်၊ စက်မှုနည်းပညာပိုင်း အခက်အခဲနဲ့ နောက်တကြော့ ပြန်တည်ဖို့ အကုန်အကျ များတာတွေကြောင့် ဖြစ်တယ်၊ အခု ကိစ္စကလည်း ဒါကြောင့် ဖြစ်နိုင်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။
တချို့ကတော့ Nord Stream 1 ပိုက်လိုင်းက တင်ပို့နေကျ ဖြစ်တဲ့ ဓာတ်ငွေ့ ပမာဏက များလွန်းတာကြောင့် ဒါတွေကို ထိန်းသိမ်းကိုင်တွယ်ဖို့ စက်မှုပိုင်းအရ စိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ရုရှား စွမ်းအင် ကုမ္ပဏီ Gazprom ဟာ စက်ရုံသစ်မှာ ဒီတူးဖော်ထားတဲ့ ဓာတ်ငွေ့တွေကို သဘာဝဓာတ်ငွေ့ရည် အဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ချက် ရှိကောင်း ရှိနိုင်ပေမယ့် ကိုင်တွယ်ဖို့ အခက်အခဲတွေကြောင့် အဆုံးမှာ အလုံခြုံဆုံး နည်းဖြစ်တဲ့ မီးရှို့ပစ်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဒါဟာ ဥရောပက ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကို တုံ့ပြန်တဲ့ ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုတွေကြောင့် ထွက်လာတဲ့ ရလဒ်တခု လည်း ဖြစ်နိုင်ပါတယ်။
ဖင်လန်နိုင်ငံက LUT University ရဲ့ စွမ်းအင် အင်ဂျင်နီယာ ပညာရပ် ဆိုင်ရာ ပါမောက္ခ ဖြစ်သူ Esa Vakkilainen က ဒီလောက်အကြာကြီး လောင်နေတာကို ကြည့်ရင် သူတို့မှာ စက်ပစ္စည်းတွေ မလုံလောက်လို့ လည်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုတွေကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးမှာ လိုအပ်တဲ့ အရည်အသွေးမြင့် အဆို့ရှင်လိုမျိုး ပစ္စည်းတွေ မဝယ်နိုင်တာကြောင့် ဖြစ်မယ်၊ တနေရာရာမှာအဲဒီလို ပစ္စည်း ကိရိယာတွေ ကျိုးပျက်နေပေမယ့် အစားထိုးလို့ မရတာကြောင့် ဖြစ်မယ်လို့ သူက ပြောပါတယ်။
အဲဒီ မီးတောက်ကြီး လောင်ကျွမ်းနေသမျှ နေ့စဉ် နေ့တိုင်း သဘာဝ ပတ်ဝန်းကျင်နဲ့ ဘဏ္ဍာရေးအရ မှာ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
Rystad Energy က Sindre Knutsson က ဘာကြောင့် လောင်နေတာလဲ ဆိုတဲ့ အကြောင်းရင်းကို မသိရပေမယ့် လောင်နေတဲ့ ပမာဏ၊ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေနဲ့ တည်နေရာ တွေကို ကြည့်ရဲ့ ဥရာပရဲ့ စွမ်းအင်ဈေးကွက်ကို ရုရှားက ဘယ်လောက်အထိ လွှမ်းမိုးနေသလဲ ဆိုတာကို သိနိုင်ပါတယ်လို့ ဆိုပါတယ်။
ရုရှားဟာ နေ့ချင်းညချင်း စွမ်းအင်ဈေးတွေ ကျသွားအောင် လုပ်ပစ်နိုင်တယ်ဆိုတာကို ပြသနေတာ၊ ဒီ လောင်နေတဲ့ ဓာတ်ငွေ့တွေဟာ Nord Stream 1 ပိုက်လိုင်း ဒါမှမဟုတ် တခြားတခုခုကနေ တင်ပို့ပေးနေတဲ့ ဓာတ်ငွေ့တွေပါလို့ သူက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါ တွေကြောင့် ချထားတဲ့ လော့ခ်ဒေါင်း စည်းကမ်းတွေ လျှော့ပေးလိုက်တဲ့ နောက်ပိုင်း ကမ္ဘာ့စီးပွားရေးတွေ ပုံမှန်အတိုင်း ပြန်လည် လည်ပတ် လာခဲ့ပြီးနောက်မှာ စွမ်းအင်ဈေးတွေ သိသိသာသာကြီး တက်သွားခဲ့ပါတယ်။
လုပ်ငန်းခွင်၊ စက်ရုံအလုပ်ရုံတွေနဲ့ အပမ်းဖြေလုပ်ငန်းတွေမှာ တပြိုင်တည်းလိုလို စွမ်းအင်လုပ်အပ်ချက်တွေ တက်သွားခဲ့တာကြောင့် စွမ်းအင်ထုတ်လုပ်သူတွေဆီမှာလည်း ဖိအားတွေ တိုးလာခဲ့ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလက ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ နောက်ပိုင်း ဈေးနှုန်းတွေ ထပ်ပြီး တက်လာခဲ့ပါတယ်။ ဥရောပ အစိုးရတွေက ရုရှားက စွမ်းအင်တင်သွင်းမှုတွေ လျှော့ချပစ်ဖို့ နည်းလမ်းတွေ ရှာခဲ့ကြပါတယ်။ အရင်က အီးယူအတွင်း သုံးစွဲနေတဲ့ ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းကို ရုရှားကနေ တင်သွင်းနေကြတာ ဖြစ်ပါတယ်။
တခြား ဓာတ်ငွေ့ ဝယ်ယူနိုင်တဲ့ နေရာတွေက ဓာတ်ငွေ့ဈေးတွေလည်း တက်သွားခဲ့တာကြောင့် ဂျာမနီနဲ့ စပိန်လို့ ဥရောပ နိုင်ငံတချို့မှာ စွမ်းအင် ချွေတာရေး အစီအမံတွေကိုပါ ချမှတ်ဖော်ဆောင်လာနေရပါတယ်။
အခုမီးတောက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာမှာကိုလည်း သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ လေ့လာသူတွေရဲ့ အဆိုအရ အခု ဒီဓာတ်ငွေ့တွေမှာ အဓိက ပါဝင်တဲ့ မီသိန်းဓာတ်ဟာ ရာသီဥတု ပူနွေးလာမှုကို ဖြစ်စေတဲ့ အင်မတန် အစွမ်းထက်တဲ့ ဓာတု ပစ္စည်း ဖြစ်ပါတယ်။ ဒါကို ဒီအတိုင်း ထုတ်လွှတ်တာထက် စာရင် မီးရှို့ပစ်တာက အများကြီး တော်သေးတယ်လို့ ဆိုကြပါတယ်။
ရုရှားဟာ ဓာတ်ငွေ့တွေကို မီးရှို့ပစ်တတ်တဲ့ နောက်ကြောင်းရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်က ပြောပါတယ်။ ဓာတ်ငွေ့ မီးရှို့မှုနဲ့ ပတ်သက်ရင်ကမ္ဘာ့နံပါတ် ၁ နိုင်ငံဖြစ်ပါတယ်။
အဲဒီကနေ တနေ့ကို ကာဘွန်ဒိုင် အောက်ဆိုက်ဒ် တန်ချိန် ၉၀၀၀ လောက် ထွက်နေတာအပြင် တခြား ကြီးမားတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။ သဘာဝ ဓာတ်ငွေ့လို လောင်စာတွေ လောင်ကျွမ်းတဲ့ အခါမှာ ကာဘွန်နက် လို့ ခေါ်ကြတဲ့ ကျပ်ခိုးမှုန်တွေ ထွက်လာပါတယ်။
ကနေဒါနိုင်ငံက Carleton University က ပါမောက္ခ မက်သျူး ဂျွန်ဆင်က ဒီလို အာတိတ် ဒေသမှာ ဓာတ်ငွေ့ မီးရှို့ရာက ထွက်လာတဲ့ ကာဘွန်နက်တွေ နှင်းနဲ့ ရေခဲတွေပေါ်မှာ သွားတင်တဲ့ အခါမှာ ရေခဲအရည်ပျော်နှုန်းကို ပိုမြန်လာစေတာကြောင့် စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။
အာတိတ်ဒေသမှာ ကာဘွန်နက်အမှုန်တွေ များလာတာနဲ့ ပတ်သက်လို့ ဒီလို ဓာတ်ငွေ့ မီးရှို့မှုတွေက အဓိက အကြောင်းရင်းဖြစ်တယ်လို့ တချို့က သတ်မှတ်ထားကြပြီး ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ဒေသတွင်းမှာ အခုလို ဓာတ်ငွေ့မီးရှို့မှုတွေ ထပ်တိုးလာတမျိုးဟာ မဖြစ်သင့်ဘူးလို့ ပါမောက္ခ မက်သျူး ဂျွန်ဆင်က ဆိုပါတယ်။